ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်အပိုင် ရိုးမအတွင်းသို့ နယ်မြေရှင်းလင်းရန် စစ်ကြောင်းထိုးချီတက်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရသဖြင့် ၆ ဦး သေဆုံးသွားကြောင်း သာယာဝတီဂဠုန်တပ်ဖွဲ့ က မတ်လ ၁၇ တွင် သတင်းထုတ်ပြန်ထားသည်။
အင်းအား ၃၀ ခန့်ပါသည့် စစ်ကောင်စီစစ်ကြောင်းသည် မတ်လ ၁၆ ရက်၊ နံနက်ပိုင်းက လက်ပံတန်းမြို့နယ် အရှေ့၊ ရေငံအုပ်စု၊ ထန်းပင်ချောင်ကျေးရွာမှ ရိုးမအတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်လာချိန် မိနစ် ၃၀ ခန့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ထည့်သွင်းဖော်ပြထားသည်။
“ရိုးမအစပ်နားမှာပဲ တိုက်ပွဲဖြစ်တာပါဗျ။ ကျွန်တော်တို့ စစ်ကြောင်းတက်လာတော့ မိုင်းတွေဆင်ထားတာ။ မိုင်းခွဲသေးတယ် ဂျန်ပါ ပါလာတော့ မိုင်းတွေကမကွဲဘူး။ အဲဒါနဲ့ လက်နက်ငယ်တွေနဲ့ဝိုင်းပစ်တာ။ သူတို့ကလည်း လက်နက်ကြီးတွေနဲ့ပြန်ပစ်တယ်။ ခြောက်ယောက်မှန်ပြီးလဲကျသွားတာ၊ ဒဏ်ရာရတဲ့သူတွေလည်းများမယ်၊ ကျွန်တော်တို့မျက်မြင်တွေ့ရတယ်” ဟု ဂဠုန်တပ်ဖွဲ့ စစ်ရေးတာဝန်ခံ ကိုဥက္ကာက ပြောသည်။
စစ်ကြောင်းထိုးလာသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် သာယာဝတီ ခလရ ၃၅ တပ်က စစ်သားများ ဖြစ်ပြီး ပြည်သူ့စစ်(ပျူစောထီး)များလည်း ပါဝင်နိုင်ကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။
“ပျူတွေလည်းပါနိုင်တယ်။ ဒီကောင်တွေမှာက အင်အားဒီလောက်မရှိတော့ဘူး။ အဲဒါကြောင့် ပျူတွေပါ အသေခံထည့်လာတာ။ အလောင်းတွေကိုတော့ တာလက်ပတ် အစိမ်းစတွေနဲ့ပတ်ပြီး ပြန်သယ်သွားတယ်။ အထိနာသွားတော့စစ်ကြောင်းပြန်ထိုးလာနိုင်တယ်” ဟု ကိုဥက္ကာက ဆိုသည်။
လက်ပံတန်းမြို့နယ်၊ သရက်တောကျေးရွာနှင့် ရေငံကျေးရွာရှိ စစ်တပ်သတင်းပေး ၅ ဦးအား တော်လှန်ရေး ရဲဘော်များက မတ်လ ၁၄ ရက်တွင် ပစ်ခတ်ရှင်းလင်းခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရိုးမအတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာခြင်းဖြစ်ကြောင်း အသက် ၄၀ အရွယ် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
“အဲဒီ ရေငံအုပ်စုရွာတွေက ရိုးမနဲ့လည်းနီးတယ်။ ခဏခဏလည်း ဒလန်တွေ ဝင်ရှင်းခံနေရတာ။ ဟိုနေ့(မတ်လ ၁၄)က လည်း ၅ ယောက် အရှင်းခံလိုက်ရတယ်။ အဲဒါကြောင့် စစ်သားတွေရောက်လာပြီး ရိုးမထဲ ဝင်သွားတယ်။ ရွာထဲလည်း သေနတ်တွေဖောက်သွားတယ်” ဟု ၎င်းကရှင်းပြသည်။
တိုက်ပွဲအတွင်းအထိနာသွားသည့် စစ်ကောင်စီတပ်သည် မတ်လ ၁၇ ရက်တွင်လည်း ရိုးမအတွင်းသို့ ထပ်မံစစ်ကြောင်းထိုးဝင်ရောက်လာသဖြင့် တိုက်ပွဲများထပ်မံဖြစ်ပွားနေကြောင်း ဒေသခံများထံကသိရသည်။