စက်တင်ဘာလ၃ပတ်တာအတွင်း စစ်ကောင်စီကြောင့် နိုင်ငံတစ်ဝန်းသေဆုံးသွားသည့် ပြည်သူ ၆၄ဦးရှိကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)က သတင်းထုတ်ပြန် သည်။
စက်တင်ဘာ၁ရက်မှ ၂၁ရက်နေ့အထိ စစ်ကောင်စီလက်ချက်ဖြင့် အမျိုးသမီး ၁၀ ဦးနှင့် အမျိုးသား ၅၄ ဦး စုစုပေါင်း ၆၄ ဦး သေဆုံးခဲ့ကြောင်း ယင်း၆၄ဦးထဲတွင် စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် သေဆုံးသူ ၂၇ဦးရှိကြောင်း AAPPကဆိုသည်။
သေဆုံးသူ၆၄ဦးအနက် စစ်ကိုင်းတိုင်းအတွင်းသေဆုံးသူ ၂၇ဦးရှိပြီး သေဆုံးမှုအများဆုံးဖြစ်ကြောင်း သိရသည်။
“ကျနော်တို့ စစ်ကိုင်းတိုင်းထဲကတော့ နေ့စဉ်မပျက်ပါဘူး။စစ်ကြောင်းထိုးတယ်။စစ်ကြောင်းထိုးရင်းနဲ့ တွေ့တဲ့ပြည်သူတွေကို ပစ်တယ်။စစ်ကြောင်းထိုးတဲ့တပ်တွေက PDF တိုက်မှာစိုးလို့ လက်နက်ကြီးတွေ နဲ့ ရွာတွေဘက် ခြောက်လှန့်ပြီး ရမ်းပစ်တာလည်းရှိတယ်။ရွာတွေဘက်ကို ပြည်သူတွေ သေစေလိုတဲ့ရည် ရွယ်ချက်နဲ့ ပစ်တာမျိုးတွေလည်းရှိတယ်။အဲဒါကြောင့်ပဲသေရတာပါ”ဟု မုံရွာမြို့ခံ တက်ကြွလှုပ်ရှားသူ တစ်ဦးကပြောသည်။
ထို့အပြင် စက်တင်ဘာလ ၃ပတ်တာအတွင်း နိုင်ငံတစ်ဝန်းရှိအမျိုးသမီး ၁၀ ဦးနှင့် အမျိုးသား ၃၃ ဦး စုစုပေါင်း ၄၃ ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး ယင်းအထဲတွင် ရန်ကုန်တိုင်းမှာ ၁၀ ဦး ဖြင့် အများဆုံး ဖမ်းဆီးခံခဲ့ရကြောင်း ၃ပတ်အတွင်း ထောင်ဒဏ်ချမှတ်ခံခဲ့ရသူ ၇၅ ဦး ရှိခဲ့ပြီး ယင်းအထဲတွင် ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခံထားရသူ ၃ ဦးနှင့် သေဒဏ်ချမှတ်ခံထားရသူ ၄ ဦး ပါဝင်ကြောင်း AAPP ကထုတ်ပြန်သည်။