စစ်ကိုင်းတိုင်း၊အရာတော်မြို့နယ်၊ နောင်ကြီးအိုင်ရွာကို စစ်ကောင်စီတပ်က ယနေ့နံနက်ပိုင်းတွင် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်းသိရသည်။
အရာတော်မြို့နယ်၊နောင်ကြီးအိုင်ရွာရှိ နောင်ကြီးအိုင်ရဲစခန်းကို ဒေသတွင်း PDFတပ်ဖွဲ့များက စက်တင် ဘာ၁၆ရက်၊ည၁၁နာရီမှ ယနေ့(စက်တင်ဘာ၁၇ရက်)နံနက်၅နာရီအထိ လာရောက်တိုက်ခိုက်ပြီးနောက် တိုက်ပွဲဖြစ်ပွားခြင်းမရှိတော့သည့် နံနက် ၆နာရီခန့်၌ စစ်ကောင်စီတပ်က Mi 35 တိုက်ခိုက်ရေးသုံးရဟတ် ယာဉ်ပေါ်မှနေ၍ စက်သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းဒေသခံအချို့ထံကသိရသည်။
“ မြေပြင်မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့တိုက်ပွဲ ဖြစ်နေတယ်။နောင်ကြီးအိုင်ရွာရဲစခန်းကို စခန်းသိမ်းတိုက်ပွဲ ဖော်ဆောင်နေတာ။အဲ့ဒါကြောင့် စစ်တပ်ကလေကြောင်းပစ်ကူပေးတာ။ဒီနေ့မနက်က တော့ခဏပဲလာပစ်သွားတာ။၁၅ရက်နေ့ကတော့ကြာတယ်၊ဗုံးသီးလည်းချတယ်၊ထိခိုက်မှုတော့မသိရသေးဘူး” ဟုPDFများနှင့်နီးစပ်သော ဒေသခံအမျိုးသားတစ်ဦးကပြောသည်။
နောင်ကြီးအိုင်ရွာ ရဲစခန်းကို စက်တင်ဘာ ၁၅ရက်နေ့ကလည်းဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က Mi 35ရဟတ်ယာဥ်ဖြင့် ဗုံးကြဲခဲ့သေးသည်။
နောင်ကြီးအိုင်ရွာဒေသခံ ၃၀၀ ကျော်က စက်တင်ဘာ ၁၅ရက်နေ့မှစတင်ကာ နေရပ်စွန့်ခွာ တိမ်းရှောင်နေကြကြောင်းသိရသည်။
နောင်ကြီးအိုင်ရဲစခန်းတိုက်ပွဲ နှင့်ပတ်သက်ပြီး နှစ်ဖက် ထိခိုက်မှုအခြေအနေကို PDF များက သတင်း ထုတ်ပြန်ခြင်းမရှိသေးပေ။