စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မြောက်ခြမ်း ဝဘာကျေးရွာကို ဝင်ရောက်မီးရှို့ခဲ့သော စစ်တပ်က အိမ်တအိမ်၏သစ်သားတံခါးပေါ် မြေဖြူဖြင့် ဘီလူးစစ်ကြောင်း ဟု ရေးသားခဲ့ကြောင်းသိရသည်။
ထို့အပြင် “ HA HA ပဲရမယ်” ဟုလည်း ရေးသားသွားကြောင်း ဒီပဲယင်းမြို့နယ်ညီနောင်များထံက သိရသည်။
” ရွာအတွင်းထဲက အိမ်မှာ။ မီးရှို့ပြီးတော့ရေးသွားတာ။ မီးရှို့သွားတဲ့အိမ်တွေကိုလည်း ရှင်းလင်းရေးဘာညာလုပ်နေကြတယ်” ဟု ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့တာဝန်ခံက MPA သို့ပြောသည်။
အင်အား၁၀၀ခန့်ရှိယင်းစစ်ကြောင်းသည် အောက်တိုဘာ ၂၁ ရက်၊ နံနက် ၁၁ နာရီဝန်းကျင်က ဒီပဲယင်းမြို့ပေါ်မှနေ၍ မှန်သာကြီးကျေးရွာသို့ ဝင်ရောက်ခဲ့ပြီး ယနေ့တွင် (အောက်တိုဘာ ၂၃ ရက်နေ့) ဆပ်ပြာကျင်းကျေးရွာသို့ ဦးတည်နေသဖြင့် အနီးဝန်းကျင် ကျေးရွာများမှ ဒေသခံသောင်းချီ ဆက်လက်ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
” သူတို့နဲ့ဝေးလို့ ပြန်ဝင်နေတဲ့ရွာတွေလည်းရှိတယ်။ စစ်ကြောင်းတစ်လျှေက်မှာ ရှိတဲ့ရွာတွေပဲ ထွက်ပြေးနေရတယ်။ ကြိုရှောင်တာဖြစ်တဲ့အတွက် အဖမ်းခံရတာတော့မရှိသေးဘူး” ဟု ဒီပဲယင်းမြို့နယ်စစ်ရှောင်ကူညီထောက်ပံ့ရေးအဖွဲ့မှ အဖွဲ့ဝင်တဦးက MPA သို့ပြောသည်။
စစ်ရှောင်များကို ထောက်ပံ့ရန် သွားသော်လည်း စစ်ကြောင်းဝင်ရောက်မှုကြောင့် နေရပ်ဆက်တိုက်ရွှေ့ပြောင်းနေရသဖြင့် ထောက်ပံ့မှုမပေးနိုင်သေးကြောင်း ၎င်းကပြောသည်။
ယင်းစစ်ကြောင်းသည် အောက်တိုဘာ ၂၁ရက်နေ့က ဝဘာကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၇လုံး၊ စပါးတိုက် ၄လုံး၊ စပါးတင်း ၈၀၀ခန့် နှင့် မြေဆီ ၁၅လုံးတို့ မီးလောင်ပြာကျ သွားကြောင်း ဝဘာကျေးရွာသား တစ်ဦးက ပြောသည်။
” ဒါနဲ့ဆိုအ ရှို့ခံရတာ ၃ ကြိမ်ရှိပြီ။ ပထမတစ်ကြိမ်က ၇ အိမ်၊ ဒုတိယအကြိမ်က ၆၇ အိမ်ပါသွားတယ်။ ခုတစ်ကြိမ်က မှန်သာရွာမှာ စစ်ကြောင်းက တစ်ဝက်နေပြီး အင်အား ၃၀ လောက်နဲ့ ဝဘာကို မီးသွားရှို့ပြီး ချက်ချင်းပြန်လာတာ။ ပစ္စည်းတွေတော့ သယ်မသွားလောက်ဘူး။ အုန်းတင်ရွာနဲ့ ကြည်ရွာကြားမှာလည်း ကျန်ခဲ့တဲ့ ဆိုင်ကယ် ၂ စီးမီးရှို့သွားသေးတယ်။ ခုတော့ စစ်ကြောင်းနဲ့ဝေးတဲ့ရွာတချို့တော့ ပြန်ဝင်နေပြီ” ဟု ၎င်းကပြောသည်။
ယင်းစစ်ကြောင်းနှင့် ဒေသတွင်း ကာကွယ်ရေးတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲ ၃ကြိမ်ဖြစ်ပွားခဲ့ပြီး နှစ်ဘက် ထိခိုက်သေဆုံးမှုကိုမူ မသိရသေးပေ။
” ရွာထဲဝင်ပြန်ဝင်တော့ သွေးတွေတော့တွေ့တယ်။ သေတာဘာညာတော့ မသိသေးဘူး” ဟု ၎င်းကဆက်လက် ပြောသည်။
နေရပ်မပြန်နိုင်သေးသည့် စစ်ကြောင်းရှောင် ဒေသခံများအတွက် စာနပ်ရိက္ခာများလိုအပ်နေကြောင်း စစ်ရှောင်ပြည်သူတဦးကပြောသည်။
“ စားဝတ်နေရေးအခက်အခဲရှိတယ်။ ဆန်တို့ ဆီတို့ပေါ့။ ရွာတွေများတော့ နေရာတွေ ခွဲနေရတယ်။ ရပ်ရွာက ထမင်းပို့တာတွေလည်းရှိတယ်။ ကိုယ်တိုင်ချက်စားနေရတာလည်းရှိတယ်။ စောင်တွေ ၊အနွေးထည်တွေကတော့ သယ်နိုင်ခဲ့တော့ ပြဿနာမရှိဘူး” ဟု ၎င်းကပြောသည်။
စစ်ရှောင်ပြည်သူများကို ပဲ၊ ဆီ၊ ငါးခြောက်နှင့် ငရုတ်သီးခြောက် လှူဒါန်းပေးခဲ့ပြီး ထပ်မံလှူဒါန်းရန် ပြင်ဆင်လျက်ရှိကြောင်း ဒီပဲယင်းမြို့နယ်ညီနောင်များထံက သိရသည်။