အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၄ ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်းခဲ့ပြီးနောက် လူငယ်များအကြား လှုပ်ခတ်မှုများ ဖြစ်ပေါ်ခဲ့သည်။
၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်နေ့တွင် နေပြည်တော်၌ ပြုလုပ်ခဲ့သည့် နစကပြည်ထောင်စုဝန်ကြီးများ အစည်းအဝေးတွင် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “ စစ်မှုမထမ်း မနေရ ဥပဒေကို မဖြစ်မနေလုပ်ရမယ်။ တစ်နှစ်အတွင်း အကောင်အထည်ပေါ်အောင်လုပ်ရမယ်” ဟု ပြောဆိုခဲ့ပြီး တစ်နှစ်အကြာ၌ တရားဝင်ပြဋ္ဌာန်းလိုက်ခြင်းဖြစ်သည်။
ထိုကဲ့သို့ ပြဋ္ဌာန်းခဲ့သည့် စစ်မှုထမ်းဥပဒေတွင် အသက် ၁၈ နှစ်နှင့် ၃၅ နှစ်ကြား အမျိုးသားများနှင့် အသက် ၁၈ နှစ်နှင့် ၂၇ နှစ်ကြား အမျိုးသမီးများ စစ်မှုထမ်းရမည်ဟု သတ်မှတ်ထားပြီး ဘွဲ့ရအမျိုးသားများအနေဖြင့် အသက် ၄၅ နှစ်အထိ၊ ဘွဲ့ရ အမျိုးသမီးများအနေဖြင့် အသက် ၃၅ နှစ်အထိ အကျုံးဝင်နေခြင်းဖြစ်သည်။
စစ်မှုထမ်းဥပဒေပြဌာန်းလိုက်ခြင်းသည် စစ်တပ်အနေဖြင့် နွေဦးတော်လှန်ရေးအတွင်း အကျအဆုံး များနေခြင်းကြောင့် စစ်သားလိုအပ်ချက်အရ ပြဋ္ဌာန်းလိုက်ခြင်းဖြစ်သည်ဟု စစ်တပ် CDM အသိုင်းအဝိုင်းက ဆိုသည်။
အာဏာသိမ်းပြီးနောက် စစ်ကိုင်း၊ မကွေး၊ ကရင်နီ၊ ကချင်၊ ရှမ်းမြောက်၊ ကရင်၊ ရခိုင် စသည့်ဒေသများ၌ တော်လှန်ရေး အင်အားစုများ၏ စစ်မျက်နှာဖွင့် တိုက်စစ်များကြောင့် စစ်ကောင်စီဘက်မှ ကျဆုံးမှုများ၊ အလင်းဝင်ရောက်မှုများ များပြားနေသည့်အတွက် တပ်သားအင်အား ဆက်တိုက်ပြုန်းတီးနေသည်ကို တွေ့ရှိရသည်။
“ ချက်ချင်းကြီး ဥပဒေထုတ်၊ ချက်ချင်းကြီး စာရင်းကောက်တာတွေလုပ်တော့ လန့်နေပြီ၊ ဘာလုပ်ပေးရမှန်းလည်း မသိတော့ဘူး။ စစ်ထဲရောက်သွားရင် ရှေ့တန်းမှာ သေဖို့က များနေပြီ၊ ကိုယ့်သားသမီးတွေအတွက် စိတ်ပူတယ်” ဟု မန္တလေးမြို့၊ ချမ်းအေးသာဇံမြို့နယ်မှ မိခင်တစ်ဦးက ၎င်း၏ စိုးရိမ်ပူပန်မှုကို ယခုကဲ့သို့ ပြောသည်။
အာဏာမသိမ်းခင်ကာလများအတွင်း စစ်တပ်၏အင်အားမှာ ၅ သိန်းဝန်းကျင်ရှိကြောင်းကို စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်များ၊ တပ်ထောက်ခံသူများက ပြောနေကြသော်လည်း လူသစ်မရရှိခြင်း၊ တပ်ပြေးများခြင်း၊ အောက်ခြေအရာရှိများ၏ စာရင်းလိမ်လည်တင်ပြခြင်းများ ကြောင့် ၂ သိန်းကျော်ဝန်းကျင်သာရှိတော့သည်ဟု စစ်ရေးလေ့လာသုံးသပ်သူများက ပြောသည်။
ISP -Myanmar ၏ သုတေသနပြုလေ့လာချက်အရ ၂၀၂၁ အာဏာမသိမ်းခင်ကာလ၌ စစ်သည်အင်အား ၁၆၀၀၀၀ သာရှိသည်ဟု ဖော်ပြထားသည်။ အဆိုပါအရေအတွက်သည် ပိုမိုနည်းပါးနိုင်သည်ဟုလည်း စစ်ရေးလေ့လာသုံးသပ်သူများက ပြောသည်။
“ စစ်တပ်မှာ စစ်သားမရှိတော့လို့ အခုလိုလုပ်တယ်ဆိုတာ ထင်ရှားပါတယ်။ လူငယ်တွေအနေနဲ့ ဘယ်လိုရုန်းထွက်ကြမလဲဆိုတာ ကြိုတင်ပြင်ဆင်ထားဖို့လိုပါတယ်” ဟု လေကြောင်းရန်ကာကွယ်ရေး CDM စစ်တပ်အရာရှိတစ်ဦးက မှတ်ချက်ပေးသည်။
ထို့အပြင် စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ကို ဖွဲ့စည်းပြီးနောက် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများအလိုက် စစ်မှုထမ်းနိုင်သည့် လူငယ်များ စာရင်းကို ကောက်ခံလျက်ရှိနေသည်။
ယခုစစ်မှုထမ်းဥပဒေကြောင့် အခြေခံလူတန်းစား၊ အလုပ်သမား၊ လယ်သမားများအတွက် ရွေးချယ်စရာမရှိသည့် အခြေအနေသို့ စိုက်ရောက်နေပြီး ငွေရှင်ကြေးရှင်လူတန်းစားများအနေဖြင့် နိုင်ငံရပ်ခြားသွားခြင်း၊ စစ်တပ်ပေါ်တာဆွဲခံရခြင်းနှင့် တော်လှန်ရေးတပ်ဖွဲ့များဆီ ဝင်ရောက်ခြင်း လမ်းများကို ရွေးချယ်နိုင်ကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ဟိန်းဇင်က သုံးသပ်သည်။
“ နိုင်ငံက မြောင်းထဲရောက်ပြီး နစ်သထက်နစ်သွားလိမ့်မယ်။ အလုပ်သမား၊ လယ်သမားတွေအတွက်က ရွေးချယ်စရာမရှိဘူး။ ဘဝပေးအခြေအနေအရကိုက ရွေးချယ်စရာမရှိတဲ့အတွက် အလုပ်သမား၊ လယ်သမားထုရဲ့ အုံကြွမှုတွေ ဖြစ်လာနိုင်တယ်” ဟု ရဲဘော်ဟိန်းဇင်က ဆိုသည်။
ဥပဒေပြဋ္ဌာန်းပြီးချိန်မှစတင်၍ ရက်ပိုင်းအတွင်း စစ်ကောင်စီဘက်မှ အလျင်အမြန် ပြင်ဆင်မှုများ ဆက်တိုက်ဆိုသလို ပြုလုပ်နေပြီး၊ ဧပြီလကုန်ပိုင်းတွင် စစ်သင်တန်းအပတ်စဥ် ၁ အတွက် စတင်ခေါ်ယူမည်ဟု ဆိုထားသည်။ အပတ်စဥ်တစ်ခုတွင် လူ ၅၀၀၀ နှုန်းနှင့် တစ်နှစ်စာအင်အား လူ ၆၀၀၀၀ လျာထားပြီး ခေါ်ယူမည်လည်း ဖြစ်သည်။
“ ဥပဒေဆိုတာက တရားဝင်ပြဋ္ဌာန်းဖို့ ရေးဆွဲပြီးရင် လွှတ်တော်မှာ အတည်ပြုရတယ်။ လွှတ်တော်က အတည်ပြုပြီးရင် ဥပဒေရဲ့ အားနည်းချက် အားသာချက်တွေကို ဆွေးနွေးရမယ်။ ပြီးမှအတည်ပြုရမယ်။ အဲ့ဒီမှာမှ နည်းဥပဒေဆိုတာလည်း ရှိသေးတယ်။ အဲ့ဒီလိုမှ မဟုတ်ဘဲ ရေးချင်တာရေးပြီး ဥပဒေဆိုတာ မျိုးက ဥပဒေလို့ သတ်မှတ်လို့မရဘူး။ အတည်မဖြစ်ဘူးပေါ့ဗျာ၊ ပြတ်ပြတ်သားသား ပြောရရင် စစ်မှုထမ်းဥပဒေဆိုတာ တရားဝင် ပေါ်တာဆွဲတာမျိုးပါဘဲ” ဟု စစ်မှုထမ်းဥပဒေနှင့်ပတ်သက်ပြီး တရားလွှတ်တော်ရှေ့နေ ဦးဇင်မြင့်က ပြောသည်။
ဥပဒေတစ်ခုရေးဆွဲရာတွင် ဥပဒေပညာရှင်များဖြင့် တိုင်ပင်ဆွေးနွေးရေးဆွဲပြီးနောက် ဥပဒေတစ်ခု ရေးဆွဲရမည်ဖြစ်ကာ၊ ၎င်းနောက်ဆက်တွဲအဖြစ် နည်းဥပဒေပြဌာန်းပြီးမှသာ အကျုံးဝင်မည်ဖြစ်သဖြင့် လက်ရှိ စစ်ကောင်စီ ပြဋ္ဌာန်းထားသည့် စစ်မှုထမ်းဥပဒေသည် အကျုံးဝင်သော ဥပဒေတစ်ခုမဟုတ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဒေါ်သန္တာတင်က သုံးသပ်ထားသည်။
ထို့ပြင် စစ်ကောင်စီက လက်ရှိပြဋ္ဌာန်းထားသည့် ဥပဒေများသည် လိုသလို ထုတ်ပြန်ထားခြင်း များသာဖြစ်ပြီး ဥပဒေဟု ပြောဆို၍မရဘဲ၊ လက်နက်ဖြင့် ခြိမ်းခြောက်ထားသည့် စကားများကို ဥပဒေဆိုသည့် စကားရပ်ဖြင့် ဖုံးကွယ်ခြင်းဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။
“ဥပဒေကတော့ Act၊ လွှတ်တော်ကပြဌာန်းတာ statute law၊ နည်းဥပဒေက ဥပဒေပြဌာန်း ချက်တွေကိုဘယ်လို အကောင်အထည်ဖော်ရမလဲ ဆိုတဲ့ လက်တွေ့ပြဋ္ဌာန်းချက် rules and regulation ပေါ့၊ နည်းဥပဒေက ဥပဒေကို မကျော်လွန်နိုင်ဘူး။ ဥပဒေပါ အချက်တွေရဲ့ လက်တွေ့ လုပ်ဆောင်ရမယ့် နည်းလမ်းကို နည်းဥပဒေကပြဋ္ဌာန်းတာ၊ ဥပဒေက ပင်ရင်း၊ နည်းဥပဒေက လက်အောက်ခံ၊ ဥပဒေကို လုပ်ထုံးလုပ်နည်းအရ နည်းဥပဒေပြဋ္ဌာန်းပြီးမှသာ အကျုံးဝင်တယ်။ အခုဟာက အုပ်စုဖွဲ့ ထင်ရာစိုင်းကြတာမျိုးဘဲ”ဟု ဒေါ်သန္တာတင်က ပြောသည်။
စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကို NUG အစိုးရအနေဖြင့် ၂၀၂၄ ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် ထုတ်ပြန်ချက်တစ်စောင်ထုတ်ကာ ကန့်ကွက်ခဲ့ပြီး ယင်းထုတ်ပြန်ချက်တွင် “ စစ်မှုထမ်းဥပဒေဟာ တရားဝင်မှု အလျဥ်းမရှိတဲ့အတွက် ပြည်သူလူထုတွေအနေနဲ့ လိုက်နာရန်မလိုဘူးဟု ပါရှိသည်။
သို့သော် NUG ၏ ထုတ်ပြန်ချက်သည် ယေဘူယျဆန်သဖြင့် နိုင်ငံရေးလေ့လာသုံးသပ်သူများအကြား ဝေဖန်မှုများ ရှိခဲ့သည်။ အထူးသဖြင့် မြို့ပြအတွင်း နေထိုင်နေရသည့် ပြည်သူလူထုများအနေဖြင့် စစ်ကောင်စီ၏ အမိန့်ကို မလိုက်နာလျှင် ပြင်းထန်သည့် အပြစ်ပေးအရေးယူမှုများ ခံရမည်ဖြစ်သည့်အတွက် ယင်းထုတ်ပြန်ချက်သည် လက်တွေ့မဆန်ဟု ပြောကြသည်။
“ ဥပဒေပြဋ္ဌာန်းပြီး နောက်ဆက်တွဲဖြစ်လာမယ့် အကျိုးဆက်တွေကို စဥ်းစားဖို့လိုတယ်။ ဒီဥပဒေက တစ်နိုင်ငံလုံးအတိုင်းအတာအရ အကျိုးသက်ရောက်၊ အာဏာသက်ရောက်မှာဖြစ်တယ်။ အဲ့ဒီအတွက် တစ်နိုင်ငံလုံးအတိုင်းအတာအရ လွတ်မြောက်နယ်မြေတွေ၊ အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေးလာလို့ မရဘူး။ အဲ့ဒါကြောင့် NUG သည် တော်လှန်ရေးဦးဆောင် အစိုးရဖြစ်တဲ့အတွက် မဖြစ်မနေ ပြေးလာရမယ့်သူတွေကို ကြိုဆိုဖို့အတွက် သက်ဆိုင်ရာဝန်ကြီးဌာနတွေက ကြိုပြီးပြင်ရမယ်”ဟု လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ ဗကသကျောင်းသားခေါင်းဆောင်ဟောင်း ကိုမင်းသွေးသစ်က ပြောသည်။
စစ်မှုထမ်းဥပဒေပြဋ္ဌာန်းပြီး ရက်ပိုင်းအတွင်း ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ မြစ်ကြီးနားနှင့် မိထ္ထီလာ စသည့်မြို့ ကြီးများတွင် လူငယ် ၄၀၀ ကျော် ပေါ်တာဆွဲခံရသည်ဟု ဒေသတွင်း သတင်းမီဒီယာများ၏ သတင်း ဖော်ပြမှုများအရ သိရသည်။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက အဆိုပါ သတင်းများနှင့် ပတ်သက်ပြီး ကောလာဟလများသာ ဖြစ်သည်ဟု ငြင်းဆိုထားပြီး၊ အဆိုပါဒေသများတွင် နေထိုင်နေသော ဒေသခံများ၏ ပြောကြား ချက်အရ ပေါ်တာဆွဲခံရသူဦးရေ အတိအကျမသိရသော်လည်း သတင်းများမှာ မှန်ကန်နေကြောင်း အတည်ပြုပေးသည်။
“ အခုက ဆိုင်ကယ်ဖမ်းတာလိုလို စစ်ဆေးတာလိုလိုနဲ့ ဘာမှန်းမသိရဘူး။ ပြီးရင် တစ်ခါ တည်းဖမ်းခေါ်သွားတာ၊ သူငယ်ချင်းရဲ့ မောင်လေးတစ်ယောက်လည်း အဲ့ဒီလိုပါသွားတာ အခုထိ ဆက်သွယ်လို့မရဘူး။ ဘယ်ကို လိုက်မေးရမလဲဆိုတာလည်း မသိဘူး။ လိုက်မေးရင်း ကိုယ်ပါ အဖမ်းခံရမှာကိုလည်း ကြောက်ရသေးတယ်” ဟု မြစ်ကြီးနား ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
နှစ်ပေါင်း ၇၀ ကျော် ကာလရှည်ကြာနေသည့် ပြည်တွင်းစစ်အတွင်း စစ်တပ်က ရွာသားများကို ပေါ်တာဆွဲပြီး လူသားဒိုင်းအဖြစ် အသုံးပြုနေခြင်းများရှိသလို စစ်တပ်က ကျေးရွာများအတွင်း စစ်ကြောင်းထိုးဝင်ရောက်လာပြီး ဖမ်းမိသည့် ရွာသားများကို အထုပ်ထမ်းခိုင်းခြင်း၊ လမ်းပြခေါ်ဆောင်သွားခြင်းများ ပြုလုပ်ပြီးနောက် ပြန်လွှတ်ပေးခြင်းများနှင့် သတ်ဖြတ်ထားခဲ့ခြင်းများလည်း ရှိသည်။
လက်နက်ကိုင်တော်လှန်ရေး အရှိန်အဟုန်ကောင်းနေသည့် စစ်ကိုင်းတိုင်းအတွင်း စစ်တပ်က ရွာသားများကို ပေါ်တာဆွဲ ဖမ်းဆီးသတ်ဖြတ်မှုများ အများဆုံးပြုလုပ်ခဲ့ကြသည်။ ယင်းဖြစ်စဥ်များအား ကိုယ်တိုင်ကြုံတွေ့ခဲ့ရဖူးသူ ပုလဲမြို့နယ်၊ အင်ကြင်းစုကျေးရွာနေ ဒေသခံရွာသားတစ်ဦးက ယခုလိုပြောသည်။
“ စစ်ကြောင်းလာတော့ ပြေးကြတာပေါ့၊ စစ်ကြောင်းက ရွာထဲမှာ တစ်ညအိပ်တယ်။ မနက်ကျတော့ အခြေအနေသွားကြည့်တာ ရွာနားကို၊ အဲ့ဒီအချိန် ကင်းပုန်းနဲ့တွေ့ပြီး အဖမ်းခံရတာ။ PDF တွေရှိတဲ့နေရာမေးတယ်။ တစ်ချို့ဆို ဘယ်ရွာကမှန်းမသိ ဖမ်းလာတဲ့ရွာသားတွေလည်းပါတယ်။ သူတို့က အထုပ်တွေထမ်းရတယ်။ ထမင်းလည်းမကျွေးဘူး။ အလိုမကျရင် ဆဲတယ်။ သေနတ်ဒင်နဲ့ထုရိုက်တယ်။ သူတို့သွားချင်တဲ့နေရာ ရောက်တော့ ကျတော့်ကို သတ်မယ်လို့ ထင်ထားတာ၊ ကံကောင်းတယ်ပြောရမယ် ပြန်လွှတ်ပေးတယ်။ အထုပ်ထမ်းတဲ့သူတွေကိုတော့ ဆက်ခေါ်သွားတယ်။ အဲ့ဒီနောက်ပိုင်း ဘာသတင်းမှမကြားရတော့ဘူး” ဟု ၎င်းက ရှင်းပြသည်။
နယ်မြို့များတွင် အထက်ပါဖြစ်စဉ်များ ဖြစ်ပွားသကဲ့သို့ မြို့ပြများတွင်လည်း ယခုနှစ်ဆန်းပိုင်းမှစတင်ကာ လူငယ်များကို ဖမ်းဆီးပေါ်တာဆွဲမှုများ ခပ်စိပ်စိပ်ဖြစ်လာပြီးနောက် စိုးရိမ်ပူပန်မှုများ ရှိနေပြီး ပြည်ပထွက်ခွာရန် ကြိုးပမ်းလာကြသည်။
စစ်မှုထမ်းဥပဒေ အသက်ဝင်ပြီးနောက် လူငယ်များသည် မြန်မာနိုင်ငံနှင့် နယ်နိမိတ်ခြင်း ထိစပ်နေသည့် ထိုင်းနိုင်ငံသို့ သွားရောက်ရန်အတွက် ပြည်ဝင်ခွင့် ဗီဇာလျောက်ထားသူများသည် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံး၌ နေ့စဉ် ထောင်နှင့်ချီရှိနေပေသည်။
ထိုကဲ့သို့ ပြည်ပထွက်ခွာမည့် လူငယ်များသည် သံရုံးများ၌ တန်းစီပြီး ဗီဇာအမြန်ရရှိရေးအတွက် ပွဲစားများမတဆင့် အမြန်ကြေးပေးကာ လုပ်ဆောင်နေရသည့်အပြင် နိုင်ငံကူးလက်မှတ်ရရှိရေး အတွက်လည်း မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးများတွင် သက်ဆိုင်ရာဝန်ထမ်းများကို လာဘ်ပေးနေရကြောင်းလည်း သိရသည်။
“ ပွဲစားနဲ့ လုပ်ကြတာလည်းရှိတယ်။ online ကနေ လျှောက်ကြတာလည်းရှိတယ်။ စစ်မှုထမ်းရမယ် ဆိုတဲ့နောက်ပိုင်း နေ့ချင်းညချင်းကို လျှောက်လွှာတွေများသွားတာ၊ အမြန်ကြေးနဲ့လုပ်တာဆို ၁၅ သိန်းနီးပါးလောက် ပိုက်ဆံပေးရတယ်။ လျှောက်တဲ့သူ ထောင်ဂဏန်းလောက်ရှိတယ်။ ထပ်တိုးလာဖို့လည်း ရှိတယ်” ဟု မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး (နေပြည်တော်) က ဝန်ထမ်းတစ်ဦးက ပြောသည်။
စစ်ကောင်စီ၏ ပြောဆိုချက်အရ မြန်မာနိုင်ငံ၌ စစ်မှုထမ်းနိုင်သူ ၁၃ သန်းရှိသည်။ စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ လူငယ်တွေ၏ အမြင်ကို စစ်တမ်းကောက်ယူရာတွင် အများစုက စစ်မှုထမ်းရန်ငြင်း ဆန်ကြပြီး၊ တစ်ချို့မှာ ဥပဒေနှင့်ပတ်သက်၍ တိတိကျကျမသိသေးဘူးဟု ဆိုကြသည်။
စစ်ကောင်စီဘက်မှ တပ်ဖွဲ့စည်းမှုများ ပြန်လည်လုပ်ဆောင်ရန်အတွက် အချိန်ယူပြင်ဆင်ရမည်ဖြစ်ပြီး စစ်မှုထမ်းဖို့ ချက်ချင်း ဆင့်ခေါ်နိုင်ခြင်း မရှိသေးသော်လည်း၊ လူငယ်တွေအနေဖြင့် စစ်ကောင်စီကို မယုံကြည်သည့်အပြင် ပေါ်တာဆွဲခံရမည်ကို စိုးရိမ်ကြသည့်အတွက် ပြည်ပထွက်ရန် အလျှင်အမြန် ပြင်ဆင်နေကြရခြင်းဖြစ်သည်။
ထို့အပြင် အာဏာသိမ်းပြီးနောက် နယ်မြေမတည်ငြိမ်ခြင်း၊ အလုပ်အကိုင် ရှားပါးခြင်း၊ ပညာရေး ကဏ္ဍနိမ့်ပါးခြင်းများကြောင့် လူငယ်များအနေဖြင့် ပြည်ပထွက်ခွာ အလုပ်လုပ်ကိုင်မှုအပေါ် ထွက်လမ်းတစ်ခုအနေဖြင့် ကြိုးပမ်းလာကြသည်။
“ ရွေးစရာ များများစားစား မရှိပါဘူး။ အာဏာသိမ်းတာကိုလည်း မကြိုက်လို့ ဆန့်ကျင်ကန့်ကွက်ခဲ့တယ်။ တောခိုကြတဲ့အချိန်မှာ မိသားစုအခြေအနေကြောင့် မြို့ပေါ်မှာကျန်နေခဲ့ရတယ်။ အခု အခြေအနေကတော့ ရှင်းပါတယ်။ စစ်တပ်ထဲတော့ မဝင်ဘူး။ ကိုယ့်လူတွေဆီပဲ သွားမယ်။ PDF ထဲပေါ့ဗျာ၊ စစ်မတိုက်ရရင်တောင် ထမင်းချက်တာကအစ အကုန်လုပ်မယ်” ဟု PDF ထဲဝင်ရောက်ရန် လွန်ခဲ့သည့် ရက်ပိုင်းအတွင်း လွတ်မြောက်နယ်မြေရောက်ရှိသွားသည့် ကိုစိုင်းနောင်က ယခုကဲ့သို့ ပြောသည်။
စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်များသည် ၎င်းတို့အာဏာတည်မြဲရေးအတွက် လူငယ်များ၏ အနာဂတ်ကို ဖျက်ဆီးပြီး လူ့အခွင့်အရေးချိုးဖောက်မှုများကို ပေါ်ပေါ်တင်တင်လုပ်ဆောင်ရန်အတွက် ဥပဒေတွေပြဋ္ဌာန်းခဲ့ခြင်းဖြစ်သည်ဟု လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများက ဆိုကြသည်။
ကမ္ဘာ့နိုင်ငံပေါင်း ၃၀ ကျော်တွင် စစ်မှုမထမ်းမနေရ ဥပဒေပြဌာန်းထားခြင်းရှိပြီး မြန်မာနိုင်ငံတွင် ပြဋ္ဌာန်းလိုက်သည့် စစ်မှုထမ်းဥပဒေသည် လူ့အခွင့်အရေးချိုးဖောက်မှုများ များနေသည့်အတွက် လက်ခံ၍မရဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက MIZZIMA သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခြင်း အစီအစဥ်မှာ ဖြေကြားထားသည်။
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းပါ ပြဋ္ဌာန်းချက်များကို ချိုးဖောက်ထားသည့် စစ်မှုထမ်းဥပဒေတွင် လစ်ဟင်းချက်အများအပြားရှိနေသည်ဟု ဥပဒေရေးရာ လေ့လာသုံးသပ်သူများက ဆိုထားပြန်သည်။
“ အထူးသဖြင့် အပိုဒ် ၃၊ ၄၊ ၅ ပေါ့။ အပိုဒ် ၃ က လူတိုင်း အသက်ရှင်ခွင့်၊ လုံခြုံခွင့် ရှိရမယ်ဆိုတာ ဥပဒေမပြဋ္ဌာန်းခင်ကကို မရှိတော့တာ၊ တိုင်းရင်းသားဒေသတွေမှာ ပိုဆိုးတာပေါ့၊ အပိုဒ် ၄ မည်သူ့ကိုမျှ ကျွန်အဖြစ် မခိုင်းစေရ ဆိုတာမျိုးမှာ အခုက စစ်ကျွန်အဖြစ် စေခိုင်းတာဗျာ၊ ပေါ်တာထဲမှာဆိုရင် မိုင်းကွင်းဖြတ်ခိုင်းတာ၊ လူသားဒိုင်းမျိုးပေါ့၊ အပိုဒ် ၅ မှာဆို မည်သူ့ကိုမျှ မတရားနှိပ်စက် ခြင်းမရှိစေရပေါ့၊ တပ်တွင်းဖိနှိပ်မှုကတော့ စစ်သုံ့ပန်းတွေ မေးကြည့်ရင် ပိုသိပါလိမ့်မယ်” ဟု လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ တစ်ဦးက ပြောသည်။
ပြည်တွင်းစစ်ကြောင့် နှစ်ပေါင်းများစွာ အဘက်ဘက်က ချွတ်ခြုံကျနေသည့် မြန်မာနိုင်ငံသည် အာဏာသိမ်းမှုကြောင့် လူငယ်များ လမ်းပျောက်နေကြရသည်။ တော်လှန်ရေး အင်အားစုများ ဘက်ကလည်း ၎င်းတို့နှင့် လာရောက်ပူးပေါင်းကြရန် ဖိတ်ခေါ်နေပြီး နီးစပ်ရာတော်လှန်ရေး အင်အားစုများထံသို့ ပူးပေါင်းနေကြသည့် လူငယ်များလည်း ရှိနေကြသည်။
ထို့ပြင် စစ်မှုထမ်းရန် ခေါ်ဆောင်သွားပြီဆိုပါက သို့မဟုတ် တစ်နည်းနည်းဖြင့် ပေါ်တာဆွဲခံရပြီဆိုပါက တပ်တွင်း ညှင်းပန်းနှိပ်စက်မှုများ၊ လက်နက်ပြခြိမ်းခြောက်ကာ အတင်းအဓမ္မစေခိုင်းခံရမှုများ၊ အမျိုးသမီးစစ်သည်များအနေဖြင့် အဓမ္မပြုကျင့်ခံရမှုများ စသည့် လူ့အခွင့်အရေး ချိုးဖောက်ခံရများ ရှိလာနိုင်သည်ဟု စစ်သုံ့ပန်းတစ်ဦးက ဆိုသည်။
ယင်းအပြင် တပ်တွင်းရောက်ရှိလာသည့် တပ်သားသစ်များကို ပြုမှုဆက်ဆံပုံများနှင့်ပတ်သက်ပြီး စစ်ကိုင်းအခြေစိုက် အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော် (ADPRA)က ဖမ်းဆီးထားသည့် စစ်သုံ့ပန်းတစ်ဦးက ယခုကဲ့သို့ ရှင်းလင်းချက်ပေးသည်။
“ အကြောင်းအမျိုးမျိုးနဲ့ ဖမ်းလာတာတွေရှိတယ်။ သူတို့ကို တပ်သားသစ်စုဆောင်းရေးကို ပို့တယ်။ အခြေခံသင်တန်းပေးတယ်။ အဲ့ဒီမှာဆိုလည်း တပ်ထဲ ဟိုးအရင်ကတည်းကရောက်နေတဲ့ သူတွေက လူသစ်တွေဆိုရင် အကုန်ခိုင်းတာ၊ ပြန်ပြောရင်လည်း ထိုးကြိတ်တယ်။ သူတို့ကတော့ စစ်ပုံကျအောင် လုပ်တာလို့ပြောပေမယ့် အပြစ်မရှိဘဲနဲ့လည်း ထိုးကြိတ်နေတာ ဆဲဆိုနေတာပေါ့၊ တစ်ချို့ဆို ယောကျာ်းချင်း ဝိုင်းချုပ်ပြီး မုဒိမ်းကျင့်တာတွေလည်းရှိတယ်။ ခံရတဲ့ကောင်က ရှက်လို့ မပြောရဲဘူး” ဟု စစ်သုံ့ပန်းတစ်ဦးက ပြောသည်။
စစ်ကောင်စီသည် မြန်မာနိုင်ငံအနှံ့တွင် တော်လှန်ရေးတပ်ဖွဲ့များ၏ ထိုးစစ်ကို အလူးအလဲခံနေရကာ အရှုံးနှင့် ရင်ဆိုင်မှုကို ကုစားနိုင်ရန်အတွက် ပြည်သူများ၏ လူ့အခွင့်အရေးကို အပြည့်အ၀ ချိုးဖောက်သည့် စစ်မှုထမ်းဥပဒေကို အတည်ပြုပြီး လူငယ်များ၏ အနာဂတ်ကို ဖျက်ဆီးနေခြင်းဖြစ်သည်။
ယခုကဲ့သို့ ဖြစ်စဉ်များအပြင် ပြည်တွင်း အကျပ်အတည်းများကြောင့် လူငယ်များအနေဖြင့် ဆက်လက်ရပ်တည်ရုန်းကန်ရန်အတွက် လတ်တလော အဖြေရှာမရသည့် ပုစ္ဆာတစ်ခုဖြစ်နေပေသည်။