ကရင်နီ(ကယား)ပြည်နယ်၊လွိုင်ကော်၊မိုးဗြဲနှင့်ဒီးမောဆိုမြို့နယ်အတွင်းရှိ စစ်စခန်း ၇ ခုကို 11.11 operation အဖြစ် တော်လှန်ရေးတပ်ဖွဲ့များက တစ်ပြိုင်နက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း Karenni Nationalities Defense Force က ထုတ်ပြန်သည်။
နိုဝင်ဘာလ ၁၁ ရက်၊နံနက် ၅ နာရီမှ စတင်၍ စစ်ကြောင်း ၃ ကြောင်းဖြင့် ဝါရီဆူးပလိုင်၊နန့်စံခန်း၊ဘုရားဖြူ၊ညောင်ဝိုင်း၊ဝါရီကောခူ၊ရေယိုနှင့်ချိကယ် ကျေးရွာများရှိ စစ်ကောင်စီစစ်စခန်းများကို ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“ဒီစခန်း ၇ ခုက အပြင်းအထန်ဆုံးအခက်အခဲဆုံးတိုက်ယူရတယ်။အလွယ်ကူဆုံးစခန်းကတော့ ဝါရီဆူးပလိုင်စခန်းပါပဲ။ရန်သူသေဆုံးမှုများတယ်။လက်နက်ခဲယမ်းတွေလည်းရတယ်။စစ်သုံ့ပန်းတွေလည်းရှိတယ်။စာရင်းအရမသိရသေးဘူး” ဟု KNDF ဥက္ကဌ ခွန်းဘီထူး ကပြောသည်။
တိုက်ပွဲဖြစ်ပွားနေစဥ်အတွင်း လွိုင်ကော်၊ဒီးမော့ဆိုနှင့်မိုးဗြဲ အခြေစိုက် စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ကူခဲ့သလို လွိုင်ကော်နှင့်ဒီးမော့ဆိုမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားရာနေရာများသို့ တိုက်လေယာဥ်ဖြင့် အကြိမ် ၂၀ နီးပါးနှင့် တိုက်ခိုက်ရေးရဟတ်ယာဥ်ဖြင့် ၂ ကြိမ်လာရောက်ပစ်ခတ်ခဲ့သေးသည်။
“စစ်ကောင်စီက ကပစ်တဲ့လက်နက်ကြီးတွေကြောင့် အရပ်သားပြည်သူ ၅ ဦးသေဆုံးတယ်။နေအိမ်တွေလည်း ပျက်စီးတာတွေရှိတယ်။လောလောဆယ်မှာတော့ ပြည်သူတွေအနေနဲ့ အလုံခြုံဆုံးနေရာတွေကိုရှာကြံပြီးနေဖို့လိုပါတယ်။လွိုင်ကော်အတွင်းမှာ စစ်ကောင်စီက ထွက်လာပြီးတော့ ကျနော်တို့ရဲ့နေအိမ်တွေ၊ရပ်ရွာတွေကို စိုးမိုးဖို့လုပ်လာရင်တော့ လွိုင်ကော်ကို ဦးတည်ပြီးတိုက်မှာဖြစ်သလို စစ်ကြောင်းလာတဲ့လမ်းတွေကိုလည်းဖြတ်ပြီး တိုက်မှာဖြစ်ပါတယ်။စစ်ကောင်စီနဲ့အနီးဆုံးနေရာတွေက အန္တရာယ်အရှိဆုံးဖြစ်ပါတယ်။ဒါကြောင့် IEC (ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ)၊KSCC (ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ)တို့ရဲ့ ထုတ်ပြန်ညွှန်ကြားချက်တွေကို အသိမှတ်ပြုပြီး လိုက်နာပေးဖို့လိုပါတယ်” ဟု ၎င်းကပြောသည်။
ယင်းတိုက်ပွဲအတွင်း စစ်သားများ ထိခိုက်သေဆုံးမှုများပြားသလို စခန်းစွန့်ခွာပြေးသူလည်းရှိကာ စစ်သုံ့ပန်းများလည်း ဖမ်းဆီးရမိကြောင်းနှင့် လက်နက်ကြီး၊လက်နက်ငယ်မျိုးစုံ ၁၀၀ ခန့်နှင့်ခဲယမ်းကျည်ဆန်များစွာလည်း သိမ်းဆည်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်၏ တိုက်လေယာဥ် တစ်စီးကို ဖရူဆိုမြို့အနီး၌ ပစ်ချနိုင်ခဲ့ကြောင်းသိရသည်။
“ဒီနေ့မနက်တော့ ငြိမ်နေတယ်။လွိုင်ကော်မှာက စစ်ကောင်စီက မိုင်းလုံးဂိတ်မှာရှိတယ်။ခလရ- ၂၅၀ အမြောက်တပ်နဲ့ ခလရ -၂၆၁ တပ်ရှိသေးတယ်။သိပ်တော့ မလွယ်သေးဘူး၊ မြို့ကိုသိမ်းဖို့က။မြို့မရဲစခန်းနဲ့ပြည်နယ်ရဲစခန်းမှာက သိပ်မထိုင်တော့ဘူး။ထောင်နားမှာ အင်အားတိုးထားတယ်။တင့်ကားတွေလည်းရှိတယ်။ကျနော်တို့ရဲဘော် စောယွန်း ခြေထောက် တစ်ဖက်ပေးလိုက်ရတယ်” ဟု Loikaw Local PDF တာဝန်ခံ ရဲဘော်ကျော်ထက် ကပြောသည်။
တိုက်ပွဲများအတွင်း KNDF ရဲဘော် ၇ ဦး၊PDFနှင့် KNPLF ရဲဘော် ၄ ဦးတို့ ကျဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်းသိရသည်။
“သုံ့ပန်းတွေလည်း ဖမ်းဆီးရမိထားတယ်။စာရင်းပြုစုနေဆဲပါ။ကျနော်တို့ စစ်မျက်နှာက တစ်ခုတည်း မဟုတ်ပါဘူး။စစ်မျက်နှာ ၃ ခုမှာ သုံ့ပန်းတွေမိပါတယ်။အတိအကျ ဖြေလို့မရသေးပါဘူး။စစ်ကောင်စီရဲ့ ကျဆုံးစာရင်းကတော့ ၁၀၀ နီးပါးရှိပါတယ်။သိမ်းဆည်းရမိတဲ့ လက်နက်တွေကိုက ၁၀၀ နီးပါးရှိတယ်။လေယာဥ်က ၂ စီးလာပစ်တာ။ခု ပျက်ကျတာက ဒုတိယ ၁ စီးပါ။ပစ်ဖို့လာဝဲတဲ့အချိန်မှာ point 5 နဲ့ပစ်ချတာမှာ အတောင်ပံ တစ်ဖက်ကိုထိသွားတာသေချာတယ်။မီးခိုးတွေထွက်ပြီး ပြန်လှည့်သွားတယ်။လေယာဥ်မှူးတွေက ဖရူဆိုမြို့နယ်ထဲမှာခုန်ချတယ်လို့သိရပါတယ်။ကျနော်တို့ ရှာဖွေမှုတွေလုပ်နေပါတယ်” ဟု KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေး မှ တာဝန်ရှိသူ ကပြောသည်။
အဆိုပါစခန်းသိမ်းတိုက်ပွဲများကို KA (ကရင်နီတပ်မတော်)၊ KNDF၊KNPLF (ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး-ကလလတ)၊DMO Local PDF၊Loikaw PDF၊မိုးဗြဲ PDF၊ ဖယ်ခုံ PDF၊မြို့ပြပြောက်ကျားတပ်နှင့် ရှမ်းတောင် PDF တို့ပူးပေါင်းပြီး ဆင်နွှဲခဲ့ခြင်းဖြစ်သည်။
စစ်သားများသေဆုံး၊ထိခိုက်မှုကိုမူ MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။