မုံရွာ-မန္တလေးလမ်းမပေါ် စစ်ယာဉ်တန်း မိုင်းထိပြီးနောက် စစ်သားများ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ထိမှန်ပြီး ဒေသခံအမျိုးသား၁ဦး သေဆုံးကာ ၂ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။
ယနေ့(မတ်လ ၂ရက်) နံနက် ၄နာရီခွဲဝန်းကျင်ကစစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ-မန္တလေးလမ်းပေါ် သွားနေသော စစ်ကောင်စီယာဉ်တန်းကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အထိနာသဖြင့် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ကြောင်း လက်နက်ကြီးကျည် ၁လုံးမှာ မုံရွာ မြို့နယ်၊ ပုရစ်ကုန်းကျေးရွာရှိ နေအိမ် ၁လုံးပေါ် တည့်တည့် ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း မုံရွာမြို့နယ်နေ ဒေသခံအမျိုးသားတစ်ဦးကပြောသည်။
သေဆုံးသည့်အမျိုးသားမှာ ပုရစ်ကုန်းမြောက်ရွာမှ ဦးကျော်မွှေး (အသက် ၇၀)ဖြစ်ပြီး အသက် ၇၀အရွယ်အမျိုးသမီး ၁ဦးနှင့် အသက် ၃၀အရွယ် အမျိုးသားတစ်ဦးတို့ ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
” အချက်ရေကတော့ ပစ်တာများတယ်။ ၁လုံးက အိမ်ပေါ်ကို တည့်တည့်ကျသွားတာ။ အမျိုးသမီးက လက်နက်ကြီးကျပြီးကတည်းက နားစည်ကွဲပြီး နားမကြားရတော့ဘူး။ အမျိုးသားကတော့ တင်ပဆုံကိုထိတယ်။ သူတို့က သားအမိ” ဟု ၎င်းကပြောသည်။
ယနေ့ နံနက် ၄နာရီခွဲဝန်းကျင်က ချောင်းဦးမှထွက်လာသော စစ်ကောင်စီတပ် Jamper ကား ၄စီးကို မုံရွာမြို့နယ်၊ မုံရွာ-မန္တလေးလမ်းပိုင်းအရောက်တွင် ပြင်းအားမြင့် မိုင်း ၅လုံးဖြင့် အနီးကပ်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ဗိုလ်အပါအဝင် ၃ဦးသေဆုံးကာ ကား ၁စီးပျက်စီးသွားကြောင်း ANyar Defense Force အဖွဲ့၏ သတင်းပြန်ကြားတာဝန်ခံထံက သိရသည်။
” သေတာက လက်တလော ၃ဦး အတည်ပြုနိုင်တယ်။ ဗိုလ်ပါတယ်လို့တော့ သိရတယ်။ ပြည်သူတွေက သေချာမခွဲတတ်တော့ ဘယ်အဆင့်လဲဆိုတာတော့ သေချာမသိရဘူး။ ပွိုင့်တွေက ဆွဲကြတာများတော့ ဘယ်ပွိုင့်မှာသေလည်းတော့မသိဘူး။ ပျက်သွားတဲ့ ကားကို ကရိန်းနဲ့ နမခ(အနောက်မြောက်တိုင်းစစ်ဌာနချုပ်)ကိုပဲ ပြန်သယ်သွားတယ်” ဟု ၎င်းကပြောသည်။
ယင်းတိုက်ခိုက်မှုကို ANyar Defence Force အဖွဲ့နှင့် Area 71 People PDF Monywa အဖွဲ့တို့ ပူးပေါင်းဆင်နွှဲခဲ့ပြီး PDFရဲဘော်များအထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။
စစ်သားများ သေဆုံးမှုအပေါ် MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။