ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့တွင် ယမန်နေ့(မတ် ၂၆ရက်)တွင် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA နှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(ကိုးကန့်တပ်ဖွဲ့)(MNDAA)တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
SSPPတပ်ဖွဲ့သည့် သိန္နီမြို့ နမ့်စလပ်တိုက်နယ်သို့ ပြင်စဉ်နေစဉ် MNDAA က တားမြစ်ရာမှ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မြို့ခံ အမျိုးသားတစ်ဦးကပြောသည်။
“ပြီးခဲ့တဲ့ အပတ်က SSPP အင်အား ၂၀၀ နဲ့ နမ့်စလပ်တက်မလို့ လုပ်နေတာ၊ ကိုးကန့်တပ်ကိုလည်း အကြောင်းကြားတယ်လို့တော့ပြောတာပဲ၊ ကိုးကန့်က ပေးမသွားတော့ သူလည်း ဟိုနောင်ရွာမှာ ၂ ညအိပ်ခဲ့တယ်။ အဲ့ဒါကို ကိုးကန်က ရွာထဲ လက်နက်ကြီးပစ်လိုက်တယ်”ဟု ၎င်းက ပြောသည်။
ထို့ပြင် ယနေ့(မတ် ၂၇ရက်)၊ မနက် ၉နာရီခန့်တွင် MNDAA က SSPPတပ်ဖွဲ့ရှိရာနေရာသို့ ဒရုန်းနှင့် ရှော့တိုက်ဒုံးများ အသုံးပြုပြီး တိုက်ခိုက်မှုများပြုလုပ်နေကြောင်း သိရသည်။
“ကျတော်တို့ စစ်တပ်ကို တိုက်ထုတ်ချိန်မှာ မဟာပိတ်အချင်းချင်းက ပြန်တိုက်တော့ဘာအဓိပ္ပာယ်လဲပေါ့၊ ရှမ်းမြောက်အကုန်တောင်တိုက်မထုတ်နိုင်သေးဘူး။ အချင်းချင်းက ဟိုနေရာလုလိုက်၊ ဒီနေရာလုလိုက်နဲ့ စစ်တပ်ကတော့ ရယ်ပြီလေ၊ အာဏာရှင်တိုက်ထုတ်တာမဟုတ်ဘူးလား။ တိုင်းရင်းသားက စည်းလုံးညီညွတ်မှုရှိရမယ်လေ”ဟု သိန္နီမြို့ခံ လူငယ်အမျိုးသားတစ်ဦးက ပြောသည်။
လက်ရှိ MNDAA နှင့် SSPP တို့သည် နယ်မြေကျွမ်းကျင်ခြင်းကြောင့် သိန္နီမြို့တွင် ထိတွေ့တိုက်ပွဲများပိုမိုပြင်းထန်လာမည်ကို ဒေသခံများက စိုးရိမ်လျက်ရှိနေသည်။
ထို့ပြင် ဟိုင်ဂင် သဘောတူညီချက်အရ မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတို့သည် “၁၀၂၇ စစ်ဆင်ရေး” ယာယီအပစ်ရပ်ထားသည့်အပြင် ‘ဝ’တပ်ဖွဲ့ ဦးဆောင်သည့် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC)၌ ပါဝင်သည့် အဖွဲ့ဝင်အချင်းချင်း တိုက်ခိုက်ခြင်းသည် မဖြစ်သင့်ကြောင့် ရှမ်းလူငယ် အမျိုးသားတစ်ဦးက သုံးသပ်သည်။
အဆိုပါ ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC)သည် ‘ဝ’တပ်ဖွဲ့ UWSA က ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပြီး ကချင်လွတ်လပ်ရေးတပ် KIO/KIA၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA၊ မိုင်းလားတပ်ဖွဲ့ NDAA နှင့် ညီနောင်မဟာမိတ် ၃ ဖွဲ့တို့က အဖွဲ့ဝင်အဖြစ်ပါဝင်ထားခြင်းဖြစ်သည်။
တိုက်ပွဲဖြစ်ပွားသည့် ကိစ္စနှင့်ပတ်သတ်ပြီး SSPP ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းဖုန်ဟန်ကို ဆက်သွယ်သော်လည်း ဖုန်းပိတ်ထားသဖြင့် ဆက်သွယ်၍မရရှိခဲ့သည့်အပြင် MNDAA ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းကိုလည်း telegramမှ ဆက်သွယ်သော်လည်း ပြန်လည်ဖြေကြားမှုမရှိခဲ့ပေ။