စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ် ၊ ခြေရာတော်ကျေးရွာအနီးတွင် ယမန်နေ့(စက်တင်ဘာ ၂၂ရက်) ည ၈နာရီခန့်တွင် စစ်ကောင်စီစစ်ကြောင်း ကြားဖြတ်တိုက်ခိုက်မှုကြောင့် PDF ၂၅ ဦးသေဆုံးခဲ့ပြီး၊ ၃ဦး ထွက်ပြေးလွတ်မြောက်ခဲ့ ကြောင်း မြောင်မြိုနယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (CDSOM) မှ သိရသည်။
” ညက စစ်ကြောင်းဝင်လို့ရှောင်တာ စစ်ကြောင်းကရှေ့ကရောက်နေတာ။ နှစ်ဖက်ညှပ်နေတာ ဘယ်လိုမှ ပြေးမလွတ် တော့ဘူး။ အားလုံး ၂၅ ဦး နေရာမှာဘဲ အသတ်ခံလိုက်ရတာ နှမြောစရာကောင်းလိုက်တာ။ ဒီနေ့တော့ ငါတို့အဖွဲ့တွေ ကမ္ဘာပျက်တာဘဲ ” ဟု မြင်းမူမြို့နယ်ရှိ PDF အဖွဲ့ဝင်တစ်ဦးက ပြောသည်။
ယမန်နေ့န စက်တင်ဘာလ (၂၂) ရက်၊ ည ၈နာရီခန့်တွင် ဂွေးပင်တောရွာမှ ထွက်ခွာလာသည့် အင်အား ၅၀ ခန့်ပါ စစ်ကောင်စီ စစ်ကြောင်းအား တိမ်းရှောင်ရန် PDF တပ်ဖွဲ့ဝင်များသည် ကြော့မင်းရွာသို့ သွားရောက်စဉ် စစ်ကြောင်းနှင့် ထိပ်တိုက်တွေ့ပြီးနောက် ယခုကဲ့သို့ အသတ်ခံလိုက်ရခြင်းဖြစ်ကြောင်း သိရသည်။
” ဆိုင်ကယ်တွေနဲ့လေ သွားကြတာ။ ဆုံးရှုံးတာလည်းများတယ်။ ပစ္စည်းဆုံးရှုံးတာထက် လူအရင်းအမြစ်တွေ အားလုံးဆုံးရှုံးသွားရတာ ။ ဘယ်လိုဖြစ်သွားမှန်းကိုမသိဘူး။ စိတ်တွေခံစားနေရတယ်။စစ်လော်ဘီတွေ ဖော်ပြထားတယ်။မနေ့ညကစ သူတို့ပြထားတာ အမှန်ပါဘဲ။ ကျွန်တော်တို့ ရဲဘော် ၂၅ ဦးဆုံးရှုံးရတယ်။ လက်နက်၊ ခဲယမ်း ၊ ဆိုင်ကယ်တွေ ဆုံးရှုံးရတယ်။ ” ဟု CDSOM ၏တာဝန်ရှိ ကိုနွေဦးက MPA သတင်းဌာနကို အတည်ပြုပြောသည်။
စစ်ကောင်စီ၏ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် PDF အလောင်း ၂၅လောင်း၊ လက်လုပ်သေနတ်အရှည် ၈ လက်၊ လက်လုပ်သေနတ်အတို၂ လက်၊ ကျည်အိမ် ၈ ခု၊ ၁၂ ဗို့ကျည် ၂၀၀ တောင့်၊ အမ်-၂၂ ကျည် ၈၀ တောင့်၊ လက်လုပ်မိုင်း ၂ လုံး၊ ရီမုဆားကစ်ပြား ၂ ခု၊ ဝါယာကြိုး ၁ ခွေ၊ ဆိုင်ကယ်ဘက္ထရီ ၁၁ လုံး၊ ပြောက်ကျားဦးထုပ် ၆ လုံး၊ ပြောက်ကျားအ င်္ကျီ ၉ ထည်၊ ပြောက်ကျားဘောင်းဘီ ၅ ထည်၊Icon (အမျိုးအစား စိစစ်ဆဲ) ၁ လုံး၊ lcon အားသွင်းခုံ ၂ ခုနှင့် ညကြည့်မှန်ပြောင်း ၁ လက်တို့အား သိမ်းဆည်းရမိခဲ့သည်ဟု ဖော်ပြထားသည်။