စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဒီပဲယင်းမြို့အနောက်ခြမ်းတွင် ဂိတ်စောင့်ရန် ဆိုင်ကယ်များဖြင့် ထွက်လာသည့် စစ်သားများကို PDF ပူးပေါင်းတပ်ဖွဲ့များမှ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သားသုံးဦးသေဆုံးခဲ့ကြောင်း ယင်းမာပင်ခရိုင် တပ်ရင်း ၃၀ (ADPRA) မှ ပြန်ကြားရေးတာဝန်ခံ ကိုမျိုးက MPAသို့ပြောသည်။
ယနေ့(စက်တင်ဘာ ၁၆ ရက်) မနက် ၆ နာရီတွင် ဒီပဲယင်းမြို့အနောက်ခြမ်း၊ ကွက်သစ်ရှိ ဘောလုံးကွင်းထိပ်တွင် ဂိတ်ဖွင့်ကာ ကင်းစောင့်ရန် ဆိုင်ကယ် ၅စီးဖြင့်ထွက်ခွာလာသည့် စစ်ကောင်စီတပ်သား ၁၀ ဦးခန့်ကို PDFများက ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“ စစ်သား၃ယောက် ပွဲချင်းပြီးသေတယ်။ နောက်ထပ်လည်း အထိအခိုက်ရှိနိုင်တယ်။အဲ့ဒီကောင်တွေ(စစ်သား)က အဲ့ဒီမှာ ဂိတ်ဖွင့်ပြီး ကင်းစောင့်နေတာကြာပြီ။” ဟု ကိုမျိုးက ပြောသည်။
ထိတွေ့တိုက်ပွဲသည် ၁၅ မိနစ်ခန့်ကြာမြင့်ခဲပြီး၊ အခြားစစ်ကောင်စီတပ်သားများ ထွက်ပြေးသွားခဲ့ကြောင်း၊ PDF ပူးပေါင်းတပ်ဖွဲ့မှ အထိအခိုက်မရှိခဲ့ဘဲ MA13 တစ်လက်နှင့် ကာဘိုင် တစ်လက် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
“ ကျွန်တော်တို့က လိုက်ပစ်တာ။သူတို့ကလည်း ထွက်ပြေးတာပေါ့။ သေနတ်၂လက်ရတယ်။ ထိခိုက်တာလည်း ရှိနိုင်တယ် “ ဟု ၎င်းက ဆိုသည်။
အဆိုပါတိုက်ပွဲကို ယင်းမာပင်ခရိုင် တပ်ရင်း ၃၀ (ADPRA) မှ ဦးဆောင်ကာ PLA နှင့် ရေဦး ပကဖ တို့ ပူးပေါင်းတိုက် ခိုက်ခဲ့ခြင်းဖြစ်သည်။
“ သေနတ်သံတွေကြားလိုက်တယ်။ ပြီးတော့ မြို့ထဲမှာလည်း စစ်သားတွေ ပြာယာခက်နေကြတာ။ စစ်တပ်ဘက် ကလည်း သေတယ်လို့ကြားတယ်။” ဟု ဒီပဲယင်းမြို့ခံတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဇူလိုင် ၃၁ ရက်ကလည်း ဒီပဲယင်းမြို့အပြင်ရှိ စစ်ကောင်စီဂိတ်ကို ဝင်ရောက်တိုက်ခိုက်ရာ စစ်သားခြောက်ဦးသေဆုံးပြီး၊ သေနတ်လေးလက် သိမ်းဆည်းရမိကြောင်း ADPRA မှ ထုတ်ပြန်ထားသည်။