အပေါ်အောက် မြန်မာဝတ်စုံကို ကျနသေသပ်စွာ ဝတ်ဆင်ထားသော အသက် ၃၀ ဝန်းကျင်ရှိ အမျိုးသမီးတစ်ဦးကို ပန်းချီပြခန်းတစ်ခုတွင် တွေ့ရသည်။ ထို အမျိုးသမီးသည် ကြည်လင်ပြုံးရွှင်သော မျက်နှာထားနှင့် ပြပွဲသို့ ကြွရောက်လာသော ဧည့်သည်များကို လှိုက်လှဲပျူငှာစွာ ကြိုဆိုနေသည်။
စာပေ၊ ပန်းချီနှင့် ဓာတ်ပုံ အနုပညာအသိုင်းအဝိုင်းမှ အထင်ကရပုဂ္ဂိုလ်များ၊ ဝါသနာရှင်များ များစွာ လာရောက်အားပေးကြသော ထိုပြပွဲကား အဘယ်သို့သော ပန်းချီကားများ ချိတ်ဆွဲထားသော ပွဲဖြစ်မည်နည်း။
နံရံတွင် ချိတ်ဆွဲထားသော ပန်းချီကားများမှာ အမျိုးသမီးတစ်ယောက်၏ ကိုယ်လုံးတီးပုံစံကို ဟန်အမျိုးမျိုးဖြင့် လှပစွာ ရိုက်ကူးပုံဖော်ထားသော ဓာတ်ပုံများအား ပုံတူ ရေးဆွဲထားသော ပန်းချီကားများဖြစ်ပြီး ထူးခြားချက်မှာ ထိုပန်းချီကားထဲမှ အမျိုးသမီးမှာ အဆိုပါ ပန်းချီပြပွဲတွင် ဧည့်ခံနေသော အမျိုးသမီးဖြစ်နေခြင်းပင် ဖြစ်သည်။
“ ဒီ Nude ဆိုတာက လူတွေက ညစ်ညမ်းပုံတွေလို့ပဲ မြင်ကြတာ။ အဲ့ဒါက တကယ်တော့ အနုပညာတစ်ခုဆိုတဲ့ ဟာကို အစ်မက ချပြချင်တယ်”ဟု သူက ဆိုသည်။
ပန်းချီကားထဲမှ အမျိုးသမီးသည် Kore Su (အနုပညာနာမည်) ဖြစ်သည်။ သူသည် Nude Art မော်ဒယ်လ် တစ်ယောက်ဖြစ်သည်။ သူ၏ အဆိုပါ ပန်းချီပြပွဲတွင် ပန်းချီကားပေါင်း ၆၁ ချပ်ကို ခင်းကျင်းပြသထားသည်။
“ Nude art ဆိုတာကလေ တကယ်တော့ ဖော်ချွတ်ပြီး ရိုက်တိုင်း အနုပညာမဖြစ်ဘူး။ အဖော်အချွတ်ပဲ ဖြစ်တာပေါ့နော်။ အဲ့ဒါကို Naked photography လို့ ခေါ်တယ်။ Nude ဆိုတာကကျတော့ အဲ့ဒီ nude ဆိုတဲ့အရာတိုင်းက ပြည့်စုံနေပြီးသားပေါ့။ ပြီးပြည့်စုံမှုတစ်ခုဆိုတဲ့ အဓိပ္ပာယ်မျိုးပါတာပေါ့။ အဲ့လိုရိုက်တဲ့ အခါမှာလည်း သူက Category တွေ ကွဲသေးတယ်။ Boudoir (ဘူဒွါ) ဆိုတဲ့ အသုံးအနှုန်းရှိတယ်။ ပြီးတော့ Glamour (ဂလန်းမား) ဆိုတာရှိတယ်။ Naked photography ရှိတယ်။ ပြီးတော့ Erotic ဆိုတာရှိတယ်။ Pornography ဆိုတာရှိတယ်။ ခုနတုန်းကပြောတဲ့ ကျန်တဲ့ category တွေကကျတော့ အဲ့ဒီ ရည်ရွယ်ချက်မရှိဘူး။ သူတို့ဟာသူတို့ ရိုက်ချင်လို့ကို ရိုက်ကြတာဆိုတဲ့ အဓိပ္ပာယ်မျိုး ပေါက်တာပေါ့။ အဲ့ဒီမှာမှ Nude Art ဆိုလို့ရှိရင် သူက ယောက်ျားဖြစ်ဖြစ် မိန်းမဖြစ်ဖြစ် Nude body ကို အလှတရားတစ်ခုအနေနဲ့ ဘယ်လိုပြသမလဲဆိုတဲ့ဟာကို Nude art လို့ ခေါ်တာပေါ့နော်။ Body မှာမှ အနုပညာ ထပ်ပေါင်းလိုက်တယ်ဆိုတဲ့ဟာပေါ့” ဟု သူက ဆက်လက် ရှင်းပြသည်။
ပြပွဲတွင် ချိတ်ဆွဲထားသော ပန်းချီကားများမှာ Nude art အမျိုးအစား ပန်းချီကားများဖြစ်ပြီး အမျိုးသမီးတစ်ယောက်၏ ပင်ကိုသဘာဝအလှကို မည်သည့်အရာနှင့်မျှ ဖုံးကွယ်မထားဘဲ ရှုထောင့်အမျိုးမျိုးမှ လှပစွာ ရိုက်ကူးပုံဖော်ထားသော ပုံများအား ပုံတူ ကူးရေးထားခြင်းဖြစ်သည်။
“ ဒီလိုမျိုး ဓာတ်ပုံတွေရိုက်တိုင်း၊ အဲ့ဒီလိုမျိုး ပန်းချီတွေဆွဲတိုင်း အဲ့ဒီအလုပ်က ရှက်စရာမဟုတ်ဘူးဆိုတဲ့ မက်ဆေ့ဂျ်ကိုလည်း အစ်မက ပေးချင်တယ်”ဟု သူ၏ ယုံကြည်ချက်အား ပြောပြသည်။
မြန်မာ မိန်းကလေးတစ်ယောက်အနေနှင့် ထိုကဲ့သို့သော မိမွေးတိုင်း ဖမွေးတိုင်း ပင်ကို သဘာဝပုံများအား ဖန်တီးပြသခြင်းအပေါ် ရှေးရိုးစွဲအယူအဆများ၏ လောင်းရိပ်မှ မလွတ်မြောက်သေးသော မြန်မာ့လူ့အဖွဲ့အစည်း၏ ကဲ့ရဲ့ဝေဖန်ကြခြင်းများလည်း ရှိနေသည်။
“ တကယ်တော့ အဲ့ဒီလူတွေ ဝေဖန်တာက မမှားဘူးလို့ ပြောလို့ရတယ်။ ဒီမှာက Nude art နဲ့ Pornography နဲ့ Sexy နဲ့ကို မကွဲကြဘူး။ သူတို့က ဒီဟာကို မရင်းနှီးဘူး၊ မသိဘူး။ အဲ့ဒီအတွက်ကြောင့် သူတို့က ဝေဖန်တယ်၊ ပြောဆိုတယ်ဆိုတာ ဒါ သူတို့မှာရှိတဲ့ အသိဉာဏ်နဲ့ ဝေဖန်တာဖြစ်တဲ့အတွက် သူတို့ကို နားလည်ပေးတယ်။ ဆိုတော့ ဒီဟာက အနုပညာတစ်ခုဆိုတဲ့ ဟာကို နားလည်ဖို့က သူ့ဟာသူ အသိဉာဏ်တစ်ခုလည်း လိုတယ်။ ပြီးတော့ နှလုံးသား ကြီးဖို့လည်း လိုတယ်။ ကိုယ်က ဒီဟာကို ဘောင်ခတ်ပြီးတော့ အဝတ်မပါဘဲနဲ့ ရိုက်တိုင်း ဒါက မကောင်းဘူးဆိုတဲ့ စိတ်ကြီးရှိနေသရွေ့တော့ သူတို့တွေက ဒီအနုပညာကို ခံစားတတ်မှာ မဟုတ်ဘူးပေါ့။ ဒီဟာကို အနုပညာလို့ ခံစားတတ်တဲ့သူက ဒီလိုမျိုးဝေဖန်နေမှာမဟုတ်ဘူးပေါ့နော်” ဟု ဝေဖန်မှုများနှင့် ပတ်သက်၍ တုံ့ပြန်ပြောဆိုသည်။
သူသည် ၂၀၁၉ ခုနှစ်မှစတင်၍ Nude Art မော်ဒယ်လ်တစ်ယောက်အနေဖြင့် ရပ်တည်၍ အနုပညာလုပ်ငန်းများကို လုပ်ကိုင်လာခဲ့ခြင်းဖြစ်ပြီး ယခုအချိန်ထိ ၅ နှစ်တာကာလတစ်လျှောက်တွင် Nude art ဓာတ်ပုံပေါင်းများစွာကို ရိုက်ကူးပြီးစီးထားခဲ့ပြီး အချို့မှာ အင်တာနေရှင်နယ်လ် မဂ္ဂဇင်းများတွင်ပင် ဖော်ပြခံခဲ့ရသည်။
ဝါသနာနှင့် ကိုယ်ပိုင်ခံယူချက်ကြောင့် Nude Art မော်ဒယ်လ်တစ်ယောက်အနေဖြင့် ရပ်တည်နေသူဖြစ်သော်လည်း Kore Su မှာ အနေအထိုင် အေးဆေးတည်ငြိမ်ပြီး အပြောအဆို ညင်သာသိမ်မွေ့လှသူဖြစ်သည်။ ထို့အပြင် သူမမှာ Minimalist lifestyle ကို မြတ်နိုးသူတစ်ဦးဖြစ်သောကြောင့် နေထိုင်မှုပုံစံမှာ အင်မတန်ရိုးရှင်းလှပြီး ကျေနပ်ရောင့်ရဲလွယ်သူလည်း ဖြစ်သည်။
ထိုမျှ မကသေးဘဲ သူမ၏ အနုပညာအပေါ် ခံယူချက်မှာလည်း ကြီးကျယ်လေးနက်လှသေးသည်။ မိမိ၏ ဝါသနာအရ ဤလမ်းကြောင်းပေါ်တွင် ရောက်နေခြင်းဖြစ်သော်လည်း Nude Art မော်ဒယ်လ်တစ်ယောက်အပေါ် ပတ်ဝန်းကျင်၏ အထင်သေးစော်ကားမှုကိုကား ဆတ်ဆတ်ထိ မခံလိုသူဖြစ်သည်။ ထို့ကြောင့် မိမိ၏ ကိုယ်ကျင့်တရားကို အထူးမြတ်နိုးတန်ဖိုးထားကာ အရှုပ်အရှင်း မကောင်းသတင်းများ မထွက်အောင် အနေအထိုင်ကအစ ဂရုစိုက်၍ နေထိုင်သူတစ်ဦးလည်း ဖြစ်လေသည်။ ထိုသို့တိုင် အမြင်မပွင့်လင်းသော မြန်မာ့လူမှုအသိုင်းအဝိုင်း ပတ်ဝန်းကျင်၏ အထင်အမြင်လွဲမှားမှုကိုတော့ ကြုံတွေ့နေရဆဲ ဖြစ်သည်။
“ စိန်ခေါ်မှုဆိုတာကတော့ လူတွေရဲ့ အမြင်မကျယ်တာပေါ့နော်။ ပြီးတော့ ဒီအရာက ဒီမှာ mature မဖြစ်သေးတာ။ ဒီဟာကို သိအောင်၊ နားလည်လာအောင်က အချိန်တစ်ခုစောင့်ရဦးမယ်။ အစ်မက အဲ့ဒီအချိန် ကိုက်မဟုတ်ဘဲ အဲ့ဒီအချိန်ထက် စောနေတာ။ စောပြီးတော့ မိတ်ဆက်တာဖြစ်တဲ့အတွက် ဒီ Society က လက်မခံတာပေါ့နော်။ ပြီးတော့ မြန်မာကာချာကလည်း ဒါကို လက်ခံမထားဘူး။ ဒါက အနောက်တိုင်း ယဥ်ကျေးမှုလို့ သူတို့က ယူဆထားကြတာဆိုတော့ အဲ့ဒီမှာလည်း culture clash ဖြစ်တာလေးတွေ နည်းနည်းရှိတာပေါ့” ဟု မစုယမင်းအောင်က ဆိုသည်။
Kore Su ၏ ဘဝအပေါ်ခံယူချက်နှင့် အမြင်မှာ ၎င်းဝတ်စားဆင်ယင်ထုံးဖွဲ့ထားသည့် ပုံစံကဲ့သို့ပင် ရိုးရှင်းပြီး ပွင့်လင်းသော အမြင်ရှိသည်။ သူသည် ပစ္စုပ္ပန်တွင်သာ စိတ်ကို တည့်တည့်ထား၍ မွေးဖွားခြင်းနှင့် သေဆုံးခြင်းကြားက ကာလအပိုင်းအခြားတစ်ခုအား လွတ်လပ်ပေါ့ပါးစွာ ဖြတ်သန်းလိုသူတစ်ဦးလည်းဖြစ်သည်။ ထို့ကြောင့် မိမိ၏ ဖြစ်တည်မှုအား ချစ်မြတ်နိုးပြီး ကျေနပ်စွာလက်ခံနေထိုင်ခြင်းက ဘဝကို ကောင်းမွန်စွာဖြတ်သန်းဖို့ အကောင်းဆုံးလက်နက်ဖြစ်သည်ဟုလည်း ယုံကြည်ထားသည်။
“ လူတိုင်းမှာ ကိုယ့်အလှနဲ့ကိုယ် ရှိပြီးသားပဲ။ ကိုယ့် Body ကို ကိုယ်ချစ်မြတ်နိုးတတ်ဖို့လည်း လိုတယ်။ မိန်းကလေးတိုင်းကိုလည်း ကိုယ့် Body မှာ insecure မဖြစ်စေချင်ဘူး။ ဘာလို့လဲဆိုတော့ ကိုယ့် Body ဆိုတာက ကိုယ်နဲ့တစ်သက်လုံး ရှိနေမယ့်အရာပေါ့နော်။ အဲ့ဒီတော့ ကိုယ်မှ ကိုယ့် Body ကို မချစ်လို့ရှိရင်၊ ကိုယ်မှ ကိုယ့် Body ကို ကောင်းကောင်းမွန်မွန် ဂရုမစိုက်လို့ရှိရင် အဲ့ဒီလူက ဘဝမှာ နေပျော်မှာမဟုတ်ဘူး။ ဘာလို့လဲဆို နေ့တိုင်းရန်ဖြစ်နေရမှာ။ ကိုယ်နဲ့ကိုယ်နဲ့ ရန်ဖြစ်ရတယ်ဆိုတဲ့ ကိစ္စက ဘဝမှာအဆိုးဆုံးကိစ္စပဲ။ အမြဲတမ်း internal conflict ဖြစ်နေတာဆိုတော့။ အစ်မက မိန်းကလေးတွေ အားလုံးကို ကိုယ့်ရဲ့ အလှတရား၊ ကိုယ့်ရဲ့ အရှိတရားကို အရှိအတိုင်း လက်ခံတတ်စေချင်တယ်” ဟု ဆိုသည်။
ထိုကဲ့သို့ ရပ်တည်ချက်ခိုင်မာပြတ်သားပြီး ပတ်ဝန်းကျင်၏ ဝေဖန်ထိုးနှက်ချက်များကို ဂရုမစိုက်ဘဲ မိမိယုံကြည်ရာကိုသာ တစိုက်မတ်မတ်အာရုံစိုက်၍ ကောင်းမွန်စွာ နေထိုင်လာခဲ့ခြင်းကြောင့် စိတ်သွားတိုင်းကိုယ်ပါပြီး အရွယ်တင်၍ နုပျိုလှပသည်ဟုပင် ထင်ရသည်။
အရပ်အမောင်းမှာ ၅ ပေ ဝန်းကျင်သာရှိသော်လည်း မိမိကိုယ်ကိုမိမိ ယုံကြည်မှုရှိသူဖြစ်၍ မျက်နှာထား ပွင့်လင်းပြီး လူပုံအလည်တွင် ထင်ပေါ်သူတစ်ဦးလည်းဖြစ်သည်။ ထို့အပြင် အထူးတလည် ပြင်ဆင်ခွဲစိတ်မှုများ ပြုလုပ်စရာမလိုဘဲ နဂိုအတိုင်း ကျန်းမာလှပသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသူလည်းဖြစ်သည်။
ထိုကဲ့သို့ မိမိ၏ ဖြစ်တည်မှုကို ကောင်းစွာလက်ခံထားသူဖြစ်ခြင်းကြောင့် မိန်းကလေးများအပေါ် အဘက်ဘက်က ဖိနှိပ်ချုပ်ခြယ်ထားသော မြန်မာ့လူ့အဖွဲ့အစည်း၏ စည်းကမ်းများ၊ ရှေးရိုးစွဲအယူအဆများကိုလည်း တွန်းလှန်ချင်သူတစ်ဦးလည်း ဖြစ်သည်။
“ Boudoir ရိုက်ချင်တယ်၊ Nude ရိုက်ချင်တယ်ဆိုတာကလေ ထုတ်မပြောပေမဲ့ တော်တော်များများ မိန်းကလေးတွေရဲ့ စိတ်ထဲမှာရှိတယ်။ ဒါက ထုတ်မပြောတဲ့ အမှန်တရားတစ်ခုပဲ။ အဲ့ဒါကို မိန်းကလေးတိုင်း သိတယ်။ ခံစားမိတယ်။ ဘာလို့လဲဆိုတော့ လူတွေက ကိုယ့် body ကို ကိုယ် ဘယ်တော့မှ ပြန်မကြည့်ကြဘူး။ မှန်ကြည့်ရင်တောင် မျက်နှာပဲကြည့်တာလေ။ ကိုယ့် Body က ဘယ်လိုအနေအထားရှိတယ်၊ ကိုယ့်နောက်ကျောက ဘယ်လိုလဲဆိုတဲ့ဟာကို ဓာတ်ပုံရိုက်မှ မြင်ရတာ။ အဲ့ဒီတော့မှ ကိုယ် ဘယ်လောက်လှလဲ ဆိုတဲ့ဟာကို ကိုယ်က ပြန်သိရတာ။ လူတွေက သူများကိုပဲ စိတ်ဝင်စားနေကြတာ။ တစ်ချိန်လုံး သူများကိုပဲ ကြည့်နေကြတာ။ ကိုယ့်အတွင်းကို ပြန်ကြည့်ဖို့ကကျ မေ့နေကြတာ။ ဒီဟာကလည်း မိန်းကလေးတိုင်း ရိုက်သင့်တယ်လို့တော့ မပြောချင်ဘူး။ ဒါပေမဲ့ အဲ့ဒီလိုစိတ်ရှိတဲ့ မိန်းကလေးတွေကတော့ တစ်ကြိမ်တစ်ခါလောက် စမ်းကြည့်ချင်တယ်ဆိုရင် စမ်းပြီးတော့ ရိုက်ကြည့်စေချင်တယ်။ ဒါက မိန်းမတစ်ယောက်ရဲ့ အလှတရားပဲ။ ဒါက ရှက်စရာမဟုတ်ဘူး။ ပြီးတော့ ကိုယ့်ရဲ့ ငယ်ရွယ်နုပျိုတဲ့ အချိန်တွေဆိုတာ အသက်ကြီးလာရင် ပြန်မရဘူး။ ဒီပုံတွေပြန်ကြည့်တိုင်း အမှတ်တရ ဖြစ်နေမှာ” ဟု သူက ဆက်ပြောပြသည်။
မြန်မာနိုင်ငံတွင် Nude Art ကို တွင်ကျယ်စွာ မခံစားတတ်သေးခင် ကာလတွင် စောစီးစွာ မိတ်ဆက်ပေး၍ Nude Art ရိုက်သူ မိန်းကလေးများအပေါ် ပတ်ဝန်းကျင်၏ အထင်အမြင် လွဲမှားမှုများကို ရှင်းလင်းပယ်ဖျက်ရန် မိမိကိုယ်တိုင်ကစ၍ စံနမူနာ ယူထိုက်သူတစ်ဦးဖြစ်အောင် ကျင့်ကြံနေထိုင်ကာ အဖိနှိပ်ခံအမျိုးသမီးများဘက်က မားမားမတ်မတ် ရပ်တည်ပေးနေသော သူ၏ လုပ်ရပ်မှာ ရှေးရိုးစွဲ ယဥ်ကျေးမှု ထုံးတမ်းအစဥ်အလာများဖြင့် ခေတ်အဆက်ဆက်က ပိတ်လှောင် ဘောင်ခတ်ခံထားရသော မြန်မာအမျိုးသမီးထုအတွက် အကျိုးရှိလှသည်။
Kore Hsu သည် Nude Art မော်ဒယ်လုပ်ငန်းများကို လုပ်ကိုင်နေပြီး ဝါသနာအရ စာပေရေးသားခြင်းများလည်း ရှိသည်။ ထို့အပြင် ၎င်းရိုက်ကူးထားသော Nude Art ဓာတ်ပုံများအကြောင်း စတိုရီရေးသားရန် စီစဥ်နေသည်ဟုလည်း သိရသည်။
“တကယ်တမ်း ရှက်စရာက ဟိရီ သြတ္တပ္ပတရားကင်းမဲ့တာ၊ ငါးပါးသီလ မလုံတာ၊ ရှက်စရာရှိတဲ့ အရာကို မရှက်တာ၊ မကောင်းမှုကိုလုပ်တာ အဲ့ဒါကပဲ ရှက်စရာလို့ အစ်မက ခံယူတယ်။ အဲ့ဒီတော့ ကိုယ့်ဟာကို ကိုယ့်စိတ်တိုင်းကျ ကိုယ့်ခန္ဓာကိုယ်ကို nude ရိုက်တဲ့ဟာက အစ်မအတွက်တော့ ရှက်စရာမဟုတ်ဘူး။ တကယ့် society မှာလည်း ရှက်စရာမဟုတ်ဘူး” ဟု ဆိုလေသည်။