ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ရှိ စစ်တပ်ထောက်ခံသူတို့ နေထိုင်ရာရပ်ကွက်များသို့ ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ဗုံး ၄ လုံး ကျခဲ့ကြောင်း သိရသည်။
မတ်လ၁ရက်၊နေ့ခင်း ၁၂နာရီ ကျော်တွင် လွိုင်ကော်မြို့လယ်ရှိ စစ်တပ်ထောက်ခံသူများနေထိုင်ရာ ရှမ်းပိုင်း ၊ရွှေတောင် နှင့်မင်္ဂလာ ရပ်ကွက်များသို့ ဂျက်ဖိုက်တာတစ်စင်းဖြင့်ဗုံး ကြဲချခဲ့ခြင်းဖြစ်ကြောင်း မြေပြင်ရှိ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
“ မနေ့က နေ့လယ်လောက်ကြဲတာပါ။ပေါင် ၅၀၀ဗုံး ၄ လုံးကျတယ်။အဲ့ရပ်ကွက်တွေမှာ နေတဲ့သူမရှိသလောက်ပါပဲ။နေအိမ်ပျက်စီးမှုကတော့များတယ်။လူမရှိတော့ သေဆုံးမရှိဘူး။အိုးအိမ်တွေ ပျက်စီးတယ်။ သူဌေးရပ်ကွက်ဆိုတော့ တိုက်တွေချည်းပဲ” ဟု ၎င်းက ပြောသည်။
ဗုံးကြဲချခြင်းကြောင့် ရှမ်းပိုင်း ၊ရွှေတောင် နှင့် မင်္ဂလာရပ်ကွက်များရှိ နေအိမ် ၁၀၀ကျော် ပျက်စီးခဲ့ကြောင်း လွိုင်ကော်မြို့နေပြည်သူတစ်ဦးက ပြောသည်။
“ ဒကစ(လွိုင်ကော်မြို့ဒေသကွပ်ကဲမှုစစ်ဌာနချုပ်)နဲ့ကျောချင်းကပ် ရပ်ကွက်ပဲ။ရှမ်းပိုင်းရပ်ကွက်က ဘောမများတယ်။သူတို့တုတ်နဲ့ ပြန်ထိုးခံရတာဆိုပါတော့။အဲ့ရပ်ကွက်တွေက တော်လှန်ရေးတပ် ဖွဲ့ဝင်တွေ မရှိတဲ့နေရာပေါ့။ဘာလို့ဆို စစ်သားတွေရှိတာမို့လို့လေ။မီးတော့ ခဏပဲလောင်ပါတယ်” ဟု ၎င်းက ပြောသည်။
ဖေဖော်ဝါရီလ တတိယအပတ်အတွင်း စစ်ကောင်စီတပ်သည် လွိုင်ကော်မြို့တွင်း၌ ထိုးစစ်ဆင်တိုက်ခိုက်မှုများရှိလာကြောင်းနှင့် လွိုင်ကော်မြို့ပေါ်တွင် တိုက်ပွဲငယ်များနေ့စဉ် ဖြစ်ပွားနေကြောင်း မြေပြင်ရှိ KNDFတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
“ တိုက်ပွဲက နေ့တိုင်းရှိပေမယ့် တိုက်ပွဲငယ်တွေပဲ ဖြစ်တာများတယ်။ဒီလအစမှာတင် လက်နက်ကြီး ပစ်တာတွေနဲ့ လေကြောင်းဗုံးကြဲတာတွေ ၃ ကြိမ်လောက်လုပ်လာတာတွေ့ရတယ်။ပန်ကန်း၊ မိုင်းလုံး၊ လောဓမ္မ၊ ရွှေတောင်ဘက်က ရပ်ကွက်တွေမှာ တိုက်ပွဲတွေခပ်စိပ်စိပ်ဖြစ်လာတယ်။စကစအ နေ နဲ့ ဒကစ (လွိုင်ကော်မြို့ဒေသကွပ်ကဲမှုစစ်ဌာနချုပ်) အနားက ရပ်ကွက်ကြီးတွေကို ပြန်ပြီးခြေ ကုပ်ယူလာတယ်လို့မြင်တယ်။အပြန်အလှန်ပစ်ခတ်ကြတဲ့ တိုက်ပွဲကြီးတွေတော့ မဖြစ်သေးပါဘူး” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် စစ်ကောင်စီတပ်သည် လွိုင်ကော်မြို့ရှိ ဘုရားကျောင်းကန်များပါမကျန် လက်နက်ကြီးဖြင့် နေ့စဉ်ပစ်ခတ်နေပြီး တော်လှန်ရေးအင်အားစုများအနေဖြင့် လွိုင်ကော်မြို့ ရရှိရေးအတွက် တိုက်ပွဲဝင်လျက်ရှိသည်။