ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့အနီး ဝိုင်းမော် – လိုင်ဇာလမ်းပေါ်ရှိ ဆမားလမ်းခွဲတစ်လျှောက်၌ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်မှ သိရသည်။
KIO ဌာနချုပ်အနီး၊ ဝိုင်းမော် – လိုင်ဇာလမ်းပေါ်ရှိ ဆမားလမ်းခွဲ တစ်လျှောက်တွင် ယမန်နေ့( စက်တင်ဘာ ၁၆ ရက်) မနက် ၉ နာရီခန့်မှ စတင်၍ နေ့လယ် ၁ နာရီခန့်အထိ KIA တပ် နှင့် စစ်ကောင်စီတပ်ဘက်မှ ခမရ (၃၁၈)၊ (၃၈၄)၊ (၃၈၅) တို့ လက်နက်ကြီးများဖြင့် အပြန်အလှန်ပစ်ခက်ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
“ ဆမားလမ်းခွဲ ရာဘာခြံအနီးမှာဖြစ်တာပါ။ မနက်အစောကတည်းက လက်နက်ကြီးတွေနဲ့ပစ်တယ်။ နှစ်ဖက် အထိအခိုက်စာရင်းတော့မသိရသေးဘူး။ စစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်မှုလည်းလုပ်တယ်။” ဟု သတင်း ရင်းမြစ်က ပြောသည်။
ထို့အပြင် ဆမားလမ်းခွဲ၌ တိုက်ပွဲများဖြစ်ပွားလျက်ရှိရာ ယင်းပတ်ဝန်းကျင်၌သေဆုံးခဲ့သည့် စစ်သားများကို စစ်ကောင်စီတပ်မှ အလောင်းများ လာရောက်ကောက်ယူခြင်းမရှိသောကြောင့် အပုပ်နံများ ထွက်ပေါ် နေကြောင်းလည်း ဒေသခံများထံမှ သိရသည်။
ယင်းထိတွေ့တိုက်ပွဲအတွင်း နှစ်ဖက်တပ်ဖွဲ့များမှ သေဆုံး၊ ထိခိုက်မှုများကိုမူ MPA အနေဖြင့် ဆက်လက်စုံ စမ်းနေလျက်ရှိပြီး သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
တိုက်ပွဲဖြစ်ပွားမှုကြောင့် ဆမားလမ်းခွဲတလျှောက်ရှိ ဆမားကျေးရွာ၊ မလိကျေးရွာ၊ ကဇူးယန်၊ နမ်ဆန်ယန် နှင့် မဒီးယန်ကျေးရွာအနီးတဝိုက်တွင်နေထိုင်သော ဒေသခံပြည်သူများအနေဖြင့် လက်နက်ကြီးပစ်ခတ်မှုကို သတိထားနေနေရကြောင်းလည်းသိရသည်။
“ တိုက်ပွဲငြိမ်သွားတာ တစ်ပတ်လောက်ရှိပြီ။ မနေ့ကမှ ပြန်ဖြစ်တာ။ အသံတွေကလည်း အကျယ်ကြီးပဲ။ ရွာတွေဘက်လည်း စစ်တပ်က လက်နက်ကြီးတွေနဲ့ ရမ်းပစ်နေတာ။ပြီးခဲ့တဲ့ တစ်ပတ်လောက်က အလောင်းတွေအခုထိလာမကောက်တော့ အဲ့ဒီပတ်ဝန်းကျင်မှာ အနံ့တွေ အတော်ဆိုးဆိုးကိုဖြစ်နေတယ်” ဟု ဒေသခံ ရွာသားတစ်ဦးက ပြောသည်။
ထို့အပြင် စက်တင်ဘာ ၁၆ ရက်နေ့ မနက်ပိုင်းတွင်လည်း KIO ဌာနချုပ်အနီး၊ အောင်ဂျာကျေးရွာတစ်ဖက်ကမ်းရှိ လိုင်လွမ့်အောင်ဂျာစစ်ကောင်စီစခန်းကို KIA မှ တိုက်ခိုက်သိမ်းပိုက်ရာ လက်နက်ခဲယမ်းများစွာရရှိခဲ့ကြောင်း သိရသည်။
စက်တင်ဘာလဆန်းပိုင်းမှ စတင်ကာ စစ်ကောင်စီတပ်များသည် ဝိုင်းမော် – လိုင်ဇာလမ်းပေါ်ရှိ စစ်ရေးအရ အရေးပါသည့် နမ့်ဆန်ယန်၊ မဒီးယန်၊ အောင်ဂျာ စသည်ကျေးရွာများကို အထိုင်ချရန် စစ်အင်အား အများအပြားဖြင့် ထိုးစစ်ဆင်နေသည့်အတွက် KIA တပ်များနှင့် နေ့စဉ် ထိတွေ့တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်သည်။