မတရားမှုရှိလာတဲ့အခါ အပြောင်းအလဲရှိလာဖို့ တော်လှန်ရေးဆိုတာ လိုအပ်လာပါတယ်။ ဖိနှိပ်ခြိမ်းခြောက်မှုတွေ ရှိလာတဲ့အခါ၊ အန္တရာယ်နဲ့ ရန်ပြုစော်ကားမှုတွေ ရှိလာတဲ့အခါ၊ ကာကွယ်ရေး လိုအပ်ချက်တွေဆိုတာ ရှိလာတယ်။ ဒါပေမယ့် ဘယ်ပုံနဲ့ဘယ်လို တော်လှန်ကြမလဲဆိုတာ ကျရောက်လာတဲ့၊ ကျရောက်နိုင်တဲ့ရန်နဲ့ အန္တရာယ် အမျိုးအစားပေါ်မှာမူတည်ပါလိမ့်မယ်။
သွေးတစ်စက်မှ မြေမကျပဲ တန်းတူရေးနဲ့ ကရင်ပြည် ပြီးပြည့်စုံနိုင်ရေးကို ကရင့်တော်လှန်ရေး ခေါင်းဆောင်ကြီး စောဘဦးကြီးက ကရင်တမျိုးသားလုံးအတွက် အလိုရှိခဲ့ပါတယ်။ ကြိုးစားဦးဆောင်ခဲ့ပါတယ်။ ဒါပေမယ့် တောင်အာဖရိကနိုင်ငံ ခေါင်းဆောင်ကြီး နယ်လ်ဆင်မဲန်ဒဲလား ပြောခဲ့သလိုပဲ တကယ်တမ်းမှာ လွတ်မြောက်ရေး အတွက်တိုက်ပွဲဝင်သူတွေအားလုံး ခဲရာခဲဆစ်သင်ယူကြရတဲ့ သင်ခန်းစာကတော့ ဖိနှိပ်သူတွေသာလျင် တော်လှန်ရေးရဲ့အသွင်သဏ္ဍာန်၊ တိုက်ပွဲတွေရဲ့ အသွင်သဏ္ဍာန်ကို ဖော်ဆောင်တဲ့ အဓိကလူတွေ ဖြစ်တယ်။ ဖိနှိပ်ခံရသူတွေဟာ များသောအားဖြင့် ဘယ်ပုံနဲ့ခုခံတော်လှန်မလဲဆိုတာ ရွေးချယ်စရာသိပ်မရှိလှပါဘူး။ သူတို့ရွေးချယ်ရတဲ့ ခုခံတော်လှန်ရေးဟာ သူတို့ကို ဖိနှိပ်သူတွေ သုံးတဲ့နည်းလမ်းကိုပဲ ရောင်ပြန်ဟပ်မှာ ဖြစ်ပါတယ်။ အထူးသဖြင့် အကြမ်းဖက်ဖိနှိပ်မှုမျိုး ကနေ လွှတ်မြောက်ဖို့ ရုန်းကန်တော်လှန်ကြရာမှာ ရွေးချယ်စရာ နည်းလမ်း အင်မတန်နည်းပါတယ်။ တစ်ဖက်မှာ လွှတ်မြောက်ငြိမ်းချမ်းဖို့ ဆန္ဒရှိသလို အခြားတစ်ဖက်မှာလည်း မိမိကိုယ်ကိုကာကွယ်ဖို့လိုအပ်ချက်ကလည်း ရှိနေသေးတယ် မဟုတ်လား။
“အကြမ်းမဖက်တဲ့ ဖိနှိပ်မှုဖြစ်နေသေးသရွေ့ အကြမ်းမဖက်တဲ့ ခုခံတော်လှန်မှုဟာ ထိရောက်မှု ရှိနေနိုင်ပါတယ်။ ဒါပေမယ့် ငြိမ်းချမ်းစွာ ဆန္ဒပြတာဟာ အကြမ်းဖက် နှိမ်နင်းခံရတယ်ဆိုရင် အကြမ်းမဖက် ခုခံတော်လှန်ခြင်းရဲ့ ထိရောက်မှုဟာလည်း အဲ့ဒီအကြမ်းဖက် နှိမ်နင်းခြင်းအစမှာပဲ ဆုံးသွားတာဖြစ်တယ်။ ကျနော့်အတွက် အကြမ်းမဖက်ခြင်းဟာ ပိုပြီးမွန်မြတ်တဲ့သီလတစ်ခုမဟုတ်ဘူး ၊ မဟာဗျူဟာတစ်ခုသာဖြစ်တယ်။ ထိရောက်မှုမရှိတဲ့ လက်နက်ကရိယာကို အသုံးပြုခြင်းမှာ ဘာကောင်းမွန်တဲ့သီလမှမရှိဘူး” လို့ နယ်လ်ဆင်မဲန်ဒဲလားက ပြောခဲ့ပါတယ်။
ကျမတို့နိုင်ငံမှာ လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတွေ အများကြီးရှိနေပါတယ်။ ဘယ်လောက်အထိ အဲ့ဒီအဖွဲ့အစည်းတွေရဲ့ နိုင်ငံရေးရပ်တည်ချက်တွေဟာ ဟုတ်တယ်၊ မဟုတ်ဘူးဆိုတာကတစ်ပိုင်း၊ ဒါပေမယ့် ကျမတို့အများစု – လူမျိုးဘာသာ နေရာဒေသမရွေး – ယေဘုယျတူညီတဲ့ နားလည်မှုတစ်ခုကတော့ ဖိနှိပ်မှုတွေ ရှိနေတယ်ဆိုတာရယ်၊ အဲ့ဒီဖိနှိပ်မှုတွေကို ခုခံတော်လှန်နေကြတယ် ဆိုတာပါပဲ။ ဒါကလည်း သိပ်မဟောင်းသေးပေမယ့် သိပ်လည်းမသစ်တော့တဲ့ နားလည်မှုတစ်ခုပဲ ဖြစ်တယ်။
လွန်ခဲ့တဲ့ နှစ်ခုနှစ်ဆယ်ကျော်တုန်းက ကရင်လူမျိုးတွေဟာ လက်နက်ကိုင် ခုခံတော်လှန်ရေးကို စတင်ခဲ့ကြရာမှာ အဲ့ဒီမတိုင်ခင်က မတရားမှု၊ဖိနှိပ်မှုလို့ ကရင်တစ်မျိုးသားလုံးက ယူဆခဲ့တဲ့ အခြေအနေတွေ ရှိခဲ့ပါတယ်။ အဲ့ဒီ အခြေအနေတွေကို ပြောင်းလဲဖို့ ပြောဆို ဆွေးနွေးခြင်းအားဖြင့် သော်လည်းကောင်း၊ ငြိမ်းချမ်းစွာ လူစုဆန္ဒပြခြင်း အားဖြင့်သော်လည်းကောင်း ကြိုးစားဆောင်ရွက်ခဲ့တဲ့ အချိန်တွေရှိခဲ့ပါတယ်။ တစ်နိုင်ငံလုံးက ထောင်သောင်းများစွာသော ကရင်လူထုတွေဟာ ရဲရဲဝံ့ဝံ့လမ်းပေါ်တက်ပြီး ကရင်တစ်မျိုးသားလုံးရဲ့ လိုအင်ဆန္ဒကို ငြိမ်းချမ်းစွာ ထုတ်ဖေါ်ခဲ့ပါတယ်။ အဲ့ဒီအချိန်မှာပဲ ကရင်အမျိုးသားခေါင်းဆောင် စောဘဦးကြီးက ကရင်သွေး မြေတစ်စက်မှ မကျစေပဲ … ဆိုတဲ့စကားကို ပြောခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် အဲ့ဒီသမိုင်း ဘယ်မှာဆုံးသလဲဆိုတာ ကျမတို့အားလုံးအသိ ဖြစ်ပါတယ်။ ကရင့်တော်လှန်ရေး ဘယ်ပုံနဲ့သွားမလဲဆိုတာကို အခြေအတင် ဆွေးနွေးငြင်းခုံခဲ့ကြတာ ရှိပေမယ့် တကယ်တမ်းကျတော့ ကေအဲန်ယူက အခြားရွေးချယ်စရာ အခွင့်အလမ်း များများစားစားမရှိခဲ့ပါဘူး။ သဘောတရားအရ အယူအဆတွေ အမျိုးမျိုး ရှိခဲ့ကြပေမယ့် တကယ်တမ်းမှာ ကိုယ့်ကိုယ်ကို ကာကွယ်တယ်ဆိုတာ လူတွေရဲ့ သဘာဝဆန်တဲ့ တုံ့ပြန်မှုပဲဖြစ်တယ်ဆိုတာကို ကရင်အမျိုးသားခေါင်းဆောင်ကြီးတွေ သင်ခန်းစာအကြီးကြီး ရခဲ့တာဖြစ်တယ်။
ထပ်ပြောနေရတာကတော့ ဇန်နဝါရီလ (၃၁) နေ့မှာ ကျရောက်တဲ့ ခုနှစ်ဆယ့်သုံးနှစ်မြောက် ကရင့်လက်နက်ကိုင်တော်လှန်ရေးနေ့နဲ့ ကျမတို့သွားနေတဲ့ ငြိမ်းချမ်းရေ းတည်ဆောက်တဲ့ခရီးကြမ်းတို့ရဲ့ အဆက်အစပ် ရှိပုံပဲဖြစ်ပါတယ်။
တိုင်းပြည် ငြိမ်းချမ်းရေး ရရှိဖို့ဆိုတဲ့နေရာမှာ လက်နက်ကိုင် အဖွဲ့အစည်းတွေ လျော့သွားဖို့၊ ပျောက်သွားဖို့ချည်းပဲ မဟုတ်ဘဲ လက်နက်ကိုင် အဖွဲ့အစည်းတွေရှိလာရခြင်း အကြောင်းရင်းတွေကို ထည့်စဉ်းစားကြလိမ့်မယ်လို့ မျှော်လင့်တယ်။ ဒေါက်တာမာတင်လူသာ ကင်း ဂျူနီယာ ပြောခဲ့သလို “တစ်ထောင့်တစ်နေရာမှာ ရှိနေတဲ့ မတရားမှုမှန်သမျှဟာ ဘယ်နေရာမှာမဆိုရှိနေတဲ့ တရားမျှတမှု အားလုံးကို ခြိမ်းခြောက်နေတတ်ပါတယ်။”
နယ်လ်ဆင်မဲန်ဒဲလား ပြောသလိုပါပဲ … အဖိနှိပ်ခံတွေဘယ်ပုံနဲ့ ခုခံတော်လှန်မလဲဆိုတာ ဖိနှိပ်သူတွေက ဖေါ်ဆောင်တာ ဖြစ်တယ်။ မိမိကိုယ်ကိုကာကွယ်ဖို့အတွက်၊ အများအတွက်ပိုမိုကောင်းမွန်တဲ့ လူမှုအသိုင်းအဝိုင်း တစ်ခုဖြစ်လာဖို့အတွက် ဆူးညှောင့်ခလုတ်တွေကို ရှင်းလင်းခုတ်ထွင်တဲ့အခါ ထိရောက်မှုမရှိတဲ့ လက်နက်ကိရိယာကို အသုံးပြုခြင်းမှာ ဘာကောင်းမွန်တဲ့ သီလမှမရှိပါဘူး။
ကျမတို့တွေ မျှော်ရည်မှန်းတဲ့၊ တန်းတူညီမျှမှုရှိတဲ့ လူမှုအသိုင်းအဝိုင်း၊ မတူကွဲပြား စုံလင်မှုတွေကြားမှာ ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်နိုင်ကြတဲ့ လူမှုအသိုင်းအဝိုင်းဖြစ်ဖို့ ကျမတို့အားလုံး ငြိမ်းချမ်းချင်ဖို့လိုပါတယ်။ လူမျိုးတစ်မျိုးရဲ့ လက်ရှိရပ်တည်မှုအတွက်ရော၊ အနာဂတ်အတွက်ပါ ရတက်မအေးရအောင် ခြိမ်းခြောက်နေတဲ့ အရာတွေရှိနေသရွေ့ ခုခံတော်လှန်မှုဆိုတာ ရှိနေမှာဖြစ်တယ်။
ကရင်လူမျိုးများနဲ့ လူမျိုးစုများအားလုံး လက်နက်အားဖြင့် မိမိကိုယ်ကို ကာကွယ်ရတဲ့အခြေအနေတွေ၊ မိမိရပ်ရွာဒေသနဲ့ ဘိုးဘွားအမွေ အနှစ်တွေကိုကာကွယ်ရတဲ့ အခြေအနေတွေကို အမြန်ဆုံးအဆုံးသတ်နိုင်ကြပါစေ။ ငြိမ်းချမ်းရေးနဲ့ အေးအေးလူလူ နေထိုင်နိုင်ခွင့်ကို လက်နက်ကိုင် တိုက်ယူရသော အခြေအနေများကို အမြန်ဆုံး အဆုံးသတ်နိုင်ကြပါစေ။ လူတိုင်းလူတိုင်း ကြောက်ရွံ့စိုးရိမ်ရခြင်းမှ ကင်းကင်းဝေးဝေးနဲ့ မတိုက်ဆိုင်မှု၊ မညီမျှမှုတွေကို ယဉ်ယဉ်ကျေးကျေး၊ အေးအေးချမ်းချမ်း ညှိနှိုင်းဆွေးနွေး ဖြေရှင်းနိုင်ကြပါစေ။ တရားမျှတမှုအမြင်၊ အတွေးနဲ့အခြေအနေတွေကို ခြိမ်းခြောက်နေတဲ့ မတရားမှု၊ မမျှတမှုတွေ အားလုံးဆိတ်သုဉ်းသွားအောင် လူတိုင်းတော်လှန်တတ်ကြပါစေ။
လွန်ခဲ့တဲ့လေးငါးနှစ်လောက်က အဲ့ဒီလို ဆုတောင်းခဲ့ဘူးတော့ ဒီကနေ့ အနေအထားကို ကြည့်လိုက်တာ ငါ မသင့်လျော်တာများ တောင်းခဲ့မိလေသလား ပြန်စဉ်းစားမိတယ်။
(၇၄) နှစ်မြောက် ကရင်တော်လှန်ရေးနေ့မှာ ပူးပေါင်းလာတဲ့ တစ်နိုင်ငံလုံးက တော်လှန်သွေးသစ်များနဲ့ တက်ညီ လက်ညီ အာဏာရှင်အလုံးစုံကို အမြစ်ဖြတ် ချေမှုန်းနိုင်ပါစေ။ တန်းတူမှုရှိသော၊ တရားမျှတသော ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်နိုင်ရေးကို အမြန်ဆုံး အကောင်အထည် ဖော်နိုင်ကြပါစေ။ ကောင်းမွန်တဲ့ အနာဂတ်သစ်ဖန်တီးနိုင်ဖို့ အစဉ်သစ်လွင်ရဲရင့်သော အတွေးအခေါ်များနဲ့ လူငယ်မောင်မယ်များ ဦးဆောင်နိုင်ကြပါစေ။