မကွေးတိုင်း၊ဆိပ်ဖြူမြို့နယ်၊ ကန်စွန်းမနယ်မြေရဲစခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ပြည်တော်ဝင်စစ်ဆင်ရေးဆင်နွှဲခဲ့ရာ စစ်သား ၅ ဦးနှင့် ရဲ ၂ ဦးသေဆုံးကာ ၁၅ ဦးဒဏ်ရာရရှိကြောင်း အမှတ်(၁)စစ်ဒေသ၊မကွေးတိုင်းကွပ်ကဲရေးထံကသိရသည်။
ဒီဇင်ဘာ ၄ ရက်၊နံနက် ၆ နာရီဝန်းကျင်တွင် စစ်သားနှင့်ရဲ အင်အား ၃၀ ဝန်းကျင်ရှိ ကန်စွန်းမနယ်မြေရဲစခန်းကို ၂ နာရီနီးပါးကြာတိုက်ခိုက်ခဲ့ရာ စစ်ကူများရောက်လာခြင်းကြောင့် စခန်းကို ခေတ္တမျှသာ သိမ်းနိုင်ခဲ့ပြီး ရဲစခန်းဝန်းအတွင်းရှိ နယ်ထိန်း၏ နေအိမ်အား မီးရှို့ခဲ့ကြောင်းသိရသည်။
“စခန်းကို မသိမ်းနိုင်ခဲ့ဘူး။စစ်ကူရောက်လာလို့ ပြန်ဆုတ်ခဲ့ရတယ်။ဒရုန်းက ဗုံးသီးချတာမှာ Error တက်လို့ ကတုတ်ကျင်းထဲက ၇ ကောင်လွတ်သွားတယ်”ဟု ပခုက္ကူခရိုင် တပ်ရင်း(၁၉) သတင်းနှင့်ပြန်ကြားရေးမှ ရဲဘော်မိုက်ကယ် က ပြောသည်။
တိုက်ပွဲဖြစ်ပွားနေစဥ်အတွင်း စစ်ကောင်စီတပ်၏ အမှတ် ၂၁ ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ ၂၁)၊ အမှတ် ၉ လေကြောင်းရန်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(လစခ ၉)နှင့် အမှတ်- ၂၀၃၆ လေကြောင်းရန်ကာကွယ်ရေးတပ်ရင်း(လကတ ၂၀၃၆)တပ်တို့မှ စစ်ကူအများအပြားရောက်လာကြောင်းသိရသည်။
“စခန်းက မရခဲ့ဘူး။၂ နာရီလောက်ပဲ စစ်ကူတွေကိုဖြတ်တောက်ထားတဲ့အချိန် ရဲစခန်းအတွင်းဝင်ပြီး နယ်ထိန်းအိမ်ကိုမီးဝင်ရှို့တယ်။လက်နက်မရခဲ့ဘူး” ဟု အမှတ်(၁)စစ်ဒေသ၊ မကွေးတိုင်းကွပ်ကဲရေးမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။
ကန်စွန်းမနယ်မြေရဲစခန်းသည် ကပစ-၂၁ နှင့် ၇မိုင်ကျော်သာဝေးပြီး ဆိပ်ဖြူ ကန်ဇွန်းမလမ်းဆုံစစ်တပ်ဂိတ်နှင့်လည်း နီးကြောင်း တိုက်ပွဲဖြစ်ပွားပြီးနောက် ကန်စွန်းမရဲစခန်းတွင် အင်အား ထပ်ဖြည့်ထားကြောင်း ၎င်းကဆက်လက်ပြောသည်။
ယင်းတိုက်ပွဲအပြီးတွင် စစ်ကောင်စီတပ်က အင်အားအများအပြားဖြင့် ကန်စွန်းမရွာကို စစ်ကြောင်းထိုးရာ ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။
အဆိုပါတိုက်ခိုက်မှုကို ပခုက္ကူခရိုင်အမှတ် (၄၊၁၁၊၁၉) တပ်ရင်းများ၊ မင်းဘူးခရိုင်အမှတ် (၁၊၂၊၄၊၅၊၆၊၇) တပ်ရင်းများ၊ Myanmar Defence Force (MDF)နှင့် ချောက် PDF သခင်ဖိုးလှကြီး တပ်ခွဲ ပူးပေါင်းအင်အားစုတို့က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ်ပြီး PDF ရဲဘော်များ အထိအခိုက်မရှိကြောင်း သိရသည်။
စစ်သားနှင့်ရဲတို့ သေဆုံး၊ဒဏ်ရာရမှုအပေါ် MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။