စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ပေါ်ရှိ စီးပွားရေးဘဏ်ကို အလစ်အငိုက် လက်ပစ်ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကင်းစောင့်နေသော စစ်သားများ ထိခိုက်သေဆုံးနိုင်ကြောင်း True Fighter မြို့ပြပြောက်ကျားတပ်ဖွဲ့ ထံကသိရသည်။
မတ်လ ၂၄ ရက် ည ၁၀နာရီ မိနစ်၅၀ ခန့်တွင် စီးပွားရေးဘဏ်အပေါ်ထပ်၌ ကင်းစောင့်နေသော စစ်သားများကို ဗုံးပစ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“ဘဏ် အပေါ်ထပ်မှာ စစ်သားတွေက စုပြီး ဖုန်းသုံးနေတာ။ အပေါ်မှာ ဘန်ကာရှိတယ်။ ကျနော်တို့က ဘဏ်ရှေ့တည့်တည့်ကနေ ဆိုင်ကယ်ရပ်ပြီး ပစ်တာ။ ဖုန်းသုံးနေတဲ့ စစ်သားတွေနား ဗုံးက ကျပြီးပေါက်ကွဲတယ်။ကျနော်တို့လည်း ချက်ချင်းမောင်းပြေးတော့တာပဲ။သူတို့တွေ သေနတ် အချက် ၃၀ လောက်ပစ်နေကြတာ။ထိခိုက်မှုအရမ်းများနိုင်တယ်”ဟု True Fighter မြို့ပြပြောက်ကျားတပ်ဖွဲ့ မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ပျံလွှားကပြောသည်။
တိုက်ခိုက်မှုဖြစ်ပြီးနောက် ည ၁၂ နာရီအထိ တော်လှန်ရေးရဲဘော်များကိုမြင်းမူ မြို့တွင်း ၌ရှာဖွေနေကြောင်းသိရသည်။
အဆိုပါတိုက်ခိုက်မှုကို True Fighter မြို့ပြပြောက်ကျားတပ်ဖွဲ့ နှင့် မဟာမိတ်တပ်ဖွဲ့ဖြစ်သော The Pentagram-ငါးထောင့်ကြယ် အဖွဲ့တို့ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
မတ်လ ၇ ရက်နေ့ကလည်း True Fighter မြို့ပြပြောက်ကျားတပ်ဖွဲ့ သည် မြင်းမူ အထက-၁ တွင် တပ်စွဲထားသော စစ်သားများကို ဗုံးပစ်တိုက်ခိုက်ခဲ့သေးသည်။