စစ်ကောင်စီ အာဏာသိမ်းပြီးစ လမ်းမပေါ်ထွက် ဆန္ဒပြခဲ့သည့်ပြည်သူများကို စစ်တပ်နှင့် ရဲတို့က အကြမ်းဖက်ဖြိုခွင်း သတ်ဖြတ်ဖမ်းဆီးခြင်းအမှုပြုပြီးနောက် ၂၀၂၁ ခုနှစ် ဧပြီမှစတင်ကာ မြို့ပြ လူငယ်များသည် စစ်ကောင်စီကိုလက်နက်စွဲကိုင် တော်လှန်ရန် လွတ်မြောက်နယ်မြေများဆီသို့ စစ်ပညာသင် ထွက်လာခဲ့ကြသည်။
မြို့ပေါ်မှ လွတ်မြောက်နယ်မြေသို့ ရောက်ရှိ စစ်ပညာသင်ကြားပြီးသောလူငယ် PDF များသည် ၂၀၂၂ခုနှစ်သို့ရောက်သောအခါ ကရင်ပြည်နယ်အတွင်းရှိ ကေအဲန်ယူ၊ တပ်မဟာ၆ နယ်မြေ၌ သေနတ်ကိုသေနတ်ချင်း စစ်ကောင်စီတပ်များနှင့် ရင်ဆိုင်ကာ တော်လှန်စိတ်ပြင်းခဲ့ကြသည်။
၂၀၂၃ခုနှစ်၊ကရင်ပြည်နယ်အတွင်းရှိ တိုက်ပွဲများတွင် PDFရဲဘော် များပါဝင်လာသလို ကော့ကရိတ်မြို့သိမ်းတိုက်ပွဲများတွင်လည်း PDFရဲဘော်များ PDF ပီသစွာ ရဲစွမ်းပြ။ စစ်ကောင်စီတပ်စခန်းများနှင့် ရဲစခန်းများကို ပိတ်ဆို့ တိုက်ခိုက်သိမ်းပိုက်ရာတွင် KNLA တပ်များနှင့်အတူ ရင်ပေါင်တန်း တိုက်ခိုက်နိုင်သည်အထိ ပေါက်မြောက်လာခဲ့သည်။
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက်မှ စတင်ကာ ကော့ကရိတ်မြို့တွင် စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်ဖွဲ့တို့ ရင်ဆိုင်တိုက်ပွဲများ ဖြစ်ပွားပြီးနောက် ယနေ့အချိန်ထိ အာရှလမ်းမကြီးကို KNLA ၊PDFတပ်ဖွဲ့ဝင်များက ထိန်းချုပ်ထားသလို စစ်ကောင်စီတပ်စခန်းများကိုလည်း ဖြတ်၄ ဖြတ် စနစ်ဖြင့် ဖြတ်ချ ပိတ်ဆို့ထားလျက်ရှိသည်။
“ကျနော်တို့ မနှစ်ကထိ တောထဲတောင်ထဲမှာ စကစတွေကို တိုက်ခိုက်ရတယ်။ ပစ်ပြေးအဆင့်သာသာပဲရှိတယ်။ ဒီနှစ်တော့ လက်နက်အစုံအလင်၊ ဝတ်စုံပြည့်နဲ့ သူတို့စခန်းတွေကို ဝိုင်းထားနိုင်ပြီ” ဟု ကော့ကရိတ် စစ်တပ်စခန်းတစ်ခုကို ဝိုင်းထားရာတွင်ပါဝင်သည့် PDF ရဲဘော်တစ်ဦးက ကင်းစောင့်ရင်းဖြင့် MPA ဓာတ်ပုံသတင်းထောက်အား ပြောသည်။
တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခြင်းနှင့် ဒရုန်းများဖြင့် တန်ပြန်ဗုံးကြဲခြင်းတို့ ကြောင့် မြို့ခံပြည်သူများ သေဆုံးခဲ့သလို ပြည်သူတို့၏ နေအိမ်များလည်း မီးလောင်ပျက်စီးခဲ့သည်။
ရန်ကုန်မြို့တွင်း လမ်းမများပေါ် လူငယ်များဆန္ဒပြခဲ့သည့် အချိန်တုန်းက “သေရဲတဲ့လူလမ်းမ ပေါ်ထွက်လာခဲ့” ဟု ခြိမ်းခြောက်ခဲ့သော စစ်သားများမှာ ယခုPDF လူငယ်များ ဝတ်စုံပြည့်၊လက်နက်ခဲယမ်းအပြည့်အစုံဖြင့်လမ်းမပေါ်တက်လာသည့်အချိန်တွင်တော့ တပ်စခန်း၊ အခိုင်အမာဘန်ကာများနှင့် ကတုတ်ကျင်းများထဲမှ ခေါင်းပြူမထွက်ရဲသည့်ဘဝသို့ ရောက်ရှိနေပြီဖြစ်ကြောင်း MPA ဓာတ်ပုံသတင်းထောက်ကိုယ်တိုင်မျက်မြင်တွေ့ခဲ့ရသည်။
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလတွင် တောကိုနင်း တောင်အတက်အဆင်းတို့ကိုဖြတ်ကာ ကော့ကရိတ်မြို့အနီးရှိ စစ်တပ်စခန်းများအား PDF ရဲဘော်တို့ ပိတ်ဆို့ ဝိုင်းပတ် ထားခဲ့ရာ MPA ဓာတ်ပုံသတင်းထောက်က မှတ်တမ်းတင်နိုင်ခဲ့သည်။ ထို့အပြင် တောင်ကြာအင်းရဲစခန်းကို သိမ်းပိုက်ခဲ့စဉ်ကလည်း အညံ့ခံရဲစခန်းနှင့်အောင်ပွဲခံ PDF တို့၏ ပုံရိပ်များက တလူလူ။
မြို့ပြဘဝများကိုစွန့်ပြီး ကော်သူးလေတောတောင်များဆီ အရောက်လှမ်းကာ အနာဂတ် အတွက် ရှေ့ဆက်ချီခဲ့သော PDFရဲဘော်များမှာ ယခုအခါ မြို့ပေါ်တိုက်ပွဲများမှသည် အောင်မြေဆီ သို့ တက်လှမ်းနေပြီဖြစ်ကြောင်း ယခုမှတ်တမ်းဓာတ်ပုံများက သက်သေခံနေပြီဟု ဆိုလိုက်ချင်ပါသည်။