စစ်ကြောင်းထိုးပြီးပြန်လာသော စစ်သားများကို ရေစကြိုမြို့မရဲစခန်းအနီးတွင်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၃ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
စက်တင်ဘာ ၁၄ရက်၊ နံနက် ၁၀နာရီခန့်က ရေစကြိုတောင်ဘက်ခြမ်းသို့စစ်ကြောင်းထိုးပြီး ပြန်လာသော စစ်သား ၁၇ဦးကို မကွေးတိုင်း၊ရေစကြိုမြို့၊ဆောက်လုပ်ရေးရုံးရှေ့အရောက်တွင် မိုင်း ၃လုံးဆွဲတိုက်ခိုက်ခဲ့ကြောင်း ရေစကြိုပကဖက သတင်းထုတ်ပြန်သည်။
စစ်ကြောင်းထိုးပြီးပြန်လာသော စစ်သားအချို့က ထွေအုပ်ရုံးသို့ပြန်သွားပြီး ရဲစခန်းသို့ ပြန်သည့် စစ်သား ၁၇ဦးကို ရေစကြိုပကဖ က မိုင်းဆွဲခြင်းဖြစ်သည်။
” သူတို့ကဒီလိုဗျ။ မြို့ပေါ်ပြန်ရောက်တဲ့အချိန်ကျတော့ ၁၇ယောက်က ရဲစခန်းဘက်သွားတာ။ ကျန်တဲ့ဟာတွေက ထွေအုပ်ရုံးထဲဝင်သွားတာ။ ရဲစခန်းဘက် ခွဲပြီးပြန်သွားတဲ့ ၁၇ယောက်ကိုတော့ ရဲစခန်းမရောက်ခင်လေးနားမှာ ဆောက်လုပ်ရေးရုံးရှိတယ်။ အဲ့နားမှာဆွဲခဲ့တာ။ ရဲစခန်းနဲ့သိပ်မဝေးတော့ဘူး” ဟု ရေစကြိုပကဖတာဝန်ခံ ရဲဘော်ဝေကြီးက MPA သို့ပြောသည်။
မိုင်းဆွဲသည့်နေရာနှင့် မြို့မရဲစခန်းမှာ တစ်ဖာလုံခန့်သာ ဝေးကြောင်း ရေစကြိုမြို့ခံတစ်ဦးကပြောသည်။
“ရေစကြိုမြို့ပေါ်မှာ စစ်တပ်ရဲ့အာဏာက သူတို့စခန်းချတဲ့နေရာနားလောက်ပဲရှိတယ်။ဆောက်လုပ်ရေး ရုံးနဲ့ရဲစခန်းနဲ့က သိပ်မဝေးဘူး။၁ဖါလုံလောက်ပဲကွာတာ”ဟု ၎င်းကပြောသည်။
မိုင်းဆွဲခံရပြီးနောက်စစ်သားများကလက်နက်ငယ်များဖြင့်ရမ်းသန်းပစ်ခတ်ခဲ့ကာဒဏ်ရာရစစ်သားများကို ရေစကြိုမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။
စစ်သားများဒဏ်ရာရမှုအပေါ် MPA အနေနှင့်သီးခြားအတည်မပြုနိုင်ပေ။