၂၀၂၄ ခုနှစ်၊ ပထမသုံးလပတ်အတွင်း စစ်ကောင်စီ၏ အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် မြန်မာနိုင်ငံတစ်ဝန်းရှိ အရပ်သားပြည်သူခြောက်သိန်းကျော် နေရပ်စွန့်ခွာခဲ့ရကြောင်း နယူးမြန်မာဖောင်ဒေးရှင်းမှ ထုတ်ပြန်ထားသော စာရင်းများအရ သိရသည်။
စစ်ကောင်စီသည် အာဏာသိမ်းပြီးချိန်မှစတင်ကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုက်ပွားများဖြစ်ပွားနေပြီး တိုင်းနှင့်ပြည်နယ်အသီးသီးရှိ မြို့ပြ၊ ကျေးလက်တောရွာများကို မြေပြင်စစ်ကြောင်းထိုးတိုက်ခိုက်ခြင်း၊ လက်နက် ကြီးများပစ်ခတ်တိုက်ခိုက်ခြင်း၊ လေကြောင်းတိုက်ခိုက်ခြင်းတို့အပြင် ပြည်သူပိုင်နေအိမ်များသို့ ဝင်ရောက်ကာ မီးရှို့ဖျက်ဆီးခြင်း၊ ပစ္စည်းများအား မတရားသိမ်းယူခြင်းတို့ကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်လာသူများမှာ ပိုမိုများပြားလာခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် တိုက်ပွဲများဖြစ်ပွားရာဒေသများရှိ ဒေသခံပြည်သူအများအပြားအနေဖြင့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်ရှောင်နေကြရပြီး အချို့မှာလည်း အခြားဒေသသို့ ပြောင်းရွေ့ကာ အခြေချနေထိုင်နေကြရကြောင်း ထားဝယ်မှ ရန်ကုန်သို့ စစ်ဘေးတိမ်းရှောင်လာသူ အမျိုးသားတစ်ဦးက ဆိုသည်။
“ဘယ်သူကတော့ကိုယ့်နေရပ်ကို စွန့်ခွာချင်မလဲနော်။ အဲ့ဒီတုန်းက ကျတော့ဆုံးရှုံးမှုကများတယ်ပြောရမယ်။ ကျတော်က ရွာမှာ ဖုန်းဆိုင်ဖွင့်ထားတာ အလုံးရေ ၄၀၀ ကျော်တယ် သူတို့ယူသွားကြတာ၊ အဲ့ကတည်းက မိသားစုလိုက် ရန်ကုန်ကို တစ်ခါတည်းပြောင်းလာခဲ့တာ အခုထိပဲ” ဟု ၎င်းက MPA ကိုပြောသည်။
နေရပ်စွန့်ခွာရသည့် တိုင်းနှင့်ပြည်နယ်များအနက် စစ်ကိုင်းတိုင်းသည် လူဦးရေလေးသိန်းဝန်းကျင်ဖြင့် အများဆုံးဖြစ်ပြီး၊ ချင်းပြည်နယ်ကငါးသောင်းကျော်ဖြင့် ဒုတိယအများဆုံးဖြစ်ကာ တတိယ အများဆုံးမှာ ပဲခူးတိုင်းဖြစ်ပြီး လေးသောင်းခွဲဝန်းကျင်ရှိကြောင်း New Myanmar Foundation ၏ စာရင်းများအရ သိရသည်။
စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးရှောင်များကို ကူညီပေးနေသူတစ်ဦးက “စစ်ဘေးရှောင်ရတာ နေရပ်စွန့်ခွာရတာ လွယ်တာမဟုတ်ဘူး။ လက်ရှိကနေ လက်မဲ့ဘဝကို နေ့ချင်း၊ ညချင်းရောက်ကုန်ကြတာ၊ လိုအပ်တာတွေလည်း အများကြီးပဲ၊ အာဏာရှင်စနစ်အမြစ်ပြတ်မှသာ ကျုပ်တို့ပြည်သူတွေဘဝ အေးချမ်းမှာ” ဟု မှတ်ချက်ပြုသည်။
စစ်တပ်သည်အရပ်သားပြည်သူများအကြား ၎င်းတို့အပေါ် အကြောက်တရားများပိုမိုပျံ့နှံ့စေရန် နေအိမ်၊ စာသင် ကျောင်း၊ ဆေးရုံနှင့် ဘာသာရေးအဆောက်အဦးများစသဖြင့် အရပ်သားပြည်သူများနေထိုင်ရာ နေအိမ်များကို ဦးတည်တိုက်ခိုက်မှုများ မကြာခဏပြုလုပ်လေ့ရှိကြောင်း သိရသည်။
ကရင်ပြည်နယ်အတွင်းက စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက “ အိမ်လည်းစိတ်မချဘူး လွတ်ရာသာပြေးလာရတာ၊ စိတ်က အိမ်မှာကျန်ခဲ့တာတွေ သူခိုးခိုးနေပြီလား၊ ဘာများဖြစ်နေပြီလဲ ငါ့အိမ်များမီးလောင်တဲ့အထဲပါပြီးလားနဲ့ တွေးပူရတာ။ ပြန်တွေးကြည့်တော့လည်း ငါတစ်ယောက်တည်းမှမဟုတ်တာလေဆိုပြီး အားတင်းရပြန်တယ်” ဟု ဆိုသည်။
နေရပ်စွန့်ခွာပြီး စစ်ဘေးရှောင်နေရသူ အများအပြားသည် သက်ဆိုင်ရာဒေသများရှိ စစ်ဘေးရှောင်စခန်းများတွင် နေထိုင်နေကြရပြီး အချို့စခန်းများတွင် ရေရှားပါးမှု ၊ အစားအသောက်၊ ဆေးဝါးမလုံလောက်မှုများအပြင် အမိုးအကာများ လိုအပ်လျက်ရှိကြောင်း စစ်ဘေးရှောင်များကို ကူညီနေသူများထံမှ သိရသည်။