ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာတွင် တိုက်ပွဲဖြစ်ပွားပြီးနောက် ပြောင်းဝယ်သူ မရှိသလောက်နည်းပါးနေသဖြင့် တောင်သူများအခက်တွေ့နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ပြီးခဲ့သည့်နှစ်၌ စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးအချိန်မှစတင်ကာ တရုတ်-မြန်မာ နယ်စပ်ဂိတ်များ ပိတ်ခဲ့ခြင်းကြောင့် သွင်းကုန်များတင်သွင်းခွင့်မရသည့်အပြင် ပိုကုန်များလည်း တင်ပို့ခွင့်မရခြင်နှင့် ဂိတ်ကြေးပေးဆောင်ရခြင်းများပြားမှု ကြောင့် ပြောင်းပွဲစားများသည် ပြောင်းဝယ်ယူမှု နည်းပါးနေခြင်းဖြစ်ကြောင်း ပြောင်းစိုက် တောင်သူအမျိုးသားတစ်ဦး ကပြောသည်။
“မျိုးစေ့က တစ်ထုတ်ကို ၁ သိန်းကျော်ပေးဝယ်ရတယ်။ ခြံရှင်းခ၊ စိုက်ခ၊ ခူးခနဲ့တင် ၇ သိန်းလောက်ကျတယ်။ အခုက ဝယ်တဲ့သူသိပ်မရှိဘူး။ တော်တော်လေ အခက်ကြုံနေရတာဗျာ။ ဘယ်လိုလုပ်ရမှန်းမသိတော့ဘူး”ဟု ၎င်းကပြောသည်။
ယခင်နှစ် ၂၀၂၃ခုနှစ်အတွင်း ပြောင်း တစ်အိတ်လျင် ကျပ်လေးသောင်းအထိရရှိခဲ့သော်လည်း ယခုနှစ်တွင် ပြောင်းတစ်အိတ် ကျပ်သုံးသောင်းသာ ရရှိသည့်အတွက် တောင်သူများအရှုံးပေါ်လျက်ရှိကြောင်းလည်း သိရသည်။
“ဝယ်တဲ့သူတော့ရှိတယ်။ ဒါပေမယ့် တအားနည်းနေတယ်။ ရှားသွားတဲ့သဘောဖြစ်သွားတယ်။ သူတို့သတ်မှတ်တဲ့ ဈေးနှုန်းပဲရတာပေါ့။ ဈေးနှိမ်ပြီးဝယ်ကြတယ်။ လူတိုင်းမှာ အခက်အခဲရှိမှန်းလည်းသိပါတယ်။ ဒါပေမဲ့ ဈေးမနှိမ်သင့်ဘူး။ အရင်က ၁ ပိဿသာကို ၁၂၀၀/၁၅၀၀ ကျပ်ထိရတယ်။ ဒီနှစ်တော့ ၇၀၀ ကျပ်ပဲရတယ်”ဟု နမ့်ဖက်ကာ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
ထို့ပြင် ၂၀၂၃ခုနှစ်၊ အောက်တိုဘာ ၂၇ရက်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တံတား အချို့ပျက်စီးခဲ့သဖြင့် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများလည်း ရပ်နားထားရကြောင်း ဒေသခံများက ဆိုသည်။
“မူဆယ်ရောက်ဖို့ဆိုတာ ဂိတ်တွေအများဖြတ်ရတယ်။ တကယ်လို့ ပြောင်းဖူးကို ဈေးကောင်းပေးဝယ်ပြန်တော့လည်း ဂိတ်ကြေးနဲ့တင် အမြတ်မပြောနဲ့ အရင်းတောင်ပြန်ရဖို့မလွယ်ဘူး။ တချို့ကားတွေက တောလမ်းကသွားရသလို တချို့လည်း တခြားမြို့ကိုပတ်ပြီး တင်သွင်းရတယ်”ဟု ပြောင်းဝယ်သူနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
လက်ရှိ ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း တိုက်ပွဲများငြိမ်နေသည့်အတွက် တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးကို ပြန်လည်ဖွင့်လှစ်ပေးရန် ဒေသခံများက မျှော်လင့်လျက်ရှိနေသည်။
ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း နမ့်ဖက်ကာ၌ စစ်ကောင်စီနှင့် KIA ပူးပေါင်းတပ်များအကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့မှုကြောင့် ၎င်းကျေးရွာရှိ နေအိမ် ၃၀၀ကျော်ပျက်စီးခဲ့ရကြောင်းလည်းသိရသည်။