မကွေးတိုင်း၊ ရေစကြိုမြို့နယ်အတွင်း အင်အား ၃၀ ခန့်ဖြင့် စစ်ကြောင်းထွက်လာသော စစ်ကောင်စီတပ်၏ ရှေ့ပြေးကင်းကို အလစ်ငိုက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးစလုံးသေဆုံးသွားကြောင်း ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ကထုတ်ပြန်သည်။
မတ်လ ၂၃ ရက် နံနက် ၁၀နာရီခွဲအချိန်ခန့်တွင် သမန္တပိုတောင်ကျေးရွာမှ ထွက်လာသော စစ်ကြောင်း၏ ရှေ့ပြေးကင်းကို သမန္တပို့အလယ်ရွာ အနီးလမ်းပိုင်း၌ ရေစကြို(ပကဖ)က အလစ်အငိုက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“တောင်အိုတာတိုင်ရွာမှာတပ်စွဲနေတဲ့ စစ်တပ်ကနေ သမန္တပိုတောင်ရွာကို အင်အား ၃၀ လောက်ခွဲပြီး လွှတ်လိုက်တယ်။သမန္တပိုတောင်ရွာကို ဝင်ရောက်မွှေနှောက်ပြီး သမန္တပိုအလယ်ရွာ ကိုကူးကြတာ။အင်အားအကုန် မကူးဘဲ ရှေ့ပြေးကင်းအနေနဲ့ လွှတ်လိုက်တာ။အလယ်ရွာ အနီးမှာ ကျနော်တို့ က သတင်းရတာနဲ့ စောင့်ကြိုတိုက်ခိုက်ခဲ့တာပါ။မီတာ ၅၀ အကွာအဝေးမှာ တိုက်ပွဲဖြစ်တာ။ကျနော်တို့က သေချာနေရာယူအပိုင်စောင့်ပစ်ကြတာ။အလောင်းတွေနဲ့ဒဏ်ရာရသူတွေကို စစ်သားတွေလာထမ်းသွားပြီး ညောက်စောက်ဘုန်းကြီးကိုပို့ပြီး ဆေးကုသပေးတယ်။ကျနော်တို့ သတင်းရတာ ၅ ယောက်လုံးသေတယ်လို့သိရတယ်။သေတဲ့အလောင်းတွေကို ဘယ်ကိုပို့တယ်လို့တော့ မသိရသေးဘူး။”ဟု ရေစကြိုမြို့နယ်(ပကဖ) မှသတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကပြောသည်။
စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုကို MPA အနေဖြင့် သီးခြားအတည်မပြုနိုင်ပါ။
မတ်လ၂၃ရက်၊ညနေ ၅ နာရီခန့်တွင်လည်း ညောင်စောက်ဘုန်းကြီးကျောင်း၌ တပ်စွဲထားပြီး ဒဏ်ရာရ စစ်သားများကို ဆေးကုသပေးနေသည်ဟုသတင်းရ၍ ဒရုန်းဖြင့် ဗုံးသီး ၂ လုံးချတိုက်ခိုက်ခဲ့သေးကြောင်း ရေစကြိုပကဖ ကဆိုသည်။