By MPA 004
အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်အနေဖြင့် အာဏာသိမ်းပြီးနောက်ပိုင်း ရုရှားနိုင်ငံသို့ သုံးကြိမ်မြောက် ရောက်ရှိနေချိန်တွင် ရုရှားသမ္မတ ပူတင်နှင့် ပထမဆုံးအကြိမ် တွေ့ဆုံခွင့်ရခဲ့၍ ပျော်ရွှင်ကျေနပ်လျက်ရှိနေသည်။
မင်းအောင်လှိုင်သည် ယခုလ ၅ ရက်မှ ၈ ရက်နေ့အထိ ရုရှားနိုင်ငံတွင် ကျင်းပနေသော စီးပွားရေးဖိုရိမ်သို့ တက်ရောက်နေခြင်းလည်းဖြစ်သည်။ မြန်မာ အကြမ်းဖက်စစ်ခေါင်းဆောင်က အရေးတယူသွားရောက်ခဲ့သည့် ယင်းဖိုရမ်တွင် နိုင်ငံတကာမှ အထင်ကရ ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ခြင်း မရှိကြောင်း သိရှိရသည်။
ဆိုရှယ်မီဒီယာများတွင် တွေ့မြင်ရသည့် ဗီဒီယိုများအရ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်အနေဖြင့် ၎င်းကို ရုရှားသမ္မတ ပူတင်က လက်ခံတွေ့ဆုံသောကြောင့် တက်ကြွပျော်ရွှင်နေပြီး လျင်မြန်သည့်ခြေလှမ်းများနှင့်အတူ လက်အုပ်ချီကာ “မင်္ဂလာပါခင်ဗျာ”ဟု စတင်နှုတ်ဆက်ပြီးနောက် ရုရှားသမ္မတပူတင်ကို မြှောက်ပင့်ပြောဆိုမှုများ ပြုလုပ်ခဲ့သည်။
ရုရှားနိုင်ငံပိုင်သတင်းဌာနက TASS ၏ ဖော်ပြချက်အရ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ရုရှားသမ္မတပူတင်ကို “ကမ္ဘာ့ခေါင်းဆောင်ကြီး”အဖြစ် သတ်မှတ်ခဲ့သည်ဟု ဖော်ပြထားသည်။ ထို့အပြင်မင်းအောင်လှိုင်က ရုရှားသမ္မတပူတင်ကို ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းကို တည်ငြိမ်အောင်ပြုလုပ်နေသူဖြစ်သည်ဟုလည်း မြှောက်ပင့်ပြောဆိုခဲ့သေးသည်။