ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့အနီး၊ မြစ်ကြီးနား- ဗန်းမော်ကားလမ်းမပေါ်ရှိ၊ ကန်ဒေါင်ယန်နှင့် မလိယန်စစ်တပ်စခန်းကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) မှ သိမ်းပိုက်နိုင်ခဲ့ကြောင်း မြေပြင် စစ်ရေး သတင်းရင်းမြစ်ထံမှသိရသည်။
ယနေ့ (အောက်တိုဘာ ၃၁ ရက်)၊ မနက် ၅ နာရီခန့်မှစ၍ အဆိုပါ စစ်တပ်စခန်းနှစ်ခုကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ၊ မနက် ၈ နာရီခန့်တွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
“ ကန်ဒေါင်ယန်ရော၊ မလိယန်ရောက စစ်ကောင်စီတပ်အတွက် အရေးပါတဲ့ စခန်းတွေချည်းပဲ။ တိုက်ပွဲဖြစ်ပြီး ၃ နာရီ အကြာမှာဘဲ၊ အဲ့ဒီစခန်းနှစ်ခုကို သိမ်းပိုက်နိုင်ခဲ့တယ်” ဟု ရှေ့တန်းရောက် မြေပြင်သတင်းရင်းမြစ်က ပြောသည်။
အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ဂျက်ဖိုက်တာနှစ်စီးအသုံးပြုပြီး လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီး၊ လက်နက်ကြီးပစ်ခတ်သံများကို လိုင်ဇာမြို့မှ ကြားရကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“ မနက် ၇ နာရီက လေယာဥ်နဲ့ပစ်ချတာ။ မြို့ထဲကနေတောင် မီးခိုးလုံးကြီးကို မြင်ရတယ်။ ၈ နာရီလောက်မှ ပစ်ခက်သံ တွေရပ်တယ်။ ဒီနေ့ကတော့ လေကြောင်း ဂရုစိုက်ရမယ်။ လေကြောင်းတိုက်ခိုက်တာက မုန်လိုင်ခက်စစ်ရှောင်စခန်း အနီးကိုလည်း ကျရောက်ပေါက်ကွဲခဲ့တယ်လို့ကြားတယ် ” ဟု လိုင်ဇာဒေသခံအမျိုးသမီးတစ်ဦးက MPA သို့ ပြောသည်။
ထို့ပြင် အောက်တိုဘာ ၂၉ရက်တွင်လည်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ်၊ မုံးမော်-နမ့်ဟိုင်းရှိ ခမရ ၃၂၄ တပ်စခန်းကို KIA တပ်မဟာ၄၊ တပ်ရင်း ၈ မှ သိမ်းပိုက်နိုင်ခဲ့ကြောင်းလည်း သိရသည်။
“ Opreation 1027 ကလည်း စစ်ကောင်စီစခန်းတွေ တစ်ခုပြီးတစ်ခုသိမ်းနေသလို ကချင်ဘက်မှာလည်း ထပ်သိမ်းနေပြန်ပြီ၊ အခြေအနေတွေကတော့ အားရစရာပါ” ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
လက်ရှိတွင်လည်း ရှမ်းပြည်နယ်မြောက်ပိုင်းရှိ လားရှိုး၊ သိန္နီ၊ ချင်းရွှေဟော်၊ နမ္မတူ၊ နောင်ချို စသည့် မြို့နယ်များရှိ စစ်ကောင်စီတပ်စခန်း ၇၀ ခန့်ကို ညီနောင်မဟာမိတ်တပ်များမှ သိမ်းပိုက်ထားနိုင်ပြီး၊ စစ်ကောင်စီမှ လေကြောင်းအသုံးပြု၍ တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသည်။