စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ ခရမ်းစပ်ကုန်းရွာ၌ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က စက်တင်ဘာ ၁၅ရက်၊ ည၈နာရီခန့်တွင် ဂျက်ဖိုက်တာတစ်စီးဖြင့် ဗုန်းကြဲတိုက်ခိုက်ခဲ့မှုကြောင့် ဘုန်းကြီးတစ်ပါးနှင့် ကပ္ပိယတစ်ဦးသေဆုံးခဲ့ကြောင်း Indaw Revolution – IRမှ တာ၀န်ရှိသူတစ်ဦးက ပြောသည်။
“ ဒေသခံကာကွယ်ရေးတပ်တွေလည်း မရှိဘူး၊ တိုက်ပွဲဖြစ်တာလည်း မရှိဘူး၊ ညကြီး ရုတ်တရက် ဘာကြောင့် လေယာဉ်နဲ့ ကြဲလဲဆိုတာတော့ မသိသေးပါဘူး။ အခုလိုဗုံးကြဲသွားတဲ့အတွက် သက်တော် ၇၇ နှစ်၊ ဝါတော် ၅၇ ဝါရှိတဲ့ကျောင်းထိုင်ဘုန်းကြီး အရှင်ရာဇီန္ဒနဲ့ ကပ္ပိယတစ်ဦး သေဆုံးခဲ့တယ်။ ပြီးတော့ ဇရပ်ဆောင်နဲ့ ကျောင်းမကြီး ပျက်စီးသွားတယ်” ဟု ၎င်းက ဆိုသည်။
စစ်ကောင်စီသည် ခရမ်းစပ်ကုန်းရွာအား လေယာဉ်ဖြင့် ဗုံးကြဲပြီးနောက် လက်နက်ကြီးများဖြင့် မိနစ် ၂၀ ကျော်ကြာ ပစ်ခတ်မှုများပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။
“ လေကြောင်းတိုက်ခိုက်မှုက ၈နာရီလောက်မှာဖြစ်သွားတယ်၊ ဗုန်းကြဲပြီးတော့ အင်းတော်စစ်တပ်ကုန်းကနေ ခရမ်းစပ်ကုန်းရွာဘက်ကို လက်နက်ကြီးနဲ့ (၅)လုံး ဆက်တိုက်ပစ်ခဲ့တာပါ “ ဟု ၎င်းက ဆိုသည်။
ထိုကဲ့သို့ စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည့်အတွက် ခရမ်းစပ်ကုန်းရွာနှင့် အနီးအနားရှိ ကျေးရွာများသည် ညတွင်းချင်း စစ်ဘေးတိမ်ရှောင်ခဲ့ရကြောင်း၊ လေကြောင်းတိုက်ခိုက်မှုကြောင့် ခရမ်းစပ်ကုန်းရွာ ရှိ နေအိမ်အချို့ ပျက်စီးမှုများဖြစ်ပေါ်ခဲ့ကြောင်းလည်း သိရသည်။