နာကျင်လွန်း၍ “ကျုပ်၊ ယောက်ျားမဟုတ်ပါဘူးဗျာ” ဟု သူက ပြန်ပြောမိသည်။ သို့သော် ရိုက်နှက်နေသူသည် ရပ်မသွား။
“သိတယ်၊ မင်းနို့တွေ မြင်ကတည်းက မိန်းမမှန်း” ဟူ၍ ပြောဆိုကာ ထပ်မံရိုက်နှက်သည်ဟု သူက ပြောပြသည်။
လူပုံစံက အရပ်ခပ်ပြတ်ပြတ်၊ ဖိုင့်ဖိုင့်။ ဆံပင်တိုတိုကို ဒွေးကေ ညှပ်ထားသည်။ ပုဆိုးကို ခါးပုံစချပ်ချပ်ဖြင့် သပ်သပ်ရပ်ရပ် ဝတ်တတ်သည်။ စကားပြောသည့်အခါ သူသည် “ကျုပ်၊ ခင်ဗျား”ဟုသာ ခပ်ပြတ်ပြတ် ပြောဆို သုံးနှုန်းတတ်၏။
တစ်ခါတရံတွင်လည်း ကွမ်းယာတမြုံ့မြုံ့ဝါးနေတတ်သေးရာ စတင်တွေ့ဆုံစဥ်က သူ့ကို ပီဘိယောက်ျားကြီး တစ်ယောက်ဟု ထင်ခဲ့ဖူးသည်။
သို့သော် သူသည် ယောက်ျားတစ်ယောက်မဟုတ်ပါ။ သူ့နာမည်သည်ပင် သူ့ပုံစံနှင့် ဆန့်ကျင်ဘက် ဖြစ်ပါသည်။ သူ့နာမည်မှာ မနွဲ့ယဥ်ဖြစ်၏။
သူ၊ မကြိုက်သော်လည်း သူ့အဖေပေးခဲ့သော နာမည်ဖြစ်သည့်အတွက် သူလည်းမည်သို့မျှ မတတ်နိုင်။ ယခုအသက် ၃၅ နှစ်တိုင် သူသည် မိဘနှစ်ပါးကို လုပ်ကိုင်ကျွေးမွေးနေသူ တစ်ယောက်ဖြစ်သည်။
မနွဲ့ယဥ်၏ ဘဝသည် သူ့နာမည်ကဲ့သို့ နွဲ့နွဲ့ယဥ်ယဥ် မဖြစ်ခဲ့ပါ။ မနွဲ့ယဥ်သည် ကုန်စိမ်း၊ ကုန်ခြောက်များကို ဆိုင်ကယ်နှင့် တင်၍ မကွေးတိုင်း၊ မြိုင်မြို့နယ်တွင်း ကျေးရွာများကို လှည့်လည်ရောင်းသည့် စျေးသည်တစ်ယောက် ဖြစ်သည်။
သူသည် သူ့အလုပ်သူ ဂုဏ်ယူနေသည့် ဟန်လည်းရှိ၏။ “ကျုပ်စျေးရောင်းလာတာလား၊ ဒွေးမသေခင်ကတည်းက။ စက်ဘီးခေတ်ကတည်းက စက်ဘီးနဲ့ လှည့်ရောင်းလာတာ”ဟု မနွဲ့ယဥ်က ပြောပြတတ်သည်။
သူသည် စကားကို ခပ်ပြတ်ပြတ် ပြောတတ်သော်လည်း သဘောကောင်းသူဖြစ်သည်။ တော်တော်တန်တန် မနွဲ့ယဥ်သည် မတွက်ကပ်၊ စျေးလျှော့ပေးတတ်၏။
ထို့ကြောင့် မနွဲ့ယဥ်တွင် ပုံမှန်စျေးဝယ်နေကျ ဖောက်သည်များရှိ၏။ စျေးဝယ်များနှင့် မိသားစုများသဖွယ်ပင် ခင်မင်နေ၏။ ဤသည်မှာ မနွဲ့ယဥ်ကို စတင်တွေ့ဆုံစဥ်က သိရှိခဲ့ရသော အကြောင်းအရာများ ဖြစ်သည်။
ယခု ပြန်လည်တွေ့ဆုံစဥ်တွင် မနွဲ့ယဥ်၏ နားထင်နှင့် မျက်လုံးထောင့်စွန်း တစ်ဘက်တွင် အညိုအမည်းများ စွဲနေသည်။ ထိုးကြိတ်ခံထားရသည်ဟု သူက ပြော၏။
ယင်းနောက် အင်္ကျီကိုမ၍ သူ့ကျောဘက်ကို လှန်ပြရာ အညိုအမည်းများ စွဲနေသည့် ကျောပြင်တစ်ပြင်လုံးသည် အရှိုးရာများဗရပွ။ ယခင်ကကဲ့သို့ ယုံကြည်မှုမျိုးကိုလည်း သူ့မျက်လုံးများတွင် မတွေ့ရ။
အဝေးတစ်နေရာသို့ ငေးကြည့်နေရင်း “အိမ်မှာ မနေချင်လို့သာ ထွက်လာတာ။ ဘာမှ လုပ်ချင်ကိုင်ချင်စိတ် မရှိဘူး”ဟု မနွဲ့ယဥ်က ပြောသည်။
သူ့ဘေးတွင် သူ့ကို ခင်မင်နေသည့်သူများ၊ စျေးဝယ်များက ဝိုင်းအုံနေကြသည်။ မနွဲ့ယဥ်က သူ၏ အဖြစ်အပျက်ကို ဘေးလူများအား ဤသို့ ပြောပြ၏။
ထိုနေ့သည် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၅) ရက်နေ့ ဖြစ်သည်။ မနွဲ့ယဥ်သည် နောက်နေ့ စျေးရောင်းရန်အတွက် စျေးပစ္စည်းများ ဝယ်ယူပြီး အိမ်သို့ပြန်လာသည်။
ထမင်းစားပြီးနောက် ရွာမြောက်ပိုင်းရှိ သူငယ်ချင်းဖြစ်သူ၏ အိမ်သို့ အလည်သွားသည်။ သူငယ်ချင်းဖြစ်သူ၏ အိမ်မှာပင် မောမောဖြင့် အိပ်ပျော်သွားသည်။
ဤသို့ဖြင့် မွန်းလွဲ ၂ နာရီခန့်တွင် မနွဲ့ယဥ်၏ အိမ်သို့ PDF (ပြည်သူ့ကာကွယ်ရေးရဲဘော်) များ ရောက်လာကြသည်။ အင်အား ၂၀ ခန့်ဖြင့် အိမ်ကို ဝိုင်းလိုက်ကြသည်။
“ဒါ မနွဲ့ယဥ်တို့အိမ်လား”ဟု PDF ခေါင်းဆောင်တစ်ဦးက မေးလိုက်သည်။ မနွဲ့ယဥ်၏ မိဘနှစ်ပါးမှာ ထိတ်ထိတ်ပြာပြာဖြင့် “ဟုတ်ပါတယ်။ ဘာဖြစ်လို့လဲ”ဟူ၍ အကျိုးအကြောင်းကို မေးရာ သေနတ်မောင်း တင်သူကတင်၍ အချို့ရဲဘော်များမှာ အိမ်နောက်ဖေးကို ဝိုင်းထားလိုက်ကြသည်။
ခေါင်းဆောင်ဖြစ်ဟန်တူသူက မေးမြန်းစရာ ရှိသည်ဟုဆိုကာ ထုတ်ပေးရန် ပြောသည်။ မနွှဲ့ယဥ်၏ အဖေဖြစ်သူက ဖွက်ထားခြင်း မဟုတ်ကြောင်း ပြန်လည်ပြောဆို၍ မနွှဲ့ယဥ်တွင် ဘာအပြစ်ရှိ၍လဲဟု မေးမြန်းသော်လည်း မေးစရာရှိ၍ဟုသာ ပြောဆိုပြီး ပြန်လည်ဖြေကြားခြင်းမရှိဟု ဆိုသည်။
သို့ဖြင့် မနွဲ့ယဥ်အား အိမ်တွင် PDF များ ရောက်နေကြောင်း ဖုန်းဆက်၍ လှမ်းခေါ်သူကခေါ်၍ လူလွှတ်၍လည်း လာခေါ်ကြသည်ဟု ဆိုသည်။
“အိမ်မှာ PDF တွေ ရောက်နေတယ်။ ဘာမှန်းမသိဘူး မေးစရာ ရှိတယ်ဆိုတော့ လိုက်လာတာပေါ့။ ဖိနပ်တောင်မပါဘူး။ အင်္ကျီလည်း လက်စက (လက်ပြတ်) လေးနဲ့ပဲ။ သူတို့ ကမေးစရာရှိလို့ဆိုတော့ အသာတကြည်ပဲ လိုက်သွားတာပေါ့”ဟု မနွဲ့ယဥ်က ပြောသည်။
လာခေါ်သူများတွင် ရွာခံ PDF ကိုနိုင်လင်းကိုသာ မနွဲ့ယဥ်သိရပြီး ကျန်သူများကို သူမသိဟု ဆိုသည်။ ထို့နောက် ပုသိမ်-မုံရွာ လမ်းဆုံရှိ သံမြေကျင်းရွာအနီးသို့ ကားဖြင့် ခေါ်ဆောင်သွားသည်။
“ကားပေါ်ကအဆင်း ထိုင်မယ်လုပ်တော့ မျက်နှာကို အဝတ်စည်းတယ်။ ပြီးတော့ လက်ကိုလည်း နောက်ပြန် လက်ထိတ်ခတ်တယ်”ဟု မနွဲ့ယဥ်က ပြောသည်။
ထို့နောက် မြိုင်မြို့၊ အမှတ် (၁) ရပ်ကွက်ရှိ မပပအား ကုန်ပို့ခဲ့သလားဟူ၍ PDF များက မေးမြန်းသည်။ မနွဲ့ယဥ်က မပို့ကြောင်းနှင့် မပပဆိုသူအား သိပင်မသိကြောင်း ပြန်လည်ပြောဆိုသည်။ မည်သည့်အကြောင်းကိစ္စများ ရှိသည်ကို မနွဲ့ယဉ် မသိရ။
ယခင်က မနွှဲ့ယဥ်တို့လို စျေးသည်များသည် ကုန်စိမ်းကုန်ခြောက်များကို မြိုင်မြို့ပေါ်မှ သွားရောက်ဝယ်ယူကာ ကျေးရွာများဘက်သို့ လှည့်လည်၍ ပြန်လည်ရောင်းချခဲ့ကြသည်။
တော်လှန်ရေးအင်အားစုများ နယ်မြေစိုးမိုးလာချိန်မှစ၍ မြိုင်မြို့ပေါ်သို့ ရိက္ခာဖြတ်တောက်မှုများ ပြုလုပ်ခဲ့ပြီး မြို့ပေါ်နေ ပြည်သူများသည်လည်း တော်လှန်ရေးအင်အားစုများ စိုးမိုးနယ်မြေသို့ ထွက်ပြေးခိုလှုံလာခဲ့သည်။
ထိုအချိန်မှစ၍ မနွဲ့ယဥ်တို့လို စျေးသည်များမှာ မြိုင်မြို့ပေါ်စျေးဝယ်ခြင်း၊ စျေးပို့ခြင်းများ လုပ်ဆောင်ခြင်းမရှိတော့ဟု မနွဲ့ယဥ်က ပြောသည်။
“မပပဆိုတာလည်း လူမြင်ရင်တော့ သိချင်သိမှာပေါ့။ အရင်က မြိုင်မြို့ပေါ်မှာ စျေးတွေဘာတွေ ဝယ်ခဲ့တော့လေ။ ဒါပေမဲ့ လူနဲ့ နာမည်နဲ့ တွဲမသိဘူး။ အခုနောက်ပိုင်း စျေးလည်း မဝယ်တော့ဘူးလေ။ ပို့လည်းမပို့ဘူး” ဟု မနွဲ့ယဥ်က ဆိုသည်။
ထိုသို့ စစ်ဆေးမေးမြန်းစဥ်မှာပင် PDF များက အတင်းအဓမ္မဝန်ခံခိုင်းပြီး ဝါးခြမ်းဟု ယူဆရသော အရာဖြင့် ကျောဘက်သို့ စတင်၍ ရိုက်သူက ရိုက်သည်။ လက်သီးဖြင့်လည်း အထိုးခံရသည်။ သို့သော်မနွဲ့ယဥ်မှာ မျက်နှာအဝတ်ဖြင့် စည်းနှောင်ခံထားသဖြင့် မည်သူက မည်သို့ ရိုက်နှက်နေသည်ကို မသိရ။
“သူတို့က ဝန်ခံခိုင်းတာ။ ဝန်ခံလို့ရှိရင် သက်သာမယ်တဲ့။ ဒီနေရာတင်လည်း ပြီးရင်ပြီးမယ်ပေါ့။ ရွာကလူကြီးတွေနဲ့ ပကဖအဖွဲ့တွေနဲ့ အာမခံပြီးပေါ့။ အကယ်လို့မှ ဝန်မခံရင် အထက်ထိဆိုလား ဘယ်ထိဆိုလား အဲ့ဒီအထိ ရောက်မယ်တဲ့။ ဒီ့ထက်လည်း နာမယ်တဲ့၊ အဲ့လိုပြောတာ။ ကျုပ်ပို့မှ မပို့ခဲ့တာ၊ ဟုတ်မှ မဟုတ်တာလေ၊ မဝန်ခံခဲ့ဘူးပေါ့”ဟု မနွှဲ့ယဥ်က ပြောသည်။
မနွှဲ့ယဥ်က ၎င်းတို့အနေဖြင့် စျေးရောင်းသွားသည့်အခါ PDF ဂိတ်များကို ဖြတ်ရကြောင်း၊ တိုကင်နံပါတ်ယူ၍ လှည့်လည်စျေးရောင်းရသည်ဖြစ်ရာ တိုကင်ထုတ်ပေးသည့် PDF ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဗိုလ်မိုက်ခဲအဖွဲ့သိကြောင်းနှင့် မြိုင်မြို့ပေါ်သို့ အဝင်အထွက်မရှိကြောင်း၊ သူတို့ကို မေးမြန်းကြည့်၍လည်းရကြောင်း ပြောဆိုသောအခါ “သူတို့က ပြောတယ်။ ဟို PDF ပိုင်တာလိုလို၊ ဒီ PDF ပိုင်တာလိုလိုမလုပ်နဲ့ မကြိုက်ဘူးလို့ပြောတယ်”ဟု ဆိုသည်။
၄၅ မိနစ်ခန့် စစ်ဆေးရိုက်နှက်ပြီးနောက် နောက်ဆုံးတစ်ချက် ထိုးခံလိုက်သောအခါ မနွှဲ့ယဥ်သည် ငိုက်စိုက်ကျကာ လဲကျသွားသည်။ တချို့မှာ ထွက်ခွာသွားကြသည့် အသံကို ကြားရသည်။
မှောင်ရီပျိုးစအချိန်၌ ခြင်များကိုက်နေသည်ကိုပင် ကုတ်၍မရ။ တကိုယ်လုံး နာကျင်နေသည်။ ယင်းနောက် PDF များက ဖုန်းများဆက်နေကြသည့်အသံကို ကြားရသည်ဟုဆိုသည်။ ပထမတွင် လူအများကြီးဖြစ်သော်လည်း နောက်ပိုင်းတွင် တဖြည်းဖြည်း ဘယ်ပျောက်သွားမှန်းမသိရဘဲ လေးငါးယောက်သာ ကျန်ခဲ့တော့သည်ဟု မနွဲ့ယဥ်က ပြောသည်။
ထိုအချိန်ထိ မျက်နှာအဝတ်ဖြင့် စည်းနှောင်ထားသည်ကို ချွတ်မပေး။ လက်ထိပ်ကိုမူ လာရောက်ရေတိုက်သည့် အချိန်မှစ၍ အရှေ့ဘက်တွင် ပြောင်းလဲခတ်လိုက်ကြသည်ဟု ဆိုသည်။
“နောက်တော့ ဗိုလ်ခနောက ဖုန်းလာတယ်တဲ့။ ဗိုလ်မုဆိုးက အာမခံလို့တဲ့။ ဗိုလ်မုဆိုးကို ခင်ဗျားသိလားလို့ မေးတယ်။ ကျုပ်က မသိဘူးဆိုတော့ ခင်ဗျားဖြတ်ခဲ့တဲ့ ဗိုလ်မိုက်ခဲအဖွဲ့က ဖြစ်မှာပါလို့ပြောတယ်”ဟု ပြောဆိုကာ မနွှဲ့ယဥ်အား ပြန်လွှတ်ပေးခဲ့သည်ဟုဆိုသည်။ သို့သော် ဗိုလ်ခနောနှင့် ဗိုလ်မုဆိုးတို့ကို မနွဲ့ယဥ်မသိ။
မနွှဲ့ယဥ်အား ပြန်လွှတ်ပေးခဲ့သော်လည်း စစ်ကောင်စီနှင့် မပတ်သက်ရန်နှင့် ရိက္ခာပို့ခြင်း၊ သတင်းပေးခြင်းများမပြုလုပ်ရန် ခံဝန်ကတိ ထိုးခဲ့ရသည်ဟု ဆိုသည်။
မနွှဲ့ယဥ်သည် စစ်ကောင်စီနှင့် ပတ်သက်ခြင်းကို လုပ်လည်းမလုပ်ရဲ၊ လုပ်လည်းလုပ်မည် မဟုတ်ကြောင်းကို ပြောသည်။ မနွှဲ့ယဥ်ကို ရွာခံ PDF များဖြစ်သော မောင်သန့်နှင့် ကိုနိုင်လင်းက ဆိုင်ကယ်ဖြင့် လာရောက်ခေါ်ဆောင်သည်။ ဆိုင်ကယ်အနီးရောက်မှသာ မနွှဲ့ယဥ်၏ မျက်နှာတွင်စည်းထားသော အဝတ်ကိုချွတ်ပေးကြသည်။
ရွာသို့ ရောက်သောအခါ နာကျင်မှုများ သက်သာစေရန် ဆေးထိုးခဲ့ရသည်။ ရိုက်နှက်ခံရသည့် ဒဏ်ရာများက တစ်ညလုံး ကိုက်ခဲနေခဲ့သည်။ သို့သော် နောက်ရက်များအတွက်မူ ပိုက်ဆံမတတ်နိုင်သောကြောင့် ဆေးမထိုးနိုင်တော့။ နာကျင်သော်လည်း သောက်ဆေးများဖြင့်သာ ကုသခဲ့ရသည်ဟု မနွဲ့ယဥ်ကပြောကာ မျက်ရည်များ စီးကျလာသည်။
ဘေးလူများက ဘာမှမကြောက်ရန်နှင့် အထက်လူကြီးများကို တိုင်ကြားရန်ပြောဆို၊ အားပေးကြသောအခါ မနွှဲ့ယဥ်သည် နောက်ထပ်လာရောက်နှိပ်စက်မည်ကို ကြောက်လန့်ကြောင်းနှင့် မတိုင်ရဲကြောင်း ပြောဆိုကာ ရှိုက်၍ ငိုနေတော့၏။
မနွှဲ့ယဥ်ငိုနေသော အခါ ဘေးလူများကလည်း လိုက်၍ ငိုကြသည်။ ၎င်းတို့၏ မျက်လုံးများတွင်မူ ဝမ်းနည်းနာကျင်မှုနှင့် အားကိုးရာမဲ့မှုများမှာ အတိုင်းသားမြင်နေရသည်။