“စစ်ထဲမဝင်ချင်လို့သာ ထွက်လာရတာ၊ ရဲမြင်ရင် ကြောက်နေရတဲ့ မဲဆောက်မှာ ကျတော်မ ပျော်ဘူး”ဟု အငယ်ကောင် (အိမ်အမည်) က နွမ်းဖတ်နေသောလေသံဖြင့် ပြောသည်။
အငယ်ကောင်မှာ ယခုမှ အသက် ၁၉ နှစ်ပြည့်ပြီးစ အရွယ်။ ဟိုး…မွန်ပြည်နယ် မြို့လေးတစ်မြို့မှ ထွက်ပြေးတိမ်းရှောင်လာခဲ့သူ။ မိဘမရှိ၊ နောက်ခံအသိုင်းအဝိုင်းမရှိ၊ မူလတန်းပ ညာရေးပင် သင်ကြား တတ်မြောက်ခဲ့ခြင်းမရှိ။ ကြီးတော်များနှင့်အတူ အကြော်တဲတွင် ညှော်နံ့များ တလူလူဖြင့် ဘဝကို ထု ဆစ်ခဲ့သူ။ သူတို့၏ အကြော်ဆိုင်မှာ သူတို့၏မြို့လေးတွင် ဂုဏ်ထူးဆောင်အ မှတ်တံဆိပ်အဖြစ် နှစ်လရှည်ကြာ အောင်လံစိုက်ထူခဲ့ပြီးဖြစ်၍ သူတို့မိသားစုဘဝ အမြင်မလှသော်လည်း စားနိုင်သောက်နိုင်ရုံတင်မက စုမိဆောင်းမိ ငွေသားများဖြင့် ခိုင်ခိုင်မာမာ။
“စစ်တပ်ထဲ ဝင်ရမယ့်ဥပဒေ ထွက်လာတော့ ကျတော်တို့က မျက်နှာမွဲတွေလေ။ စာတွေဘာ တွေလည်း မတတ်တော့ သူများထက် စစ်ထဲအရင်ဝင်ရမှာပဲ။ အဲ့ဒါနဲ့ အဒေါ်တွေက စိတ်ချရတဲ့ ပွဲစားနဲ့ မြန်မြန်လွှတ်လိုက်တာ”ဟု မဲဆောက်မြို့သို့ ဖေဖော်ဝါရီလလယ်ပိုင်းက ရောက်လာသူ အငယ်ကောင်က ဆိုသည်။
အငယ်ကောင်မှာ နိုင်ငံရေးဆိုသည်ကို မသိ၊ မည်သို့သောအကြောင်းကြောင့် စစ်တပ်ထဲ ဝင်ခိုင်းနေသလဲ သူမသိ၊ ကိုယ့်ဘာသာ ရိုးရိုးသားသား လုပ်ကိုင်စားသောက်နေသူများကို အဘယ့်ကြောင့် အဓမ္မ စစ်ထဲ သွင်းနေရပါသနည်း၊ သူ မသိ။ သေနတ်ကိုင်ထားသည့် စစ်သား မပြောနှင့်၊ ရပ်ကွက်လူကြီး၊ ရာအိမ်မှူးကိုပင် မော်မကြည့်ဝံ့သူတစ်ဦးဖြစ်သဖြင့် ရုန်းကန် တည်ဆောက် အခြေကျပြီးသားဘဝကို ဖျက်ကာ မဲဆောက်မြို့သို့ မလာချင်ဘဲ လာခဲ့ရသည်။
“ဒီမှာက အလုပ်ရှိလို့ ထမင်းနပ်မှန်တယ်၊ ပိုက်ဆံနည်းနည်းစုမိတယ်ဆိုပေမဲ့ ဘယ်ကိုမှမသွားရဲဘူး။ အကုန်ကြောက်နေရတယ်။ အိမ်ပဲပြန်ချင်တယ်”ဟု မွေးမြူရေးလုပ်ငန်းခွင် တစ်ခုသို့ ရောက်ရှိနေသူ အငယ်ကောင်က နွားစာအတွက် ရိတ်ထားသော မြက်ပုံနံဘေး ခြေပစ်လက်ပစ်ထိုင်ကာ မပျော်ရွှင်သော သူ့ဘဝပစ္စုပ္ပန်အကြောင်း ပြောပြသည်။
အငယ်ကောင်ကဲ့သို့ပင် စစ်တပ်ထဲ လုံးဝမရောက်ရေး ထွက်ပြေးလွတ်မြောက်လာသူ ကိုရဲ ဝင်း (အမည်လွှဲ) ကလည်း မဲဆောက်တွင် မပျော်ရုံတင်မက မောလို့။ ကျောတစ်ခင်းစာ တစ်လ ဘတ် ၅၀၀ ပေးရသော စုတ်ချာချာ အခန်းတစ်ခုတွင် အနာဂတ်ဆိုသည် မှောင်မိုက်လို့။
PDF လှုပ်ရှားမှု အားနည်းသော ကိုရဲဝင်း နေထိုင်ရာ ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်တွင် စစ် တပ်က အဓမ္မစစ်မှုထမ်းခိုင်းခြင်းအမှုကို ဖိဖိစီးစီး ဆောင်ရွက်လာနိုင်ခြေ ရှိသဖြင့် စစ်မှုထမ်းဥပဒေ ထွက်ပေါ်ပြီး ၅ ရက်အကြာ၌ အခြေတကျ ကုမ္ပဏီဝန်ထမ်းဘဝအား စွန့်ကာ အမှောင်ထွန်းနေသည့် မဲဆောက်သို့ ခြေစုံပစ်ခဲ့ခြင်းဖြစ်သည်။
“မဲဆောက်မြေကို ခြေချလိုက်တဲ့အချိန်မှာ စခ (စစ်တပ်) ရန်ကနေ ငါလွတ်ပြီဆိုပြီး ပျော်သွား တယ်။ မဲဆောက်ရောက်ပြီး တစ်ပတ်လောက်ကြာတော့ ရေရှည်မှာ ထမင်းဘာနဲ့စားမလဲ ၊ဘယ်လို ရပ်တည်မလဲ ဆိုတာ တွေးပြီး ကြောက်လာတယ်”ဟု သူက ဆိုသည်။
ကိုရဲဝင်းမှာ ယခု အသက်၂၄ နှစ်အရွယ်ထိ အလုပ်ကြမ်းမလုပ်ခဲ့ဖူး၊ ကုမ္ပဏီဝန်ထမ်းဘဝဖြင့် အသားကျခဲ့သူတစ်ဦးဖြစ်၍ နေ့စားအလုပ်ကြမ်းများသာ ရှိသော မဲဆောက်တွင် သူ့အနာဂတ်ကို မည်သို့မည်ပုံ နေရာ ချရမည်မသိ။ လတ်တလောတွင် တက်ကြွလှုပ်ရှားသူ ပြည်ပြေး အစ်ကို ရှိနေခြင်းနှင့် စုထားဆောင်းထားသော ငွေအချို့ ပါလာခြင်းကြောင့်သာ ကျောတစ်ခင်းစာနှင့် ထမင်း၂ နပ် မှန်နေခြင်းသာ။ အနာဂတ်ဆိုသည်မှာ သူ့အတွက် သိပ်ဝေးလွန်းသည့်အရာ၊ မနက်ဖြန်၊ သဘက် ခါကိုပင် တွေးရခက်လှသည်ဟု ဆိုသည်။
“ဒီမှာက စက်ရုံအလုပ်လောက် မရှိတော့ ကျတော်က အလုပ်ကြမ်းမလုပ်နိုင်ဘူးလေ။ တရား ဝင်ကတ် တစ်ခုခု ရအောင်လုပ်ပြီး ဘန်ကောက်တက် အလုပ်ရှာဖို့ တစ်လမ်းပဲရှိတယ်”ဟု မပီဝိုးတ ဝါး သူ့ အိပ်မက်ကို ပြောပြသည်။
တရားမဝင် စစ်မှုထမ်းဥပဒေထွက်ပေါ်လာသည့် ဖေဖော်ဝါရီ ၁၀ ရက် နောက်ပိုင်းတွင် PDF တပ်ဖွဲ့ထဲလည်း မဝင်လို၊ ကိန်းကြီးခန်းကြီး လေယာဉ်ကြီးစီးကာ နိုင်ငံရပ်ခြားသို့လည်း ပညာတော် သင် မထွက်ခွာနိုင်၊ မဲဆောက်တွင်လည်း လူခံရှိပြီးသား လူငယ်တို့မှာ စစ်တပ်ထဲ မဝင်ရရေးသည် နံပါတ်တစ်၊ နောင်ခါလာ နောင်ခါဈေး မဲဆောက်သို့ သုတ်ခြေတင်လာကြသည်မှာ မနည်းလှ။
မဲဆောက်မြို့သို့ ရောက်ရှိလာကြသူများမှာ ကိုယ့်အစီအစဉ်ဖြင့်ကိုယ် ရောက်ရှိလာကြခြင်း ဖြစ်သလို ကိုယ့်အစီအစဉ်ဖြင့်ကိုယ် ရပ်တည်ရသူမှာလည်း ၉၉ ရာခိုင်နှုန်း ကျော်ရှိကြောင်း မဲဆောက် တွင် အနေကြာနေပြီဖြစ်သော နိုင်ငံရေးတက်ကြွ လှုပ်ရှားသူ ကိုနိုင်းက ပြောသည်။
“တော်တော်များများက ဒီမှာ လူခံရှိလို့ လာကြတာ။ သူတို့နဲ့ပတ်သက်ပြီး အကူအညီကတော့ ကိုယ့်ထ မင်းကိုယ်စား၊ ကိုယ့်အားကိုယ်ကိုး၊ ကိုယ်ထူကိုယ်ထ၊ မဲဆောက်စတိုင်ပေါ့”ဟု ကိုနိုင်းက ပြောသည်။
မဲဆောက်တွင် နိုင်ငံရေးအရ တိမ်းရှောင်လာသူများကို အကူအညီပေးနေသည့် အဝေးရောက် ဧရာဝတီအသင်း (Overseas Irrawady Association-OIA) အတွင်းရေးမှူး ကိုဖိုးသင်္ကြန်က စစ် မှုထမ်းဥပဒေကြောင့် လတ်တလော မဲဆောက်သို့ တိမ်းရှောင်လာသော မိသားစုတစ်စုနှင့် လူငယ် (ကျား/မ) ၁၈ ဦးကို OIA ၏ Safe House တစ်လုံးတွင် သီးသန့်ထားရှိကြောင်းနှင့် ပြည်တွင်း၌ပင် ရှိနေသေးသော ပြည်သူ ၃၀၀ ကျော်ကလည်း OIA ထံ ဆက်သွယ်လာကြောင်း ပြောသည်။
“ကျတော်တို့ဆီကို ရောက်ရှိနေပြီးတော့ လတ်တလောကူညီနေတာကတော့ မိသားစု ၁ စုနဲ့ လူငယ် ကျား/မ ၁၈ ဦးကို Safe House မှာ ထားထားပြီး ရိက္ခာပေးထားပါတယ်။ ကျတော်တို့အနေနဲ့ သူတို့ကို တရားဝင်နေထိုင်ဖို့ ကတ်တော့ မလုပ်ပေးနိုင်ပါဘူး။ ဒါပေမဲ့ သွားရေးလာရေး အဆင်ပြေ နိုင်မယ့် ရဲကတ်တော့ ကျတော်တို့ လုပ် ပေးထားပါတယ်”ဟု ကိုဖိုးသင်္ကြန်က ပြောသည်။
တစ်လ ဘတ် ၅၀၀ ပေးရသော ကျောတစ်ခင်းစာ အခန်းတွင် ဖြစ်သလို နေထိုင်နေရသော ကိုရဲဝင်းကမူ မဲဆောက်၌ Safe House ပေးနေသော အဖွဲ့အစည်းတစ်ခုထံသို့ ဆက်သွယ်အကူအ ညီတောင်းခံထားသည်မှာ တစ်လခန့်ကြာပြီဖြစ်ပြီး ယခုအထိ အကြောင်းမပြန်သေးဟု ဆိုသည်။
စစ်မှုထမ်းဥပဒေကို ဆန့်ကျင်ကာ ဖေဖော်ဝါရီ ၁၄ ရက်က မဲဆောက်မြို့သို့ ရောက်လာသော ကိုသူဇော်ကလည်း “ကျတော် ရောက်ခါစကနေ ဒီနေ့အထိ (မတ်လ ၁၃ ရက်) ဘယ်အဖွဲ့အစည်းကမှ ကူညီမှုမရခဲ့သလို သိလည်းမသိဘူးဗျ။ ဘယ်ကို ဘယ်လို ဆက်သွယ်ရမှန်းကိုမသိဘူး”ဟု ဆိုသည်။
အသက် ၃၀ အရွယ်ရှိပြီဖြစ်သော ကိုသူဇော်မှာ ရန်ကုန်မြို့ရှိ စားသောက်ကုန်ကုမ္ပဏီတစ် ခုတွင် အလုပ်လုပ်ကိုင်နေသည်မှာ ကြာပြီဖြစ်သလို သူ့ဘဝရည်မှန်းချက်ဖြစ်သော စားသောက်ကုန် လုပ်ငန်းရှင် တစ်ယောက်ဖြစ်ရေးအိပ်မက်မှာ စစ်မှုထမ်းဥပဒေကြောင့် ပျက်စီးခဲ့သည်ဟု ဆိုသည်။
စစ်မှုထမ်းဥပဒေထွက်လာပြီးနောက် ရန်ကုန်မြို့တွင် နေ့စဉ်ဆိုသလို ပေါ်တာဆွဲနေခြင်းနှင့် စစ်တပ်ထဲရောက်သွားခဲ့လျှင် ကိုယ့်အချင်းချင်း ပြန်တိုက်ရမည့်အဖြစ်မျိုး လုံးဝ အဖြစ်မခံလိုခြင်း ကြောင့် မိသားစုနှင့်တိုင်ပင်ကာ မိတ်ဆွေများ ရှိနှင့်ပြီးဖြစ်သော မဲဆောက်သို့ ကိုသူဇော်ထွက်လာခဲ့ ခြင်းဖြစ်သည်။
“ကျတော် ဒီဘက် (မဲဆောက်) ကို စကူးလာတော့ အကုန်လုံး အသစ်ကနေ ပြန်စရတယ်။ ကျတော်ရခဲ့တဲ့ဘွဲ့တွေ၊ Certificate တွေကလည်း ဒီမှာ ဘာမှ သုံးစားလို့မရတော့ဘူး။ ကျတော် ဟိုဘက် (မြန်မာပြည်) မှာ ကြိုစားထားခဲ့သမျှ ဒီမှာ ဘာမှအသုံးမဝင်တော့ဘူးလေ။ မျှော်လင့်သမျှ အကုန်ပျက်စီးခဲ့ရတာပေါ့” ဟု သူက ဆက်ပြောသည်။
မဲဆောက်၏ အဓိပ္ပါယ်ကို မြန်မြန်ဆန်ဆန် သိရှိခဲ့သော ကိုသူဇော်မှာ မဲဆောက်ရောက်ပြီး မကြာမီမှာပင် သူရရှိခဲ့သော ဘွဲ့အား ခေါက်သိမ်းကာ သစ်သီးပွဲရုံတစ်ခု၌ နေ့စားသစ်သီးခွာ အလုပ် သမားအဖြစ် ပြတ်သားစွာ ခံယူလိုက်သည်။ တစ်ကြိမ်တစ်ခါမျှ အိပ်မက်ပင် မမက်ခဲ့ဖူးသော အလုပ် မို့ စစချင်း မကျွမ်းကျင်၊ တစ်နေ့ လုပ်အားခ ဘတ် ၁၀၀ ပင် မရ။ ယခုအခါမှာတော့ တစ်နေ့ ဘတ် ၂၀၀ ကျော်။ သို့သော်၊ နံနက် ၇ နာရီမှ ည ၁၀ နာရီအထိ လုပ်မှ ဘတ်၂၀၀ ကျော် ရရှိခြင်းဟုဆို သည်။
သစ်သီးခွာ အလုပ်သမားဘဝ၊ နံနက်ခင်း ထင်းထင်းရှင်းရှင်း အလင်းပွင့်ချိန်မှ ညကြီးမိုးချုပ်အထိ တကုပ်ကုပ်လုပ်မှ ဘတ်၂၀၀ ကျော် ရသည့်ဘဝ။ တရားမဝင် ပြည်ပြေးများအတွက် အလုပ်သမား အခွင့်အရေး သုညဆိုသည်မှာ မဆန်းလှ။ အဖမ်းအဆီးမခံရ၊ မဲဆောက်အချုပ်နှင့် ထောင်ထဲသို့ မရောက်ဘဲ လုံခြုံမှု အတန်အသင့်ရှိကာ ယခုလို ထမင်းနပ်မှန်ရုံ အလုပ်လေးတစ်ခုရ ကံကောင်းဟု ဆိုရမည့် ဘဝများ။
လူငယ်အချို့မှာမူ ကံဆိုးမသွားရာ မိုးလိုက်လို့ရွာနေသလိုမျိုး မဲဆောက်ပင် မရောက်လိုက်၊ သောင်ရင်းမြစ်ကိုကျော် ထိုင်းမြေကို ခြေချမိ ရုံရှိသေး ထိုင်းအာဏာပိုင်တို့၏ ဖမ်းဆီးခြင်းခံလိုက်ရ။ စစ်မှုထမ်း ဥပဒေထွက်လာပြီးနောက် တစ်လဝန်းကျင်အတွင်း ထိုင်းနိုင်ငံထဲသို့ တရားမဝင် ဝင်ရောက်မှုကြောင့် ဖမ်းဆီးခံရသူ ၆၀၀ ဝန်းကျင်ရှိပြီဖြစ်ပြီး အများဆုံး အဖမ်းခံရသည့်နေရာမှာ ထိုင်း-မြန်မာနယ်စပ် ကချနာဘူရီနှင့် မဲဆောက်ဘက်တွင်ဖြစ်ကြောင်း မြန်မာပြည်သားများ အရေး ပူးတွဲ လှုပ်ရှားမှုကော် မတီ ဥက္ကဋ္ဌ ဦးမိုးကြိုးက BBC သို့ ပြောကြားသည်။
NUG အစိုးရ၊ ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က “အကြမ်းဖက်စစ်အုပ်စုက အဓ္ဓမစစ်သားစုဆောင်းဖို့ ကြိုးစားလာတဲ့ နောက်ပိုင်းပေါ့နော်။ ဒီလိုမျိုး မိသားစုတွေ၊ လူငယ်တွေ ဒီလိုမျိုး ထွက်ပြေးလာတဲ့ အနေအထားမျိုးတွေ ရှိနိုင်တယ်ဆိုတာကို ကျတော်တို့ သက်ဆိုင်ရာ အိမ်နီးချင်းနိုင်ငံ အစိုးရတွေဆီကိုတော့ နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ စာပေးပို့ပြီးတော့ မေတ္တာရပ်ခံထားတာ ရှိတယ်။ ဒီလိုကိစ္စရပ်မျိုးတွေကို ကိုင်တွယ်တဲ့အခါမှာ လူသားချင်းစာနာထောက်ထားမှုရှိစွာနဲ့ ကိုင်တွယ်ပေးဖို့ မေတ္တာရပ်ခံထားတာမျိုး၊ စာတွေပို့ထားတာမျိုး ရှိပါတယ်။ ဒါကလည်း ထိုင်းနိုင်ငံတစ်ခုမှ မဟုတ်ပါဘူး။ အိမ်နီးချင်းနိုင်ငံတွေ အကုန်လုံးကို မေတ္တာရပ်ခံစာပေးပို့ထားတာရှိတယ်”ဟု ဆိုသည်။
ယင်းသို့ NUG အစိုးရ၏ မေတ္တာရပ်ခံထားချက်အရ ထိုင်းအစိုးရက မည်သို့မည်ပုံကိုင်တွယ် သွားမည်ကို မသိရသေးသော်လည်း စစ်မှုထမ်းဥပဒေကြောင့် ထိုင်းထောင်ထဲသို့ မြန်မာ ၆၀၀ ဝန်း ကျင် ရောက်ရှိနေပြီမှာ သေချာခဲ့ပြီ။ မဲဆောက်မြို့သို့ရော လူငယ်မည်မျှ ရောက်ရှိနေသနည်း။ စာရင်း ဇယားအတိအကျ မသိ။
“အခုရောက်လာတဲ့ လူငယ်တွေကို တစ်ခုခု ကူညီပေးဖို့ဆိုရင် လူငယ်ဘယ်နှစ်ယောက် ရောက်နေသလဲဆိုတဲ့ အခြေခံစာရင်းရှိဖို့ လိုတယ်။ အဲဒီလို စာရင်းရှိဖို့မပြောနဲ့ ၊စာရင်းဇယား လုပ်ဖို့လိုတယ်ဆိုတာကို NUG က သိပုံမရဘူး”ဟု မဲဆောက်အခြေစိုက် အမည်မဖော်လိုသူ NLD လွှတ်တော်အမတ်တစ်ဦးက ပြောသည်။
၎င်း၏ ခန့်မှန်းချက်မှာ မဲဆောက်ရောက်လာကြသော လူငယ်အရေအတွက် ၁၀၀၀ အောက် မလျော့။ မဲဆောက်တွင် အနေကြာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၅ ဦးကို မေးမြန်းခဲ့ရာ ၁ ဦးက ၅၀၀ ကျော်ဟု ဆိုကာ ကျန် ၄ ဦးမှာ ၁၀၀၀ ကျော်ရှိပြီဟု ခန့်မှန်းကြသည်။
နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ကိုနိုင်းက “ဝင်လာမစဲတသဲသဲပဲ။ စာရင်းဇယားအတိအကျ တော့ ဘယ်ရှိမလဲ။ ကျတော် မြင်နေတွေ့နေကြားနေ ရတဲ့အပေါ်အခြေခံပြီး ခန့်မှန်းပြောရရင် စစ်တပ်ထဲ မဝင်ချင်လို့ မဲဆောက်ရောက်လာတဲ့လူငယ် ၁၀၀၀ ကျော်ပြီ”ဟု ဆိုသည်။
ယင်းဥပဒေကို တရားမဝင်အသက်သွင်းခြင်းကြောင့် ပြည်သူလူထု ကြုံတွေ့လာသည့် ဘေးဒုက္ခများ လျော့နည်းစေရန် မဟာမိတ်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ လိုအပ်သည့် ကာကွယ်မှုများနှင့် ကူညီပံ့ပိုးမှုများ လုပ်ဆောင်သွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဖေဖော်ဝါရီ ၁၃ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသော်လည်း မဲဆောက်ရောက် လူငယ်များရော ထိုင်းသို့ တရားမဝင် ဝင်ရောက်စဉ် ထိုင်းအာဏာပိုင်တို့၏ ဖမ်းဆီးခြင်းခံရသော လူငယ်များပါ အကူအညီတစ်စုံတစ်ရာ ရရှိသည်ဟု မကြားရသေး။
မဲဆောက်မြို့ရှိ နိုင်ငံရေးတက်ကြွလှုပ်ရှားသူအချို့က မဲဆောက်အခြေစိုက် NUG အဝန်း အဝိုင်းက မဲဆောက်ရောက်လူငယ်များအား အကူအညီပေးသည်ဟု မကြားကြောင်း တညီတညွတ် တည်း ဆိုကြသည်။
“NUG အနေနဲ့ မဲဆောက်လို ပြည်ပ ထွက်ပြေးလာတဲ့ သူတွေကို ဘယ်လိုကူညီပေးသင့်လဲဆို တာကို ဖြေရရင် အရင်ဆုံး ကိုယ့်အင်အားကို သုံးသပ်ရမယ်။ ကိုယ့်ရဲ့ လူအား၊ ငွေအား၊ လုပ်နိုင်စွမ်း အားကို အရင် သုံးသပ်ရမယ်။ ပြီးရင် ဒါတွေကို လက်တွဲ လုပ်ဆောင်မယ့် မဟာမိတ်တွေကို ပြောပြပြီး လိုအပ်တာတွေ ဆွေးနွေး တိုင်ပင်ရမယ်။ ထိုင်းအစိုးရနဲ့လည်း စကားပြောရမယ်။ ဒီလို ဆွေးနွေး ပြောဆိုမှုတွေက ရလာတဲ့ ရလဒ်တွေကို အခြေတည်ပြီး ကိုယ်လုပ်နိုင်တာကို စတင်အကောင်အထည် ဖော်သင့်တယ်။ လုပ်သင့်တာတွေတော့ အများကြီးပေါ့။ ကျတော်တို့ လုပ်နိုင်သလောက်ပဲ ပြောပြီး စလုပ်ပါ။ တဖြည်းဖြည်း ချဲ့ထွင်သွားပါ။ ဒါမှ ထိရောက်မယ်”ဟု နိုင်ငံရေးဆောင်းပါးရှင် ဆရာနောင်ဘိုက အကြံပြုသည်။
ဆက်လက်ပြီး ဆရာနောင်ဘိုက NUG အစိုးရသည် ကြေညာချက်များကိုသာ ထုတ်နေပြီး လက်တွေ့ ဖော်ဆောင်မှု အားနည်းနေကြောင်းလည်း ဆိုသည်။
“ကျတော့်အမြင်တော့ သူတို့က (NUGအစိုးရ) ကိစ္စတစ်ခုကို ဘယ်သူတွေနဲ့ ဘာအကောင် အထည် ဖော်မယ်ဆိုတာမျိုး စနစ်တကျ စီစဉ်တာ အားနည်းတယ်။ အဲ့ဒီတော့ စာသာထုတ်လိုက် တယ်။ မြေပြင်မှာ အကောင်အထည် ဖော်မယ့်သူ မရှိဘူး။ ဒါ၊ ကျတော့် မျက်မြင်ကိုယ်တွေ့ပဲ။ အလုပ်လုပ်တာ for show သက်သက် လုပ်မရဘူး။ ဒါကို အခုထိ သဘောမပေါက်သေးတာလား။ တခြားသူတွေကို တာဝန်ပေးဖို့ တွန့်နေတာလားတော့ ကျတော် မပြောတတ်ဘူး။ သူတို့ ထုတ်တဲ့စာနဲ့ သူတို့ မြေပြင်မှာ အကောင်အထည် ဖော်နေတာနဲ့က တခြားစီပဲ”ဟု ဆရာနောင်ဘိုက ဝေဖန်သည်။
ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကမူ NUG အစိုးရသည် တော်လှန်ရေးအ စိုးရ တစ်ရပ်ဖြစ်သောကြောင့် အခြားနိုင်ငံသို့ ရွှေ့ပြောင်းလာသော လူငယ်များကို အလုံးစုံတာဝန် ယူနိုင်ရန် ခက်ခဲသော်လည်း လူမှုအခြေပြုအဖွဲ့အစည်းများနှင့် ချိတ်ဆက်ကာ မဲဆောက်ရောက်လူငယ်များအား အကူအညီပေးနိုင်မည့် နည်းလမ်းရှာသွားမည်ဟု ဆိုသည်။
ပြည်သူကို အတင်းအဓမ္မစစ်မှုထမ်း ခိုင်းစေမည့် စစ်ကောင်စီ၏ အစီအစဉ်နှင့် ပတ်သက်ပြီး တော်လှန်ရေးအဖွဲ့အစည်း ၄၁ ဖွဲ့ကလည်း မတ်လ ၅ ရက်တွင် ဘုံသဘောထားကြေညာချက် ထုတ်ပြန်ရာ၌ စစ်ကောင်စီ၏ ဖိနှိပ်မှုကို ဆန့်ကျင်ပြီး အရပ်သားအဖြစ်သာ နေထိုင်လိုသူများအား စစ်ကောင်စီ အန္တရာယ်နှင့်ကင်းဝေးရာ ဒေသများသို့ ပြောင်းရွှေ့အခြေချနိုင်ရေး တတ်အားသရွေ့ ကူညီသွားမည်ဟု ဆိုထားသေးသည်။
ယင်းထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး ပြောရေးဆိုခွင့်ရှိသူ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး အထွေထွေ သပိတ်ကော်မတီ (GSC) မှ ဒေါ်နှင်းနှင်းမွှေးက “ စစ်မှုမထမ်းချင်လို့ တိမ်းရှောင်လာတဲ့သူတွေကိုလည်း တတ်အားသရွေ့ အကူအညီပေးဖို့လိုတယ်ဆိုတဲ့ စဉ်းစားချက်နဲ့ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ အသေးစိတ် အစီအစဉ်တွေကိုတော့ ဆွေးနွေးညှိနှိုင်းနေကြဆဲ ဖြစ်ပါတယ်”ဟု ဆိုသည်။
စစ်ကောင်စီ၏ တရားမဝင် ပြဋ္ဌာန်းချက် စစ်မှုထမ်းဥပဒေသည် မြန်မာတစ်နိုင်ငံလုံးကို တုန်လှုပ် ခြောက်ခြားစေခဲ့သည်။ များစွာသော လူငယ်တို့မှာ PDF တပ်ဖွဲ့များဆီ ရဲရဲတောက် ခြေစုံပစ်ကြသလို တော်လှန်ရေးနယ်မြေများဆီသို့ အရပ်သားအဖြစ် ခိုလှုံသူ၊ အခြားနိုင်ငံများသို့ တိမ်းရှောင်ကြသူများဖြင့် စစ် ကောင်စီကို ဆန့်ကျင်ခဲ့ကြသည်။
စစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်းခဲ့သော စစ်ကောင်စီနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ အထူး အကြံပေးကောင်စီ (SAC-M) အဖွဲ့ဝင် မစ္စယန်ဟီးလီက “ အာဏာသိမ်းလုပ်ရပ်ရဲ့ ကျဆုံးခန်းကို လက်ခံဖို့ထက် လူငယ်မျိုးဆက်တစ်ခုလုံး ဖျက်ဆီးလိုက်ဖို့ပဲ ဆန္ဒရှိနေတာကို ပြလိုက်တာပဲ”ဟု မှတ် ချက်ပြုခဲ့သည်။
စစ်မှုထမ်းဥပဒေကို ပြဌာန်းကာ လက်တွေ့ဖော်ဆောင်နေခြင်းသည် နိုင်ငံနှင့်ချီသော လူ့အ ခွင့်အရေး ချိုးဖောက်မှုကြီး။ မြန်မာလူငယ်တို့မှာ တည်ဆောက်ထားသမျှ ဘဝများအလီလီကို ပစ်ချ ကာ လောကဓံမျိုးစုံ ခင်းထားသည့် ကွင်းများဆီသို့ ခုန်ဆင်းနေကြပြီဖြစ်သော်လည်း နိုင်ငံတကာ အသိုင်းအဝိုင်းက လျစ်လျူရှုနေဆဲ ဖြစ်သလို ပြည်တွင်း အဖွဲ့အစည်းများထံက ထိရောက်သည့်အကူ အညီများလည်း မရသေးပေ။
သို့သော်၊ မစ္စယန်ဟီးလီ ပြောသလို စစ်ကောင်စီက လူငယ်မျိုးဆက်တစ်ခုလုံးကို ဖျက်ဆီးပစ် ရန် ရည်ရွယ်သော်လည်း လူငယ်မျိုးဆက်တို့သည် မသေရေးချ မသေ၊ ကိုယ့်အလံ ကိုယ့်နည်းကိုယ့် ဟန်ဖြင့် လွှင့်ထူနေဆဲဖြစ်သည်။
စားသောက်ကုန် ကုမ္ပဏီဝန်ထမ်းမှသည် သစ်သီးခွာ နေ့စား အလုပ်သမားအဖြစ်သို့ ရောက် ရှိနေသူ ကိုသူဇော်က “ လတ်တလောက မြန်မာပြည်လည်း ပြန်လို့မရဆိုတော့ အနာဂတ်ကတော့ ဝါးတားတားပါဗျာ။ ဒါပေမဲ့လည်း မတတ်နိုင်ဘူး။ ကိုယ်နိုင်သလောက် လုပ်မယ်။ ပိုတဲ့ငွေ တော်လှန်ရေး ထဲကို ပြန်လှူမယ်။ ဒီတော် လှန် ရေး မြန်မြန်ပြီးရင် မြန်မြန် အိမ်ပြန်ရမယ်။ ဒါကိုက ကျတော့် အနာဂတ်လိုဖြစ်နေပြီ” ဟု လက်သီးကို ကျစ်ကျစ်ဆုပ်၊ အံကိုတင်းတင်းကြိတ်ကာ ဆိုလိုက်သည်။