“ အာဏာရှင်ထပ်တောင် ဆိုးနေပါပြီ” ဟု ဆိုသော မမြင့်စိန် (အမည်လွှဲ) မှာ စိတ်ပျက်အားငယ် နေသော လေသံဖြင့်၊ သူ့နဖူးပေါ်တွင်လည်း လတ်လတ်ဆတ်ဆတ် ဒဏ်ရာကို တွေ့ရသည်။
မမြင့်စိန်မှာ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်းရှိ၊ ဆားထုံးရွာသူ။ ဆားထုံးရွာမှာ ဆားလင်းကြီးမြို့အနီး ချင်းတွင်းမြစ်ကမ်းဘေးရွာတစ်ရွာ။ ဆားလင်းကြီးမြို့နယ်အပိုင်တွင် ရှိသော် လည်း မုံရွာဘက်မှ လှမ်းကြည့်လိုက်လျှင် မြင်နေရသည်အထိ နီးနီးလေး။
အေးအေးချမ်းချမ်းကာလများက ချင်းတွင်းမြစ်ကို စက်လှေဖြင့် တစ်ချက်ကူးလိုက်သည်နှင့် မုံရွာမြို့၊ အမြင့်လမ်းသို့ ရောက်ပြီ။ ယခုတော့ ဖမ်းဆီး ရိုက်နှက် အသက်ပျောက်သွားနိုင်သော စစ်တပ်ဂိတ်များက အလီလီမို့ မုံရွာမြို့မှ ဆားထုံးရွာသို့ ရောက်ရန်မှာ တမျှော်တခေါ်။ စက်လှေတစ်တန်၊ ဆိုင်ကယ်တစ်တန် ကွေ့ရာဝိုက်ကာဖြင့် တထိတ်ထိတ်။
အိမ်ခြေ ၆၀၀ ကျော်ရှိသော ဆားထုံးမှာ စစ်တပ်က အကြမ်းဖက်မီးရှို့ခြင်း ၂ ကြိမ်ကြောင့် အိမ် ၁၆၁ လုံး ပြာကျခဲ့ပြီးသောရွာ။ ယခုလည်း လက်နက်အပြည့်အစုံဖြင့် ဝင်ရောက်လာသော ဆားလင်းကြီးမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (ဆားလင်းကြီးပလဖ) နှင့် ရုန်းရင်းဆန်ခတ် ပဋိပက္ခ။ မမြင့်စိန် နဖူးပေါ် ၃ ချက်ချုပ်ထားရသော ဒဏ်ရာမှာ ပလဖ သေနတ်ဒင်ဖြင့် အရိုက်ခံရခြင်းဟုဆိုသည်။
ဇာတ်၏အစမှာ မတ်လ ၆ ရက်နေ့က ဖြစ်သည်။ ဆားလင်းကြီးမြို့အနီး စက်မှု-၁ ချည်မျှင်စက်ရုံထဲ သံတို သံစများ ဝင်ရောက်ခိုးယူမှုဖြင့် ဆားထုံးရွာသား ၃၆ ဦးကို ဆားလင်းကြီးမြို့နယ်ပလဖက ဖမ်းဆီးမှု။ ထိုစက်ရုံမှာ မအောင်မြင်သော အာဏာသိမ်းပွဲ စတင်ပြီးနောက် စစ်တပ်က ဝင်ရောက်တပ်စွဲထားသည့်နေရာ။ စက်မှု-၁ ဝင်းထဲရှိ စစ်တပ်ကို ဒေသခံ တော်လှန်ရေးတပ်များက မကြာခဏဆိုသလို သွားရောက် တိုက်ခိုက်ခဲ့ရာ မခံနိုင်တော့သည့်အဆုံး စက်ရုံစောင့်စစ်တပ်က ဆားလင်းကြီးမြို့ထဲသို့ ပြန်ပြေး။ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာတွင် စက်မှု-၁ ချည်မျှင်စက်ရုံသည် ဆားလင်းကြီးမြို့နယ်အုပ်ချုပ်ရေးမှူးအဖွဲ့၏ စီမံခန့်ခွဲ မှုအောက်သို့ ရောက်ရှိခဲ့သည်။
“ဖမ်းတာကို ကျနော်တို့က အပြစ်မပြောဘူး။ လူတွေ့ခွင့်လည်း မရှိဘူး။ သွားထုတ်တော့လည်း ထုတ်မပေးဘူး။ ဟိုလူ့ကိုလွှဲချ၊ ဒီလူ့လွှဲချဆိုတာမျိုးပဲပြောတယ်” ဟု ဆားထုံးရွာသား ကိုတင်ဝင်း (အမည်လွှဲ) က ပြောသည်။
ထို့ကြောင့် ဆားလင်းကြီးပလဖ ဖမ်းဆီးထားသော ပြည်သူ ၃၆ ဦး ပြန်လွှတ်ပေးရန် ဖေဖော်ဝါရီ ၈ ရက်၊ မွန်းလွဲ ၁ နာရီမှ ၄ နာရီအထိ ကျေးရွာ ၅ ရွာမှ ပြည်သူ ၃၀၀ ကျော် ဆန္ဒပြတောင်းဆိုခဲ့ကြကြောင်း သိရ သည်။
ဆန္ဒပြရာတွင် ပလဖ အလိုမရှိ၊ PDF အလိုမရှိဟု ဆန္ဒပြ ပြည်သူတို့က ကြွေးကြော်ခဲ့ကြသည်တဲ့။ မည်သူ မည်ဝါကို အလိုမရှိကြောင်း ကြွေးကြော်ဆန္ဒပြလျှင် သင့်တော်မည်တဲ့။ ဆားလင်းကြီးပလဖ အဖွဲ့ဝင် တစ်ဦးက ဆိုသည်။
“ သူတို့ဆန္ဒပြရမယ့် နည်းလမ်းက ကျတော် မောင်ဖြူဆိုရင် မောင်ဖြူအလိုမရှိ၊ မောင်ဖြူ ဘာမှားနေတယ်ဆိုပြီး ဆန္ဒပြခွင့်ရှိပါတယ်။ ဘယ်အဆင့်အထိ မှားတဲ့ဟာရှိလဲဆိုရင် PDF အလိုမရှိဆိုတဲ့ ဟာပေါ့။ ဒါကျတော် အကြုံပြုတာပေါ့” ဟု သူက ပြောသည်။
ယင်းဆန္ဒပြပွဲ၏ နောက်ဆက်တွဲအဖြစ် မတ်လ ၉ ရက်၊ နံနက် ၁၀ နာရီခန့်တွင် ဆားလင်းကြီးပလဖ အဖွဲ့ဝင် ၂၀ ခန့် ဆားထုံးရွာထဲသို့ လက်နက်အပြည့်အစုံဖြင့် ရောက်ချလာသည်။ ဆားထုံးရွာသူ မမြင့် စိန်ကို ဆန္ဒပြခေါင်းဆောင်ဟု စွပ်စွဲကာ မမြင့်စိန်၏ နေအိမ်ထဲ ဝင်ရောက်ဖမ်းဆီးခဲ့ရာ စကားအချေအ တင်မှသည် ရုန်းရင်းဆန်ခတ်။ စစ်အာဏာရှင်ကို ပြတ်သားစွာ ဆန့်ကျင်နေသော ပြည်သူများနှင့် စစ်အာ ဏာရှင်ကိုဆန့်ကျင်နေသော ပြည်သူတို့၏ လုံခြုံရေး တာဝန်ယူပေးနေသည့် ဆားလင်းကြီးမြို့နယ်ပြည် သူ့ လုံခြုံရေးအဖွဲ့ဝင်တို့၏ ကိုယ်ထိလက်ရောက် ပဋိပက္ခ အသွင်။
လက်နက်အပြည့်အစုံဖြင့် ပလဖ အဖွဲ့ဝင်များက အိမ်ထဲသို့ရောက်ရှိပြီးမှ အိမ်ထဲ ဝင်ခွင့်ပြုပါဟု ဆိုသည် တဲ့။ ထို့နောက် ပလဖရုံးသို့ လိုက်ခဲ့ရန် ခေါ်သည်တဲ့။ ဘာ့ကြောင့် ခေါ်သလဲဆိုတော့ ဆန္ဒပြခေါင်းဆောင် လုပ်မှုကြောင့်ဟုဆိုကြောင်း မမြင့်စိန်က ပြောသည်။ မြင့်စိန်၏ နေအိမ်မှာ ရွာထိပ်တွင် တည်ရှိသောကြောင့် ပလဖ တို့ ဝင်လာသည်ကို ရွာသားများ ချက်ချင်း မသိကြ။
” သူတို့က ရုံးလိုက်ခဲ့ပါတဲ့။ အဲ့ဒါ ကျမက ဘာအပြစ်ရှိလို့ ရုံးလိုက်ရမှာလဲလို့ မေးလိုက်တယ်။ မေးလိုက်တော့ မနေ့က ဆန္ဒပြတဲ့အထဲမှာ ခေါင်းဆောင်လုပ်လို့တဲ့။ လိုက်မယ်။ ရွာကသူတွေကိုတော့ စောင့်ဦးမယ်လို့ ပြောတယ်။ အဲဒါနဲ့ ရဲမေ ၂ ယောက်က ရှေ့တက်လာတယ်။ လက်ထိပ်ခတ်မယ်တဲ့။ နေဦးလေလို့၊ ငါမှ ဘာအမှုမှလုပ်မထားဘဲ လက်ထိပ်မခတ်နဲ့ အခတ်မခံနိုင်ဘူးလို့ ကျမက ပြောတယ်” ဟု မမြင့်စိန်က ပဋိပက္ခ၏အစကို ထန်ပြင်းသောလေသံဖြင့် ပြန်ပြောပြသည်။
ထို့နောက် မမြင့်စိန်၏ သမီးက ရွာထဲက လူကြီးကို ဖုန်းဆက်မည်ဟုဆိုတော့ ဖုန်းဆက်လျှင် ပစ်မည်၊ ဓာတ်ပုံရိုက်လျှင် အကုန်ဖမ်းမည်ဟု ပလဖ အဖွဲ့ဝင်အချို့က ခြိမ်းခြောက်၊ ရဲမေတစ်ဦးက မမြင့်စိန်သမီးကို လိုက်ဆွဲရာမှ ရုန်းရင်းဆန်ခတ်။ ကလေးနို့တိုက်နေသော မမြင့်စိန်မှာ ကလေးကို ယောင်းမထံပေးပြီး သမီးနားသို့ အသွား….။
” သမီးနားရောက်တော့ ရှေ့ကသူက ဒင်နဲ့ဆောင့်သွားတော့ သွေးတွေက ဖြာထွက်သွားတယ်။ ကျမက နေ စားပွဲကိုဆွဲပြီး ထလိုက်တဲ့အထမှာ သမီးကို ပုလင်းနဲ့ လှမ်းပစ်ထည့်လိုက်တာ။ ကလေးကိုဆွဲမှာ ကြောက်လို့ ကလေးကို ကာရင်းကနေ ဘယ်သူကလာလုပ်လိုက်မှန်းကို မသိလိုက်တာ။ ကျမကိုလည်း ပါးတွေရိုက်သွားတယ်။ ကလေးငယ်လေးလည်း ပုလင်းကွဲရှသွားတယ် “ ဟု မမြင့်စိန်က ဆက်ပြောသည်။
ထို့နောက် ပလဖ အဖွဲ့ဝင်များက သေနတ်ဖြင့် ရမ်းသမ်းပစ်ခတ်။ သေနတ်သံကြားသဖြင့် ရွာသားများ ရောက်လာသည့်အခါ မမြင့်စိန်၏နဖူးပေါ် သွေးများရဲနေခဲ့ပြီ။
ဆားလင်းကြီးမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) အဖွဲ့ဝင်တစ်ဦးကမူ လူအုပ်စုဖြင့် တုံ့ပြန်မည်စိုးသဖြင့် သေနတ်ပစ်ဖောက်ရခြင်းဖြစ်သည်ဟု ဆိုသည်။
“ ကျတော်တို့ ဝင်ဝင်ချင်းမှာ ကလေး နို့တိုက်နေတယ်။ ကျတော်တို့က ယဉ်ယဉ်ကျေးကျေးနဲ့ အစ်မလိုက်ခဲ့ပါဦးလို့ ခေါ်တယ်ပေါ့ဗျာ။ အခန်းထဲက ထွက်လာတဲ့ သူ့သမီးလားမသိဘူး။ ကျတော်တို့ကို ပုလင်းနဲ့ လှမ်းပေါက်တယ်။ ရဲမေတွေကတော့ ရှောင်ရတာပေါ့ဗျာ။ မရတော့ ဖမ်းရမယ်ဆိုပြီးလုပ်တော့ တုတ်နဲ့ရိုက်တယ်ပေါ့ဗျာ။ ကျတော်တို့ ရဲမေတွေမှာ ဘာလက်နက်မှမပါဘူး။ လက်ထိပ်တခုပဲပါတယ်” ဟု ပလဖအဖွဲ့ဝင်က ပြောသည်။
သေနတ်ဒင်နှင့် ရိုက်သည်ဆိုသော ကိစ္စနှင့်ပတ်သက်၍ ပလဖရဲဘော်များကို စစ်ဆေးကြည့်သည့်အခါ မဟုတ်ကြောင်း ပြောသည်ဟု ၎င်းက ဆိုသော်လည်း မတ်လ ၁၂ ရက်နေ့အထိ မမြင့်စိန်၏ နဖူးပေါ်တွင် ပတ်တီးစည်းထားပြီး ချုပ်ရိုးမဖြည်ရသေးသော ဒဏ်ရာနှင့် အသက် ၁၆ နှစ်အရွယ်ရှိ မမြင့်စိန်သမီး၏ ဘယ်ဘက်မျက်လုံးအနီး ညိုမဲစွဲနေကာ ပါးရိုးနာနေသဖြင့် စကားကောင်းကောင်း မပြောနိုင်ကြောင်း တွေ့ရသလို ၈ လသားအရွယ် ကလေး၏ ခါးအထက်တွင်အနည်းငယ်မျှသော ရှရာကို တွေ့ရသည်။
မမြင့်စိန်၏ အိမ်သို့ ရွာသားများ ရောက်ရှိလာချိန်တွင်တော့ ပလဖရဲဘော်များ အိမ်ထဲမှ အတင်းထွက်ကာ အိမ်အရှေ့ဘက်ရှိ ရွာအဝင်လယ်ကွင်းထဲသို့ ရောက်သွားခဲ့သည်။ မမြင့်စိန်နဖူးထက်မှ သွေးများကို မြင်ကာ ဒေါသထွက်နေသော လူအုပ်ကြီးက ဆန္ဒပြ၍ ဖမ်းမည်ဆိုလျှင် ဆန္ဒပြရာတွင် ပါဝင်သည့် ပြည်သူ ၃၀၀ ကျော်စလုံးကို ဖမ်းဟု ပြောရုံတင်မက ဆဲကြဆိုကြကာ ပလဖအဖွဲ့ဝင်များအား ဝိုင်းထားလိုက်ကြ သည်မှာ နံနက် ၁၀ နာရီကျော်မှ ညနေ ၄ နာရီအထိဖြစ်သည်။
“ ရေတောင်မတိုက်ဘူးဆိုတဲ့ စကားလုံးတွေလည်း ကျတော်တို့ သုံးခဲ့တယ်။ ဆဲခဲ့တယ်။ ရေလည်းတကယ် မတိုက်ခဲ့ဘူး။ ထမင်းလည်းမကျွေးခဲ့ဘူး” ဟု ဆားထုံးရွာသားတစ်ဦးက ပြောသည်။
ညနေ ၄ နာရီမထိုးမီ ဆားထုံးရွာသို့ ဆားလင်းကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦး ရောက်ရှိလာကာ ညှိနှိုင်းကြပြီးနောက် လတ်တလော ရွာသားများ ဝိုင်းထားသည့် ပလဖအဖွဲ့ဝင်များကို ပြန်လွှတ်ပေးခဲ့ပြီး ဖမ်းဆီးခံထားရသည့် ပြည်သူ ၃၆ ဦးကိုလည်း ယင်းနေ့ (မတ်လ ၉ ရက်) ညပိုင်းတွင်း ပြန်လွှတ်ပေးခဲ့သည်။
ပြန်လည်လွတ်မြောက်လာသူ ၃၆ ဦးထဲတွင် မမြင့်စိန်၏ ယောကျာ်း ကိုဝင်းမောင် (အမည်လွှဲ) လည်း ပါ သည်။ သူတို့ ၃၆ ဦးမှာ မတ်လ ၆ ရက်၊ စက်မှု -၁ ချည်မျှင်စက်ရုံမှ သံတိုသံစများ ယူဆောင်ပြီး အပြန် လမ်း၌ စောင့်ဖမ်းခံလိုက်ရခြင်းဖြစ်သည်။
“ သူတို့ရဲ့ ရုံးကို ခေါ်တယ်။ ဒီကိစ္စကို ပြန်လည်ညှိနှိုင်းပေးမယ်ဆိုပြီး အချိုသတ်ထားပါတယ်။ ကျတော်တို့လည်း အကုန်လုံး နေပူကြီးထဲကို ထိုင်စောင့်နေရပါတယ်။ သူတို့အဖွဲ့တွေစုံတဲ့အခါကျ မျက်နှာ အုပ်ပြီး (မျက်လုံးကို အဝတ်ဖြင့် စည်းထားခြင်း) ကားပေါ်တက်၊ တက်ဆိုပြီး အတင်းခေါ် သွားတယ်။ သူတို့ရဲ့ ပလဖအချုပ်စခန်းကို ခေါ်သွားတယ် “ ဟု သူက ပြောသည်။
ပလဖအချုပ်စခန်းသို့ အရောက် ကားပေါ်မှအဆင်း “လမ်းသွားတာမညီဘူး”ဟု ဆိုကာ နောက်က နေရိုက်နှက်ခဲ့သလို ထိုနေ့မွန်းလွဲ ၁ နာရီမှ ညနေ ၆ နာရီထိ မြေကျင်းတူးခဲ့ရကြောင်း လည်း ဆိုသည်။
“ နောက်က ရိုက်တာက နာတော့နာတယ်။ မျက်နှာအုပ်ထားတဲ့အတွက် နောက်က ဘာနဲ့ ရိုက်တယ်ဆိုတာ မသိရဘူး။ နေ့လယ် ၁ နာရီလောက်မှာ မြေကျင်းတွေ တူးခိုင်းတယ်။ မြေအောက် လှိုဏ်ကျင်းတွေပေါ့။ ယောကျာ်းသားတွေရော မိန်းမသားတွေရော အကုန်လုပ်ရပါတယ်။ တူးတဲ့သူက တူး။ သယ်တဲ့သူကသယ်လုပ်ရပါတယ်” ဟု ကိုဝင်းမောင်က ဆက်လက်ပြောသည်။
ထို့နောက် ည ၁၀ နာရီခန့်တွင် ပလဖအချုပ်စခန်းမှ အခြားအချုပ်စခန်းတခုသို့ ပို့ဆောင်ခံရပြီး ထိုစခန်းရောက်မှသာ ထမင်း ၃ နပ်ပုံမှန်စားရကာ အလုပ်လည်းမခိုင်း၊ ရိုက်နှက်ခြင်းလည်း မရှိတော့ ကြောင်း ၎င်းက ပြောသည်။
“ ပို့လိုက်တဲ့အခါမှာ ၁၀ ပေပတ်လည် အခန်းထဲကို ယောကျာ်းသား ၂၇ ယောက်ကို ထားတယ်။ မိန်းမသားတွေကိုတော့ ခွဲထားတာပေါ့။ တစ်ညလုံး မျက်နှာအုပ်ပြီး ငုတ်တုတ်ထိုင်ခဲ့ရတယ်။ မအိပ်ခဲ့ရဘူး။ ထမင်းကတော့ နောက်ရက်မှကျွေးပါတယ်” ဟု သူက ဆက်ပြောသည်။
တကယ်တော့ စက်မှု-၁ ချည်မျှင်စက်ရုံထဲသို့ မဝင်ရန်၊ ပစ္စည်းများမဖျက်ဆီးရန်နှင့် ယူဆောင်ရောင်းချ ခြင်းမပြုရန် ဆားလင်းကြီးမြို့နယ်ပြည်သူအုပ်ချုပ်ရေးအဖွဲ့က ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်၊ နိုဝင်ဘာ ၂၄ ရက်နှင့် ဒီဇင်ဘာလ ၁ ၅ရက်တို့တွင် ၃ ကြိမ် အမိန့်ထုတ်ပြန်ခဲ့ပြီး မလိုက်နာပါက ဥပဒေနှင့်အညီ အရေးယူသွားမည်ဟုလည်း ဆိုထားပြီး ဖြစ်သည်။
ထို့အပြင် ယင်းကြေညာချက်နှင့် ပတ်သက်၍ ရပ်ကျေးပကဖ၊ ပအဖများကိုခေါ်ကာ ဟောပြောပွဲများပြုလုပ်ခဲ့သလို ပညာပေးကာလသတ်မှတ်၍ ပညာပေးခြင်းလည်း ပြုလုပ်ခဲ့ကြောင်း ဆားလင်းကြီးမြို့နယ်ပအဖ အဖွဲ့ဝင်တစ်ဦးက ပြောသည်။
ဆားထုံးရွာသား ကိုတင်ဝင်းကမူ ယင်းသို့ စာထုတ်တားမြစ်ထားသည်ကို ရွာသားများက သိရှိသလို ယင်း စက်ရုံထဲမှ ပစ္စည်းများကို ဆားလင်းကြီးပလဖ ရဲဘော်အချို့နှင့် ကာကွယ်ရေးအဖွဲ့အချို့တို့ ပေါင်းကာ ခိုးထုတ်ခဲ့သည်ကိုလည်း ဒေသခံများ သိရှိကြကြောင်းဆိုသည်။
” သူတို့ (ပလဖနှင့် ပကဖ အချို့) မဟုတ်တာလုပ်တဲ့အတွက် ပြည်သူလူထုက နောက်ကနေ လိုက်ယူရင်းနဲ့ ပြည်သူလူထု များလာတဲ့အခါမှာ ထိန်းမရသိမ်းမရဖြစ်သွားတဲ့ ပုံစံမျိုးပါ။ သူတို့လည်း ယူတာပါပဲ” ဟု ကိုတင်ဝင်းက ဆက်လက်ပြောသည်။
စက်မှု -၁ ချည်မျှင်စက်ရုံကို စစ်ကောင်စီတပ်က စွန့်ခွာသွားပြီးနောက် မြို့နယ်ပလဖက ဝင်ရောက်ထိန်းသိမ်းခဲ့သော်လည်း ကာကွယ်ရေးတပ်ဖွဲ့အချို့က ညဘက်အစောင့်မရှိသည့်အချိန်၌ ဝင်ရောက်ခိုးယူမှုများရှိခဲ့ကြောင်း ဆားလင်းကြီးမြို့နယ်ပအဖ အဖွဲ့ဝင်တစ်ဦးက ဝန်ခံသည်။ ထို့အပြင် ကာကွယ်ရေးတပ်ဖွဲ့များ၏ ခိုးယူမှုများကို စာရင်းဇယားနှင့်တကွ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) ထံသို့ တိုင်ကြားထားကြောင်းလည်း ဆိုသည်။
“ ညဘက်ကျ မြို့နဲ့နီးတော့ မနေရဲကြဘူးလေ။ အစောင့်မရှိတဲ့ချိန် ညဘက်ကျ ကာကွယ်ရေးတပ်ဖွဲ့တချို့က ဝင်ရောက်ခိုးယူတာတွေရှိတယ်” ဟု ၎င်းက ပြောသည်။
ယင်းသို့ ဝင်ရောက်ခိုးယူသည့် ကာကွယ်ရေးအဖွဲ့များသည် လက်နက်အင်အားကောင်းပြီး မြို့နယ်ပလဖက ဖမ်းဆီးပါက အချင်းချင်းပွတ်တိုက်မှုများ ဖြစ်ပေါ်နိုင်ကြောင်း သူက ဆက်ပြောသည်။
ကာကွယ်ရေးအဖွဲ့အချို့၏ စက်ရုံတွင်း ဝင်ရောက်ခိုးယူမှုအပေါ် ပလဖက တားမြစ်ခဲ့သော်လည်း ထိုအဖွဲ့များက လက်မခံ၊ ယင်းသို့ ခိုးယူမှုအပေါ် NUG အစိုးရထံ တိုင်ကြားခြင်းကလွဲ၍ အရေးယူမှုမရှိခဲ့ကြောင်းနှင့် ပြည်သူအချို့က ဝင်ယူမှုကိုမူ ဒဏ်ငွေရိုက်ခဲ့ကြောင်း ဆားလင်းကြီးမြို့နယ် ပအဖအဖွဲ့ဝင်ထံက သိရသည်။
“ပြည်သူတွေ အဲဒီလိုလုပ်တတ်ဖို့ သူတို့က အရင်ရှေ့က လုပ်ပြတာလေ။ အခုလည်း အဲဒီစက်ရုံထဲမှာ သူတို့ယူပြီးသား အကျန်တွေကို သွားယူတာကို ဖမ်းတယ်။ ကျမတို့ ပြည်သူတွေက သူတို့ကို ၃ နှစ်ကျော်တဲ့အထိ လက်နက်တွေဝယ်ဖို့ ထောက်ပံ့ပေးခဲ့တယ်။ အခုကျမတို့တတွေ လုံးဝကိုငတ်ပြတ်နေ လို့ သူတို့ယူပြီးသား အကျန်တွေကို သွားယူတာကို ဖမ်းတယ်။ သူတို့က စစ်တပ်ထက်တောင်ဆိုးနေပြီလို့ ခံစားရတယ်”ဟု ယင်းခိုးယူမှုထဲ မပါသည့် ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
ဆားထုံးရွာသားများသည် မုံရွာမြို့ကို အမှီပြု၍ လုပ်ကိုင်စားသောက်ရသည့်ရွာ။ မုံရွာမြို့တွင်စစ်တပ်က ပေါ်တာဆွဲနေသဖြင့် သွားရောက်လုပ်ကိုင်ရဲခြင်းမရှိ၊ ထို့ကြောင့် စာဝတ်နေရေးခက်ခဲလာသည့်အတွက် သွားရောက်ယူဆောင်ရခြင်းဖြစ်ပြီး စက်ရုံထဲ၌ ပစ္စည်းကြီးကြီးမားမားမရှိတော့ဘဲ သံတိုသံစများသာ ကျန်တော့ကာ တနိုင်တပိုင်သာသယ်ယူခြင်းဖြစ်ကြောင်း ကိုဝင်းမောင်က ပြောသည်။
“ ကျတော်တို့သွားယူတော့ အစောင့်မရှိဘူး။ စက်ရုံက ဟင်းလင်းပြင်ကြီးဗျ။ ခြံစည်းရိုးရှိတယ်ဆိုပေမဲ့ အပေါက်တံခါးက ဒလဟောကြီးကိုဗျ” ဟု သူက ပြောသည်။
ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင် တစ်ဦးကမူ သံတို၊ သံစယူခြင်းမျိုးမဟုတ်ဘဲ စက်ရုံအတွင်းရှိ ရက်ကန်းစင်အကောင်းများကို သံတို၊ သံစဖြစ်အောင် ဖျက်ဆီးပြီးမှ ယူခြင်းဖြစ်သည်ဟု ဆိုသည်။
ယင်းသို့ ကိုဝင်းမောင်နှင့် ဆားလင်းကြီးပအဖ အဖွဲ့ဝင်၏ ပြောကြားချက်မှာ ကွဲလွဲနေပြီး အဆိုပါပြဿနာထဲတွင် မပါဝင်သော ဆားလင်းကြီးအခြေစိုက် ယင်းမာပင်ခရိုင် PDF တပ်ရင်း – ၃၅၊ တပ်ခွဲ (၃) နှင့် Chindwin Dynamite (Salingyi) တို့ထံ ဆက်သွယ်မေးမြန်းခဲ့ရာ ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။
မည်သို့ပင်ဆိုစေ၊ ယခုပြဿနာကြောင့် တော်လှန်ရေး ပုံရိပ်ကျဆင်းသွားခြင်းမျိုး မဖြစ်စေချင်သလို တော်လှန်ရေးပုံရိပ်မကျအောင် အားလုံးက ဝိုင်းဝန်းလုပ်ဆောင်ရမည်ဟု ဆားလင်းကြီးပအဖ အဖွဲ့ဝင်က ဆိုသည်။
ပုလဲမြို့နယ်အခြေစိုက်၊ ယင်းမာပင်ခရိုင် တပ်ရင်း၁၀၊ တပ်ရင်းမှူး ရဲဘော်ပေကမူ ” ဒီဟာက တော်လှန်ရေးအပေါ်မထိခိုက်နိုင်ပါဘူးဗျ။ တကယ်တမ်းကျတော့ နောက်ကွယ်က အရှုပ်အရှင်းတွေ အများကြီးရှိတယ်ဗျ။ ပြောရမယ်ဆိုရင်တော့ မှားတာတော့ နှစ်ဘက်စလုံးမှားတာလို့ပြောချင်ပါတယ် “ ဟု ဆိုသည်။
ဆက်လက်ပြီး ရဲဘော်ပေက ယင်းပြဿနာကို အမျိုးသားညီညွှတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ကိုင်တွယ်ဖြေရှင်းမည်ဆိုလျှင် ပြေလည်သွားလိမ့်မည်ဟုလည်း ဆိုသည်။
လက်ရှိတွင်တော့ ယင်းပြဿနာကို ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က စုံစမ်းစစ်ဆေးနေ ပြီဖြစ်ပြီး ဆားထုံးရွာသားများကမူ တာဝန်ရှိသူတို့က သေချာရေရာသည့် ဖြေရှင်းချက်မျိုး မလုပ်ပေးနိုင်သေးဟု ဆိုသည်။
ဆားလင်းကြီးမြို့နယ်၊ ပြည်သူ့လုံခြုံရေးအဖွဲ့၏ တာဝန်ရှိသူများကို ပြောင်းလဲရန် ရှိ၊ မရှိနှင့် ပတ်သက်ပြီး ” ရှိနိုင်ပါတယ်ဗျ။ ရှိမှာပါဗျ။ ကျတော့်ရဲ့ လက်ရှိတာဝန်အနေအထားရလည်း လုပ်ပိုင်ခွင့်မရှိတော့ ဒါကတော့ လုပ်ထုံးလုပ်နည်းအတိုင်းတော့ ရှိမှာပါ” ဟု ဆားလင်းကြီးမြို့နယ်ပလဖအဖွဲ့ဝင်တစ်ဦး က ပြန်လည်ဖြေကြားသည်။
ဆားထုံးရွာသားများကမူ ဆားလင်းကြီးမြို့နယ် ပလဖ အလိုမရှိ၊ ဆားထုံးရွာသားများအပေါ် စစ်တပ် ထက် ပိုဆိုးသည့်လုပ်ရပ်ကို ကျူးလွန်ခဲ့ခြင်းဟု တညီတညွတ်တည်း မှတ်ချက်ပြုကြသည်။
“ သူတို့ (ပလဖ) မရှိတာဘဲ ကောင်းပါတယ်။ ဒါမရှိလို့ မဖြစ်ဘူးဆိုရင်တော့ နောက်လူ ပြောင်းလိုက်ပေါ့လေ။ တရားမျှတတဲ့ လူကိုပဲ ပြောင်းစေချင်ပါတယ်။ ဟိုဘက်ဒီဘက်ညီမျှတဲ့ သူပေါ့လေ။ မညီမျှဘဲနဲ့ သူတို့ဘက်သူတို့ပဲ ဆွဲယူမဲ့လူမျိုးဆို လက်မခံနိုင်ဘူး” ဟု မမြင့်စိန်က လေသံမာမာဖြင့် ဆိုလိုက်သည်။