အစွန်းရောက် အမျိုးသားရေးဝါဒီတစ်ဦးအဖြစ် လူသိများသော ဆရာတော်ဦးဝီရသူ၏ အားအကိုးရဆုံး တပည့်တစ်ဦးဖြစ်သူ မောင်တောမြို့နယ်မှ ပြည်သူ့စစ်ခေါင်းဆောင်ဟောင်းတစ်ဦးကို ရက္ခိုင့်တပ်တော်(AA)က ဇူလိုင်လ ၉ ရက်နေ့တွင် ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း MPA က စုံစမ်းသိရှိရသည်။
အဆိုပါဖမ်းဆီးခံရသူမှာ ၂၀၁၇ ခုနှစ်က မောင်တောဒေသက ရိုဟင်ဂျာများအား နယ်မြေရှင်းလင်းချိန်တွင် အကြမ်းဖက်စစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်မှ လက်နက်တပ်ဆင်ပေးခဲ့သည့် မောင်တောမြို့နယ်မြောက်ပိုင်းမှ ပြည်သူ့စစ်ခေါင်းဆောင်ဟောင်းတစ်ဦး ဖြစ်ခဲ့ဖူးသူ ဦးထွန်းမြတ်ဦးဖြစ်သည်။
” သူက နယ်ခြားစောင့်တွေ၊ စစ်သားတွေနဲ့ ပိုနီးစပ်သလို ဘုန်းကြီးတွေနဲ့လည်း အနေနီးပါတယ်။ သူက ဒီဆိပ်ကမ်းမှာလည်း ဟိုလုပ်သလို ဒီလုပ်သလိုလိုပါ။ အေအေက ဖမ်းသွားတာဟုတ်ပါတယ် ” ဟု ရသေ့တောင်မြို့နယ်၊ အငူမော်ဆိပ်ကမ်းမှ စျေးဆိုင်ရောင်းချနေသူတစ်ဦးက MPAသို့ပြောသည်။
ထိုသူကို ရသေ့တောင်မြို့နယ်၊ အငူမော်ဆိပ်ကမ်း၌ ဇူလိုင်လ ၉ ရက်နေ့တွင် ရက္ခိုင့်တပ်တော်(AA)က ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သတင်းထွက်ပေါ်မှုနှင့် ပတ်သက်ပြီး မိသားစုဝင်များကို MPA က ဆက်သွယ်ခဲ့သော်လည်း ဖုန်းစက်ပိတ်ထားသဖြင့် အဆက်အသွယ်မရရှိသေးပေ။
ထိုသူမှာ မီးရှို့ဖျက်ဆီးခံထားရသည့် မောင်တောမြို့နယ်တောင်ပိုင်းရှိ ရိုဟင်ဂျာကျေးရွာများတွင် အစိုးရခွင့်မပြုဘဲ အတင်းအဓမ္မ ကျူးကျော်ကာ ရွာသစ်တည်နေထိုင်နေသဖြင့် NLD အစိုးရက၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၉ ရက်နေ့တွင် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က)ဖြင့် ထောင်ဒဏ် ၆ လ ချမှတ်ခဲ့ဖူးသည်။
” သူ့ကို ဖမ်းဆီးထားတဲ့ သတင်းအတိအကျက ကျွန်တော့ဆီတော့ရောက်သေးပါဘူး။ ရုံးချုပ်ကိုမေးပြီးမှ ပြန်ပြောလို့ရပါမယ် ” ဟု ရက္ခိုင့်တပ်တော်(AA)၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက MPA သို့ပြောသည်။
ထိုသူကို ၂၀၁၈ ခုနှစ်က ဖမ်းဆီးခဲ့စဉ်၄င်း၏နေအိမ်တွင် သေနတ်၊ လက်ပစ်ဗုံး၊ ဓါးရှည်များနှင့် ပြည်သူ့စစ်ဝတ်စုံအများအပြား သိမ်းဆည်းရရှိခဲ့သော်လည်း အကြမ်းဖက်စစ်တပ်က ၄င်းအား ထောင်၆လ အချပြပြီး ပြန်လွှတ်ပေးခဲ့သည်။
” သူက ၂၀၁၂ခုနှစ် ပဋိပက္ခနောက်ပိုင်း ဦးဝီရသူနဲ့ ရခိုင်ကိုစရောက်လာတာပါ။ သူ့အဖေက ခင်ညွှန့်အဖွဲ့ရဲ့ ထောက်လှမ်းရေးက။ သူအမေက ဗမာ၊ အဖေကရခိုင်။ သူ့အဖေက ထောက်လှမ်းရေးပြုတ်။ အမျိုး သားရေးအကြောင်းပြပြီး ရခိုင်ကို ပြန်ရောက်နေတာ ” ဟု မောင်တောဒေသခံတစ်ဦးက ပြောသည်။
အဆိုပါ ထွန်းမြင့်ဦးဆိုသူသည် အမျိုးသားရေးအစွန်းရောက်ဆရာတော် ဦးဝီရသူနှင့်အတူ ရိုဟင်ဂျာဆန့်ကျင်ရေးများ ဦးဆောင်ပြုလုပ်ခဲ့သည့် နေမျိုးဝေ၏ ငြိမ်းချမ်းရေးနှင့် မတူကွဲပြားခြင်းပါတီ (PDP)မှ ဗဟိုကော်မတီဝင်တစ်ဦးဖြစ်ကြောင်း MPA ကစုံစမ်းသိရှိရသည်။
၄င်း ထွန်းမြင့်ဦးဆိုသူသည် ၂၀၁၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲတွင်( PDP)ကိုယ်စားပြုပြီး ဧရာဝတီတိုင်း ၊ကျုံပျော်မြို့နယ်မှ ပြည်သူ့လွတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြောင်းလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ မှတ်တမ်းများအရ သိရသည်။
” သူအဖေရော သူပါ မဘသနဲ့ရော စစ်တပ်နဲ့ပါ ပိုနီးသလို၊ ရခိုင်က ရိုဟင်ဂျာဆန့်ကျင်ရေး လုပ်နေသူတွေနဲ့လည်း လက်တွဲလုပ်ခဲ့တာပါ။ သူတို့သားအဖ နှစ်ယောက်စလုံးက ရခိုင်ပြည်အတွက် ပြဿနာရှိပါတယ်။ ခု စကစဖက်က ကျားချေ(ဦးသန်းထွန်း)တို့နဲ့လည်း အရင်ကတည်းက ရင်းနှီးတဲ့ ဆက်ဆံရေးတွေရှိပါတယ် ” ဟု ရခိုင်အရပ်ဖက်အဖွဲ့တစ်ခုက MPA သို့ ရှင်းပြသည်။
ဦးထွန်းမြင့်ဦးကို မကွေးတိုင်း ၊ ပခုက္ကူမြို့ နယ်တွင် ၁၉၇၃ ခုနှစ်က မွေးဖွားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး၊ အမျိုးသားမှတ်ပုံတင်ကတ်ပြားကို ကိုင်ဆောင်ထားကာ ၂၀၁၇ ခုနှစ်၊ မောင်တောဒေသ ရိုဟင်ဂျာနယ်မြေရှင်းလင်းရေးကတည်းက မိသားစုနှင့်အတူ မောင်တောတွင် အခြေချနေထိုင်ကြောင်း MPA က စုံစမ်းသိရှိရသည်။
” သူက စိုးထွန်းရှိန်ရဲ့ မောင်တောက စီးပွားရေးလုပ်ငန်းတချို့ကိုလည်း ဦးဆောင်လုပ်ခဲ့ဖူးသလို မောင်တောမြောက်ပိုင်းက ရခိုင်ကလူနည်းစု ပြည်သူ့စစ်တွေရဲ့ ခေါင်းဆောင်တစ်ဦးပါ။ ရခိုင်မှာ အေအေနဲ့ စစ်ဖြစ်ပြီးနောက်ပိုင်းမှ နည်းနည်းငြိမ်သွားတာပါ ” ဟု မောင်တောဒေသခံတစ်ဦးက MPA သို့ဆိုသည်။
ထို့အပြင် အဆိုပါ ဦးထွန်းမြင့်ဦးမှာ မြန်မာအမျိုးသားကွန်ရက်(MNN)၊ မဘသအပါအဝင် ရိုဟင်ဂျာဆန့်ကျင်ရေး အဖွဲ့အစည်းများနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးကို တားဆီးထားသည့် အခြေခံဥပဒေပုဒ်မ ၅၉(စ) ထောက်ခံသည့် အခမ်းအနားများတွင်လည်း တက်ကြွစွာပါဝင်ခဲ့ကြောင်း MPA ကစုံစမ်းသိရှိရသည်။
၄င်းသည် ၂၀၂၀ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲတွင် မောင်တောမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ရန် ကြိုးစားခဲ့ပြီး အကြမ်းဖက်စစ်တပ်၏ ရိုဟင်ဂျာဆန့်ကျင်ရေး လှုပ်ရှားမှုများနှင့် ရိုဟင်ဂျာများ ပြန်လည်လက်ခံရေးတွင် မူလကျေးရွာများအတွင်း နေရာမချထားပေးရေးအတွက် မောင်တောဒေသတွင် ဦးဆောင်လှုပ်ရှားနေသူတစ်ဦးလည်းဖြစ်သည်။