“ရှေးလူကြီးတွေ ဓမ္မတာ (ရာသီ) လာရင် သုံးတဲ့နည်းအတိုင်း သင်ပြီးတော့ပဲ ဖြေရှင်းလိုက်ချင်တော့တယ်။ တစ်လကို တစ်ခါလောက် ကိုယ့်ရဲ့ ဖြစ်တည်မှုကို မုန်းမိတာ အမှန်ပဲ”ဟု ဆိုလိုက်သည်။
အသက် ၂၀ ကျော်အရွယ် မနှင်းသည် ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်ရှိ ကျေးရွာတစ်ခုတွင် နေထိုင်သူဖြစ်ပြီး အမျိုးသမီးတို့ လစဉ်ဖြတ်သန်းရသော ဓမ္မတာလာခြင်းနှင့် မိမိ အမျိုးသမီးတစ်ဦးဖြစ်ရခြင်းကို ယခင်က မြတ်နိုးသော်လည်း ယခုတော့ စိတ်ပျက်နေပြီဖြစ်ကြောင်း ပြောသည်။
သူ အပျိုဖော်ဝင်စအချိန်တွင် လစဉ်သုံးပစ္စည်းများသည် လိုအပ်ချိန် ဝယ်၍ ရခဲ့သော်လည်း လက်ရှိ ရခိုင်ဒေသတွင်း တိုက်ပွဲများကြောင့် လစဉ်သုံးပစ္စည်းများ ဝယ်၍မရအောင် ပြတ်လပ်နေပြီဖြစ်သည်။
စစ်ကောင်စီသည် ရခိုင်ဒေသတွင်း ကုန်စည်တင်ပို့နိုင်သော လမ်းကြောင်းများအား ပိတ်ဆို့ထားခြင်းနှင့် ဒေသတွင်း ကုန်စည်ဈေးနှုန်း မြင့်တက်နေမှုများကြောင့် လစဉ်သုံးပစ္စည်းမှာလည်း ရခိုင်ဒေသတွင်းရှိ အမျိုးသမီးများအတွက် လိုအပ်သလောက် ဝယ်၍ပင် မရတော့။
“အရင်က တစ်ထုပ်ကို ၈၀၀/၉၀၀ ကျပ်ပဲ ရှိတာ။ အခုတော့ ၂၅၀၀/၃၀၀၀ ကျပ်အထိ ဖြစ်သွားတယ်။ ပိုက်ဆံတတ်နိုင်ရင်တောင် ဝယ်လို့ရဖို့က မဖြစ်တော့ဘူး။ မိန်းကလေးတွေက ရာသီလာပြီဆိုရင် တစ်လမှာ တစ်ယောက် ၂ ထုပ်လောက်ကုန်တယ်။ ၁ ထုပ်တန်ဖိုးက ၃၀၀၀ ကျပ် ဆိုရင် နှစ်ထုပ်ဆို ၆၀၀၀။ အဲ့ဒီအတွက် အိမ်က ကိုယ့်အတွက် အပိုငွေ ၆၀၀၀ လောက် သုံးနေတယ်။ ဝင်ငွေက မရှိတဲ့အပြင် အပိုထွက်ငွေကလည်း တစ်လကို တစ်သောင်းနီးပါးဆိုတော့ မိသားစုမှာ ကိုယ်က ဖြုန်းတီးဖို့ ရောက်လာတာလားဆိုပြီး မေးခွန်းတွေလည်း မေးမိပါတယ်”ဟု မနှင်းက ပြောသည်။
မိန်းကလေးများသော မိသားစုဆိုလျှင် ဓမ္မတာလာချိန်တွင် အသုံးပြုရသော လစဉ်သုံးပစ္စည်းအတွက် ငွေကျပ် ၂၀၀၀၀ အထိ အသုံးပြုနေကြရပြီး ထိုထက်ဆိုးသည်မှာ ယင်းလစဉ်သုံးပစ္စည်းဝယ်ယူရန်အတွက် မြို့ပေါ်သို့သွားလာရသည့် စရိတ်သည် ပစ္စည်း၏ တန်ဖိုးထက်များနေခြင်းပင်။
“ရွာမှာက ပစ္စည်းတွေ လုံးဝကို မရှိတော့ဘူး။ မြို့ပေါ်မှာပဲ ရှိတော့တာ။ အဲ့ဒီကို သွားဖို့က စရိတ်က မသက်သာလှဘူး။ အသွားကို ၂၀၀၀၀၊ အပြန်ကို ၂၀၀၀၀ ပေးရတယ်လေ။ အဲ့ဒါကြောင့် သွားမဝယ်ဖြစ်တော့ဘူး။ ဝယ်ဖို့ကလည်း ပိုက်ဆံတွေလည်း မရှိတာကြောင့်ပေါ့”ဟု ရခိုင်ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
အမျိုးသမီးလစဉ်သုံး Pad ထုပ် အထုပ်ကြီး ၁ ထုပ်တွင် အခုရေ ၁၀ ခုခန့်ပါဝင်ကာ တစ်ခုလျှင် ငွေကျပ် ၃၀၀ အထိ ဈေးနှုန်းရှိနေပြီး စစ်ဘေးရှောင်စခန်းမှ အမျိုးသမီးများအပါအဝင် ရခိုင်ဒေသတွင်းရှိ အမျိုးသမီးများအနေဖြင့် အထုပ်ကြီးဝယ်ယူရန် ငွေကြေးအခက်အခဲရှိနေသလို တစ်ခုချင်းစီပင် ဝယ်ယူသုံးစွဲကြရန် ခက်ခဲနေကြသည်။
အကြမ်းဖျင်းအားဖြင့် ၄ နာရီခြားတစ်ခါ လဲပေးရသော လစဉ်သုံးပစ္စည်းများကို အသုံးပြုရန် အခက်အခဲရှိနေသည့် ရခိုင်ဒေသခံအမျိုးသမီးများအတွက် လစဉ်သုံးပစ္စည်းများမှာလည်း ပြတ်လပ်လာသဖြင့် ဓမ္မတာလာချိန်တွင် ရှေးရိုးနည်းလမ်းများကို ပြန်လည်အသုံးပြုနေကြရကြောင်း အသက် ၃၀ အရွယ် ရခိုင်စစ်ရှောင် အမျိုးသမီး မလှလှက ပြောသည်။
“ပိတ်စတွေနဲ့ သုံးတယ်။ အရင်က ဂွမ်းထုပ်နဲ့ သုံးတာဆိုတော့ အားလုံးက ယုံကြည်ချက်အပြည့်ပေါ့။ ပိတ်စနဲ့ဆိုတော့ အိမ်ပြင်တွေလည်း မထွက်ရဲ မသွားရဲ မလာရဲပေါ့။ ကျန်းမာရေးအတွက် မကောင်းဘူးဆိုတာတော့ သိတယ်။ ဒါပေမယ့်လည်း ဒီနည်းလမ်းက ငွေကြေးသက်သာတယ်လေ”ဟု သူက ပြောသည်။
မလှလှ နေထိုင်ရာ စစ်ရှောင်စခန်းတွင် ပြီးခဲ့သည့် ၃ လကျော်ကာလက ကူညီထောက်ပံ့ရေးပစ္စည်းများကို သက်ဆိုင်ရာအဖွဲ့အစည်းများက လာရောက်ပေးဝေရာတွင် အမျိုးသမီးလစဉ်သုံးပစ္စည်းမှာ မပါမဖြစ်ပါသော ပစ္စည်းတစ်ခုဖြစ်ပေမယ့် ယခုလက်ရှိတွင် ယင်းပစ္စည်းများ ရရန် ခက်ခဲသွားသည်။
ထို့အပြင် ရခိုင်တွင် စစ်ကောင်စီက ကုန်းလမ်း၊ ရေလမ်းကို ပိတ်ဆို့ထားသည်မှာ ၄ လကျော် ကြာလာပြီဖြစ်၍ လူသုံးကုန်ပစ္စည်းများ ပြတ်လပ်နေကာ စစ်ရေး ပဋိပက္ခကြောင့် စစ်ဘေးရှောင်စခန်းများတွင် နေထိုင်နေကြသူများမှာလည်း အလှူရှင်များ မရောက်ရှိသဖြင့် ငွေကြေးအပြင် စားဝတ်နေရေးအခက်အခဲရှိနေပြီး ကျန်းမာရေးဆိုင်ရာ စိန်ခေါ်မှုများလည်း ရှိနေသည်။
“ပစ္စည်းက ရှားလာပြီ။ ကျမတို့ အသင်းကလည်း ရှိတဲ့ဟာတွေကို ဝေမျှပေးနေပေမယ့် အကုန်လုံးကတော့ လောက်ငှအောင် မရကြဘူး။ ဒီပစ္စည်းတွေကို အမျိုးသမီးတိုင်း ရဖို့အတွက် ကူညီဖို့ဆိုရင် ကျမတို့ အသင်းကိုယ်တိုင်က အကူအညီလိုအပ်နေတယ်လို့ ပြောလို့ရတယ်။ အခုက အကူအညီတွေလည်း မလာကြတော့ အဲ့ဒီကိစ္စထက် ဝမ်းဝရေးအတွက်ပဲ ဖြေရှင်းပေးနေရတယ်”ဟု ရခိုင်ဒေသတွင်း စစ်ရှောင်အရေး ကူညီပေးနေသူ အမျိုးသမီးတစ်ဦးက ပြောသည်။
ဈေးနှုန်းမြင့်တက်မှုအပြင် လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားရာ ရခိုင်ဒေသမှာ လမ်းပန်း ဆက်သွယ်ရေးနှင့် စစ်ကောင်စီ၏ ကန့်သတ်ချက်များကြောင့် စစ်ဘေးရှောင်များအတွက် ကူညီထောက်ပံ့ရာ၌ အခက်အခဲ ပိုဖြစ်လာကြောင်း စစ်ဘေးရှောင်များအား ကူညီပေးနေသူများက ဆိုသည်။
“ဂွမ်းကပ်ဆိုတာ အသက်ကြီးမှ သိတာ။ အန်တီရဲ့ သားဦးကလေး မမွေးခင်အထိ ပိတ်စနဲ့ပဲ သုံးခဲ့ဖူးတာ။ တစ်ခါသုံးပြီး တစ်ခါလျှော်၊ မီးကိုက် (မီးပူ) တိုက်တယ်။ ပြီးရင် သေချာထုပ်ပိုးပြီး သိမ်းထားရတာပေါ့။ နောက်တစ်ခါဖြစ်ရင် ပြန်သုံးပေါ့လေ။ ဒီပစ္စည်းကို လူမြင်မှာစိုးတဲ့ အတွက်လည်း ဖွက်ထားရသေးတယ်။ သုံးခဲ့တဲ့ အချိန်တွေမှာ ဆိုရင်လည်း လုံချည်တွေကို သွေးတွေစွန်းတယ်။ သောကမျိုးစုံနဲ့လို့ ပြောရမယ်။ တကယ်တော့ ဒီနည်းလမ်းက မကောင်းဘူးဆိုတာ ခေတ်မီလာမှ သိတယ်လို့ ပြောရမယ်။ နောက်ကျတော့ ရွာမှာ ဂွမ်းကပ်တွေကို အသုံးပြုလာကြတော့မှ သုံးဖူးခဲ့တာ”ဟု အသက် ၄၀ကျော်အရွယ် ရခိုင်ဒေသခံအမျိုးသမီးတစ်ဦးက ၎င်းအနေဖြင့် ပိတ်စအသုံးပြုခဲ့ရသည့် အခြေအနေကို ပြောပြသည်။
မြန်မာနိုင်ငံတွင် လူသုံးကုန်ပစ္စည်း အားလုံးနီးပါးမှာ ပြည်တွင်း၌ ထုတ်လုပ်နိုင်ခြင်းမရှိဘဲ ပြည်ပမှသာ တင်သွင်းကြရသဖြင့် မြန်မာကျပ်ငွေတန်ဖိုးကျဆင်းခြင်းနှင့် လမ်းပန်းဆက်သွယ်ရေးမကောင်းခြင်းက သယ်ယူစရိတ်များ မြင့်တက်လာခြင်းကို ဖြစ်ပေါ်စေပြီး သွင်းကုန်ပစ္စည်းများ အဆမတန်မြင့်တက်လာခြင်းဖြစ်သည်။
လစဉ်သုံးပစ္စည်းများရှားပါးခြင်း၊ ဈေးနှုန်းမြင့်တက်ခြင်းတို့ကြောင့် အမျိုးသမီးများမှာ ရှေးရိုးစွဲနည်းလမ်းအတိုင်း အသုံးပြုရာတွင် စနစ်တကျသုံးစွဲရန် လိုအပ်ကြောင်း ကျန်းမာရေးဝန်ထမ်းများက အကြံပေးသည်။
“ပိတ်စတွေကို သုံးတာက ကျန်းမာရေးနဲ့ ညီညွတ်လားဆိုရင်တော့ ညီညွတ်အောင်လုပ်ရင် ညီညွတ်ပါတယ်။ သန့်ရှင်းရေးက အဓိက လိုအပ်တာပေါ့။ ဒီ ပိတ်စတွေကို သုံးပြီးရင် သေချာသန့်ရှင်းအောင် လျှော်ဖွတ်ဖို့ လိုမယ်။ ရေနွေးတွေဘာတွေနဲ့ သေချာဆေးကြောဖို့ လိုမယ်။ အမျိုးသမီး လစဉ်သုံးပစ္စည်းတွေဆိုတာက ကျန်းမာရေးနဲ့ ကိုက်ညီအောင်သုံးမယ်ဆိုရင် တနေ့ကို ၃ ကြိမ်လောက်အထိ လဲလှယ်ပေးရတာဖြစ်တယ်။ ဒီလို ပစ္စည်းကို အလွယ်တကူမရနိုင်တဲ့ အခုလို အရေးပေါ်အခြေနေတွေမှာတော့ အလွယ်တကူရနိုင်တဲ့ ပိတ်စချည်သားကို သုံးလို့ရပါတယ်။ အရေးကြီးတာကတော့ သန့်ရှင်းဖို့လိုအပ်ပါတယ်” ဟု ရန်ကုန်ဆေးပညာကွန်ရက် – Yangon Medical Network တည်ထောင်သူတစ်ဦးဖြစ်သည့် ဒေါက်တာလွမ်းဝေက ဆိုသည်။
ဓမ္မတာလာချိန်တွင် လစဉ်သုံးပစ္စည်း (သို့မဟုတ်) ပိတ်စများအား စနစ်တကျမသုံးစွဲလျှင် အမျိုးသမီးများ၏ မွေးလမ်းကြောင်း (ဆီးလမ်းကြောင်း) အတွင်းသို့ ပိုးဝင်ခြင်းများ ဖြစ်ပေါ်နိုင်ပြီး မကြာခဏ ယင်းကဲ့သို့ ရောဂါပိုးများ ဖြစ်ပွားလာပါက အမျိုးသမီးများအနေဖြင့် ကိုယ်ဝန်ဆောင်ချိန်တွင် အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့ရနိုင်ကြောင်း ၎င်းက ထပ်မံမှတ်ချက်ပြုသည်။
အမျိုးသမီးများအတွက် ဓမ္မတာလာချိန်တွင် ပိတ်စနှင့် လစဉ်သုံးပစ္စည်းများအပြင် menstrual cup ကဲ့သို့ စီလီကွန်များဖြင့် ပြုလုပ်သော ပစ္စည်းများကို အသုံးပြုနိုင်သော်လည်း စစ်ရေးပဋိပက္ခဖြစ်နေသော ရခိုင်ဒေသတွင်းတွင် ပိတ်စအပြင် အသုံးပြုစရာ အခြားမရှိပေ။
ဓမ္မတာလာချိန်တွင် လစဉ်သုံးပစ္စည်း (သို့မဟုတ်) ပိတ်စများအား စနစ်တကျမသုံးစွဲပါက အမျိုးသမီးများ မိန်းမကိုယ်အင်္ဂါယားယံခြင်း၊ မှိုနာစွဲခြင်း၊ ဆီးလမ်းကြောင်း ပိုးဝင်ခြင်းများဖြစ်နိုင်သည့်အပြင် ယင်းရောဂါဖြစ်ပွားမှု အချိန်ကြာမြင့်လာပါက ကျန်းမာရေးဆိုးကျိုးကို ပိုမို ဖြစ်ပေါ်လာနိုင်ကြောင်း ရန်ကုန်ဆေးပညာကွန်ရက် – Yangon Medical Network တည်ထောင်သူတစ်ဦးဖြစ်သည့် ဒေါက်တာလွမ်းဝေက ဆိုသည်။
စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တကျော့ပြန်တိုက်ပွဲများ ပြင်းထန်ခဲ့သည့် ရခိုင်ပြည်နယ်တွင် စစ်ကောင်စီမှ ဆေးဝါးသယ်ယူခွင့်နှင့် ဆေးဝါးတင်ပို့မှုများအား ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်းက ပိတ်ပင်တားမြစ်ထားခဲ့သလို ရခိုင်ဒေသတွင်း ၁၀၂၇ စစ်ဆင်ရေး ပြန်လည်စတင်လာခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှ စ၍လည်း ကုန်းလမ်း၊ ရေလမ်းများကို ပိတ်ဆိုထားသဖြင့် စားသုံးကုန်နှင့် လူသုံးကုန်များပြတ်လပ်နေပြီး ဆေးဝါးပြတ်လပ်မှုနှင့်ပါ ရင်ဆိုင်နေရသည့်အတွက် ဒေသခံများအနေဖြင့် ကျန်းမာရေးအတွက် များစွာ စိုးရိမ်နေကြရသည်။
“အဓိက လမ်းပန်းဆက်သွယ်ရေး ပိတ်ပင်တာနဲ့ ခရီးသွားလာခွင့်ပိတ်ပင်တာတွေက အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းကို ချိုးဖောက်တာဖြစ်တယ်။ ဆေးဝါးပြတ်လပ်မှုတွေကိုလည်း ဒေသခံတွေက ရင်ဆိုင်နေရတာပဲ။ ဆေးဝါးပစ္စည်းတွေကို ဆိုရင်လည်း ရခိုင်ကို လွတ်လပ်စွာ သယ်ခွင့်က ပိတ်ပင်ထားတာ။ ဆေးဝါးရရှိဖို့နဲ့ ကျန်းမာရေးဆိုင်ရာ အခက်အခဲတွေဖြစ်အောင် စစ်ကောင်စီက လုပ်နေတာဟာ ပြည်သူတွေကို အကျပ်အတည်းဖြစ်အောင် ရည်ရွယ်နေတာလို့ ပြောလို့ရတယ်” ဟု လူ့အခွင့်အရေး လေ့လာသုံးသပ်သူတစ်ဦးက ပြောသည်။
ရခိုင်ဒေသတွင်း တိုက်ပွဲများကြား လစဉ်သုံးပစ္စည်းလောက်ငှမှု မရှိခြင်းနှင့် ကြုံတွေ့နေရသော ဒေသခံအမျိုးသမီးများအနေဖြင့် အမျိုးသမီးလစဉ်သုံး ပစ္စည်းများကို တစ်ဦးနှင့်တစ်ဦး ဖလှယ်ကာ အသုံးပြုနေကြရကြောင်းလည်း မနှင်းက ပြောသည်။
ဓမ္မတာလာခြင်းဆိုသည့် ကိစ္စမှာ ခေတ်မီဖွံ့ဖြိုးသော ဒေသများတွင် သာမန်ကိစ္စရပ်တစ်ခုအဖြစ်သာ ရှိနေသော်လည်း ရှေးရိုးစွဲကြီးလွန်းလှသော ဒေသများတွင် ရှက်ဖွယ်ကိစ္စရပ်တစ်ခုကဲ့သို့ သတ်မှတ်နေကြသေးသည်။ ရခိုင်ဒေသတွင်လည်း အမျိုးသမီးများကြား ယင်းကဲ့သို့ပင် မှတ်ယူထားကြသည်ဟု ဆိုသည်။
“ဓမ္မတာ (ရာသီ) လာပြီဆိုရင် လစဉ်သုံးပစ္စည်းတွေမရှိတာမျိုး ကြုံပြီဆို သူငယ်ချင်းဆီက ချေးငှားပြီး သုံးတာပေါ့။ ဝယ်ဖို့ကလည်း မလွယ်တဲ့အချိန်ဆိုတော့ သူငယ်ချင်းဆီရှိရင် သူ့ဆီက ယူပြီး သုံးတယ်။ နောက်တော့ ပြန်ဝယ်ပေးပေါ့။ မိန်းကလေးဆိုတော့ ယောက်ျားလေးတွေ မြင်မလားဆိုပြီး စိုးရိမ်တယ်။ မြင်သွားရင် ရှက်စရာကြီးလေ။ အဲ့ဒီတော့ တိုးတိုးတိတ်တိတ်လေး သွားပြီး ယူရ ငှားရတာပေါ့” ဟု သူက ပြောသည်။
လစဉ်သုံးပစ္စည်းကို အပိုဝယ်ထားရမည့် ပစ္စည်းတစ်ခု မဟုတ်ဟု သတ်မှတ်ထားသော မနှင်းအတွက် ယခုကဲ့သို့ စစ်ပွဲကာလတွင် ပစ္စည်းပြတ်လပ်မှုနှင့် ကြုံတွေ့ရသည့်အခါ ဓမ္မတာလာချိန်တွင် အင်မတန် ခက်ခဲကြောင်း ဆိုသည်။
ထို့ကြောင့် ကူညီထောက်ပံ့ရေးပစ္စည်းများ လာရောက်ကူညီပေးသည့် အဖွဲ့များအနေဖြင့် စားသောက်ရေးအတွက် အခြေခံလိုအပ်သော ပစ္စည်းများကို ထောက်ပံ့ပေးသည့်အပြင် အမျိုးသမီးများအတွက် လစဉ်သုံးပစ္စည်းများကိုလည်း ထောက်ပံ့ပေးစေချင်ပြီး ကုန်ပစ္စည်းရောင်းချသူများအနေဖြင့်လည်း ဈေးမတန်တဆ ရောင်းချခြင်းများကို မလုပ်စေချင်တော့ကြောင်း ဆိုသည်။
အမျိုးသမီးတချို့တွင် ဓမ္မတာ စလာသည့် ရက်များတွင် သွေးဆင်းချိန်နည်းပြီး နောက်ပိုင်းရက်များမှသာ သွေးဆင်းများတတ်သလို အချို့အမျိုးသမီးများတွင် ရာသီစလာသည့်ရက်တွင် သွေးဆင်းများပြီး နောက်ပိုင်းရက်များမှသာ သွေးဆင်းနည်းသွားတတ်ကြသည်။
အမျိုးသမီးများအနေဖြင့် ဓမ္မတာလာချိန်တွင် သတိထားရန် လိုအပ်သည့်အချက်မှာ လစဉ်သုံးပစ္စည်းများကို ၄ နာရီခြား တစ်ကြိမ် လဲလှယ်ပေးရန် လိုအပ်ကြောင်း ကျန်းမာရေးဝန်ထမ်းများက ညွှန်ကြားထားသည်။
သို့သော် ရခိုင်ရှိ စစ်ဘေးရှောင် အမျိုးသမီးအပါအဝင် ဒေသခံအမျိုးသမီးအတွက် ယင်းကဲ့သို့ လုပ်ဆောင်ရန်ပင် မဆိုထားနှင့် လစဉ်သုံးပစ္စည်းအား ပုံမှန် အသုံးပြုခွင့်ရရန်ပင် အခက်အခဲဖြစ်နေကြသည်။
“ Pad ကို မရရတဲ့ နည်းလမ်းနဲ့ ရှာမယ်။ ပိတ်စနဲ့ သုံးတဲ့ လမ်းကို မရွေးသေးချင်ဘူး။ မဖြစ်နိုင်တော့ဘူးဆိုမှ ပိတ်စကို ရွေးမယ်” ဟု လစဉ်သုံးပစ္စည်းများ ရှာမရဖြစ်နေမှုအပေါ် မနှင်းက ကသိကအောက်ဖြင့် ပြောသည်။