By MPA CJ 005
စစ်တပ်၏ အာဏာသိမ်းပြီးချိန် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ စ၍ ၂၀၂၃ ခုနှစ် ဧပြီလအထိ ပြည်သူလူထု ၅ ဦးထက်မနည်း တပြိုင်တည်းသေဆုံးခဲ့သည့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်ပေါင်း ၁၄၇ ကြိမ်ထိ ရှိလာပြီး သေဆုံး လူဦးရေ ၁,၅၉၂ ဦးထိ ရှိလာပြီဟု ဉာဏ်လင်းသစ်သုတေသနအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
ဉာဏ်လင်းသစ်သုတေသနအဖွဲ့မှ ယနေ့ မေလ ၂၉ ရက် နေ့တွင် ယင်းသို့ ထုတ်ပြန်ကြေညာခဲ့ပြီး ၎င်းသုတေသနထုတ်ပြန်ချက်တွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်ရာတွင် ပုံစံ ၅ မျိုးရှိကြောင်း ဖော်ပြထားသည်။
ဖော်ပြထားသည့် ပုံစံ ငါးမျိုးမှာ ဆန္ဒပြပွဲများကို ဖြိုခွင်းရာ၌ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်း၊ လေကြောင်းတိုက်ခိုက်မှုများဖြင့် သတ်ဖြတ်ခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ် သတ်ဖြတ်ခြင်း၊ တိုက်ပွဲဖြစ်ပွားစဉ်နှင့် နယ်မြေရှင်းလင်းရေးလုပ်ဆောင်ရာ၌ သတ်ဖြတ်ခြင်းနှင့် အစုလိုက်အပြုံလိုက် တံဆိပ်ကပ်သတ်ဖြတ်ခြင်း တို့ပါဝင်သည်။
၎င်းသတ်ဖြတ်မှုဖြစ်စဉ်များ၌ အကြိမ်ရေ အများဆုံးဖြစ်သည့် မြို့နယ်များမှာ ဝက်လက်မြို့တွင် ၈ ကြိမ်၊ ယင်းမာပင်တွင် ၇ ကြိမ်၊ ကလေးမြို့တွင် ၆ ကြိမ်ဖြစ်ပြီး သေဆုံးမှုအများဆုံး အရေအတွက်ရှိသည့် မြို့နယ်များတွင် ကန့်ဘလူမြို့တွင် ၂၁၇ ကြိမ်၊ ဖားကန့်တွင် ၈၃ ကြိမ် နှင့် ပဲခူးတွင် ၈၂ ကြိမ်တို့ဖြစ်ကြောင်း ဖော်ပြထားသည်။
ထို့ပြင် သေဆုံးမှုများ၏ ၃၂% မှာ လေကြောင်းတိုက်ခိုက်မှုကြောင့်ဖြစ်သည်ဟု ဆိုထားသည်။ လေကြောင်းအသုံးပြုတိုက်ခိုက်ရာတွင် ရဟတ်ယာဉ်များ၊ ဂျက်ဖိုက်တာများ အသုံးပြု၍ ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ပြီး အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုပေါင်း ၂၇ ကြိမ်ထိရှိခဲ့ကာ လူသေဆုံးမှု ၅၀၈ ဦးထိ ရှိခဲ့သည်ဟု ဖော်ပြထားသည်။
ဉာဏ်လင်းသစ်သုတေသနအဖွဲ့မှ မေလ ၂၂ ရက်နေ့တွင်လည်း မြန်မာနိုင်ငံတွင် စစ်တပ်အာဏာ သိမ်းပြီး နောက် ၂ နှစ်ကျော်ကာလအတွင်း လေကြောင်းသုံးတိုက်ခိုက်မှု ၁,၄၂၇ ကြိမ်ထိရှိခဲ့ပြီး ၃ ရက်လျှင် ၁ ကြိမ်နှုန်းဖြင့် တိုက်ခိုက်မှုပြုလုပ်လျက်ရှိကြောင်း သုတေသနတစောင် ထုတ်ပြန်ကြေညာခဲ့သည်။