ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်ရှိ အကြမ်းဖက်စစ်တပ် တပ်ဖွဲ့တည်ရှိရာအနီးတွင် ယနေ့နေ့လယ်က မိုင်းပေါက်ကွဲပြီး ရိုဟင်ဂျာကလေး ၄ ဦးဒဏ်ရာရရှိခဲ့ကြောင်းဒေသခံများက ပြောသည်။
မြောက်ဦးမြို့နယ်အခြေစိုက် အကြမ်းဖက်စစ်တပ်၏ ခမရ ၃၇၈နှင့် ခမရ ၅၄၀ ကြားရှိ တောင်ကုန်းအနီးတွင် ကစားနေကြသည့် ရိုဟင်ဂျာကလေးများ အိမ်ပြန်ခါနီးအချိန်တွင် အကြမ်းဖက်စစ်တပ်ထောင်ထားသည့် မြေမြှုပ်မိုင်းနင်းမိကာ ဗုံးပေါက်ကွဲပြီး ဒဏ်ရာရရှိသွားကြခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
” ကလေးတွေက အဲဒီနားမှာ အမြဲတမ်းကစားနေကြတာပါ။ ဒီနေ့လည်း ကစားပြီးလို့ ပြန်ခါနီး အပင်အောက်က အင်္ကျီတွေသွားယူချိန်မှာ နင်းမိပြီး ပေါက်ကွဲသွားတာပါ ။ ဒီဟာက စစ်တပ်ကထောင်ထားတာပါ ” ဟု ဒေသခံရိုဟင်ဂျာတစ်ဦးက MPA သို့ပြောသည်။
ကလေးများမှာ မြောက်ဦးမြို့နယ်၊ ပေါင်းတုတ်ရွာသစ်မှ အသက်(၁၆)နှစ်အရွယ် ရှရှုအာလာမ် ၊အသက်(၁၃)နှစ်အရွ ယ်မာမတ်အာဒတ် ၊ အသက်(၁၃)နှစ်အရွယ် အာမာရ်ဆာဒတ်နှင့် ဘလောင်တောင်ကျေးရွာနေ အသက်(၁၄)နှစ်အရွယ် မူရှာရတ်တို့ဖြစ်ကြောင်း သိရသည်။
ယင်းကလေးများထဲမှ ရှရူအာလာမ်နှင့် မူရှာရတ်တို့မှာ ဒဏ်ရာပြင်းထန်သဖြင့် မြောက်ဦးမြို့ နယ်၊ မြောင်းဘွေ့တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ကုသနေရကြောင်း ဒေသခံများက ပြောသည်။
” ကလေးနှစ်ယောက်ကတော့ ဒဏ်ရာပြင်းလို့ ဆေးရုံပို့လိုက်ပါတယ်။ ကျန်ကလေးတွေကိုတော့ မိဘတွေ လာခေါ် သွားပါတယ်။ ဒဏ်ရာတွေကတော့ မသေလောက်ပေမယ့် နည်းနည်းစိုးရိမ်ရမှုတော့ ရှိပါတယ် ” ဟု ပေါင်းတုတ်ရွာသစ်နေ ရိုဟင်ဂျာတစ်ဦးက MPA သို့ပြောသည်။
ရက္ခိုင့်တပ်တော်(AA)နှင့် အကြမ်းဖက်စစ်တပ်တို့ကြား စစ်ရေးတင်းမာနေသော ရခိုင်တွင် ယခုရက်ပိုင်းအတွင်း ကျောက်တော်၊ မင်းပြား၊ မြောက်ဦးမြို့ နယ်များတွင် မြေမြှုပ်မိုင်းပေါက်ကွဲမှု (၄)ကြိမ်ထိ ရှိနေပြီဖြစ်သည်။
” စစ်ရေးတင်းမာနေတော့ စစ်တပ်က လူနေတဲ့နေရာတွေတောင် မရှောင်တော့ဘူး။ ခုက တောထဲတောင်ထဲမှာတောင် မဟုတ်တော့ဘူး။ ရွာနား၊ မြို့နားတွေပါမကျန် မိုင်းထောင်ထားတော့ ပြည်သူတွေပဲ နင်းမိတာပေါ့ ” ဟု ရခိုင်အရပ်ဖက်အဖွဲ့အစည်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက MPA သို့ဆိုသည်။
ရခိုင်တွင် ယခုဇူလိုင် ၁ ရက်မှ ၈ ရက်နေ့အတွင်း မြေမြှုပ်မိုင်း မိုင်းပေါက်ကွဲမှုကြောင့် ဒေသခံ ၂ ဦးသေဆုံးပြီး ၆ ဦး ထိခိုက်ဒဏ်ရာရရှိသွားပြီဖြစ်သည်။
ရခိုင်တွင် အကြမ်းဖက်စစ်တပ်နှင့် အေအေတို့ကြား ယခုနှစ်၊ မတ်လဆန်းမှ စတင်ပြီး စစ်ရေးတင်းမာလာရာ ယခု မေ၊ ဇွန်၊ ဇူလိုင်လများအတွင်း မိုင်းပေါက်ကွဲမှု ၁၂ ကြိမ်ထိဖြစ်ခဲ့ပြီး ဒေသခံ ၅ ဦးသေဆုံးကာ ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း စောင့်ကြည့်မှတ်တမ်းယူနေသည့် အဖွဲ့တစ်ခုကပြောသည်။