စစ်တပ်အာဏာသိမ်းပြီးနောက် စိုက်ပျိုးရေးလုပ်ငန်းများတွင် သွင်းအားစုစရိတ်များ ပိုမိုကုန်ကြလာပြီး နိုင်ငံတစ်ဝှမ်း တိုက်ပွဲများပိုမိုပြင်းထန်လာခြင်းကြောင့် ကြာရှည်သိုလှောင်၍မရသည့်သီးနှံစိုက်ပျိုးမှုများ လျော့ချစိုက်ပျိုးလာကြောင်း တောင်သူများထံက စုံစမ်းသိရှိရသည်။
ပြီးခဲ့သည့် ဆောင်းသီးနှံများပေါ်ထွက်ချိန်တွင် ကြာရှည်သိုလှောင်၍မရသော သီးနှံများဖြစ်သည့် ဂေါ်ဖီ၊ ခရမ်းချဉ်သီး၊ ပန်းဂေါ်ဖီ၊ ငရုပ်သီးစသည့် သီးနှံအများအပြားကို အနိမ့်ဈေးဖြင့်ရောင်းထုတ်ခဲ့ကြရသဖြင့် တောင်သူများ အရှုံးပေါ်ခဲ့ကြောင်း မိုးညိုမြို့နယ်အတွင်းရှိ အသက် ၃၀ ကျော်အရွယ် တောင်သူတစ်ဦးကပြောသည်။
“ဒီသီးနှံတွေက ဈေးမကောင်းသလို ကြာရှည်လှောင်ထားလို့လည်းမရဘူး။ အဲဒီတော့ရတဲ့ ဈေးနဲ့ ရောင်းပစ်ရတာ၊ ခရမ်းချဉ်တစ်ပိဿာမှ ၄၀၀၊ ၅၀၀။ ပန်းဂေါ်ဖီ၊ ဂေါ်ဖီတို့လည်း အဲဒီဈေးလောက်ပဲရောင်းရတာ၊ ငရုတ်လည်း ဒီလိုပဲ အစိမ်း ၁ ပိဿာ ၅၀၀၊ အမှည့်အခြောက် ၁ ပိသာမှ ၅၀၀၀ ကျော်ကျော်ပဲ၊ ဖောက်သည်ဈေးတွေက အဲဒီထက် ပိုနည်းတယ်။ ဈေးမကောင်းတဲ့ သီးနှံတွေပြောရရင်အများကြီး၊ မြေဩဇာဈေးတွေ၊ အလုပ်သမားခတွေ၊ ဓာတ်ဆီဈေးတွေက အကုန်တက်တာ၊ ကိုယ့်သီးနှံကရတဲ့ဈေးနဲ့ ရောင်းလိုက်ရတယ်၊ အဲဒီတော့ အရှုံးများပြီး အခုထပ်စိုက်ဖို့ အစ်ကိုမှမဟုတ်ဘူး အကုန်လန့်ကုန်ကြပြီ။ နည်းနည်းပါးပါးပဲ ၁ ကျိုး ၂ ကျိုး(၁ ဧကလေးကျိုးခွဲ)လောက်ပဲစိုက်ကျတော့တယ်”ဟု ၎င်းက ရှင်းပြသည်။
စိုက်ပျိုးသီးနှံများ ဈေးကောင်မရခြင်းမှာ နိုင်ငံအနှံ့တိုက်ပွဲများဖြစ်ပွားနေပြီး သယ်ယူစရိတ်ကြီးမြင့်မှုများကြောင့် ဖြစ်ကြောင် လက်ပံတန်းမြို့နယ်ရှိ ကုန်သည်တစ်ဦးက ဆက်လက်ပြောသည်။
“ ဟိုနေရာမှာ တိုက်ပွဲဖြစ်လို့ လမ်းတွေပိတ်ပြန်ပြီ၊ ဒီနေရာမှာ တိုက်ပွဲဖြစ်လို့ လမ်းတွေပိတ်ပြန်ပြီနဲ့၊ အစ်ကိုတို့ တင်သွားတာက ကုန်စိမ်းတွေလေ၊ လမ်းမှာကြာလို့မရဘူး၊ ပုတ်ကုန်ရော။ ရန်ကုန်ဈေးကွက် တစ်ခုတည်းအားကိုးလို့မရဘူး။ တရုတ်ဘက် ၊ ထိုင်းဘက်ကလည်း လမ်းကြောင်းတွေ ပိတ်ထားတာ၊ အဲဒါတွေကြောင့်တောင်သူတွေ ဒုက္ခရောက်ရတာ၊ အစ်ကိုတို့ကုန်သည်တွေလည်း အဲဒီလို လမ်းတွေပိတ်ကုန်ရင်ရှုံးတယ်”ဟု ၎င်းကဆိုသည်။
ထို့ပြင် စစ်ကောင်စီကအတည်ပြုပြဌာန်းလိုက်သည့် စစ်မှုထမ်းဥပဒေကြောင့် လူငယ်အများအပြားထွက်ပြေး တိမ်းရှောင်နေရပြီး လုပ်သားအင်အား ရှားပါးလာခြင်းကြောင့် စိုက်ပျိုးရေးလုပ်ငန်းများကို လျော့ချလုပ်ကိုင်လာရခြင်းဖြစ်ကြောင်း အုတ်ဖိုမြို့နယ်အတွင်းနေထိုင်သည့် အသက် ၅၀ အရွယ် တောင်သူအမျိုးသမီးတစ်ဦးက ထပ်လောင်းပြောသည်။
“အရင်တည်းကလုပ်သားက ရှားနေပါတယ်ဆိုမှ အခုစစ်မှုထမ်းရမယ်ဆိုတော့ အကုန်မနေရဲကြတော့ဘူး။ အန်တီသားကအစ အိမ်မှာမထားရဲတော့ဘူးလေ၊ လူငယ်တွေအကုန်လုံးလိုလိုပါပဲရှောင်ကုန်ကြတာ၊ ထိုင်းဘက်ကို အောက်လမ်းတွေက သွားတဲ့သူကသွား၊ တောထဲပြေးတဲ့သူက ပြေးပေါ့။ လုပ်အားမရှိရင် စိုက်ပျိုးရေးလုပ်ငန်းက ဘာမှလုပ်မရဘူး။ ပြီးခဲ့တဲ့ဆောင်းမှာ အန်တီငရုတ် ၁ ဧက စိုက်တာ၊ ရှုံးကလည်း ရှုံး၊ အလုပ်သမားကလည်းမရှိတော့ စိုက်ဖြစ်တောင် ၁ ကျိုးလောက်ပဲစိုက်တော့မယ်” ဟု ၎င်းကဆိုသည်။
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မြန်မာနိုင်ငံသည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိက အသက်မွေးဝမ်းကျောင်းပြုနေသော နိုင်ငံဖြစ်သောကြောင့် တောင်သူလယ်သမားများ၏ ဘဝကိုဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်ပေးမည်ဟု ၎င်းမိန့်ခွန်းများတွင် မကြာခဏပြောလေ့ရှိသော်လည်း ၎င်းလက်အောက်ခံ တပ်ဖွဲ့ဝင်များက တောင်သူလယ်သမားအများဆုံးနေထိုင်သည့် ကျေးရွာများကို လိုက်လံမီးရှို့ဖျက်ဆီးလျက်ရှိသည့်အပြင် ဒေသခံများကိုလည်း ညှင်းပန်းနှိပ်စက်သတ်ဖြတ်မှုများ ပြုလုပ်လျက်ရှိသည်။