စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်း စစ်တပ်၏ တိုက်ခိုက်ခြင်းခံခဲ့ရသော CDSOM အနေနှင့် စခန်းသစ်တည်ကာ ဆက်လက်တော်လှန်သွားမည်ဟု သိရသည်။
ပြီးခဲ့သည့် မတ်လ ၅ ရက်နေ့ ညနေ ၃နာရီခန့်က စစ်ကောင်စီတပ်ဦးဆောင်ကာ ပျူစောထီးနှင့် ရဲတပ်သားများပါဝင်သော စစ်ကြောင်း ၃ ကြောင်းသည် အာပီဂျီ ၇လက်၊ စက်လက်ကြီး ၃လက် ၊ ၆၀မမ နှင့်လက်နက်ငယ်များဖြင့် မြောင်မြို့နယ်အတွင်းရှိ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM) စခန်း နှင့် CRF စခန်းတို့ကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း CDSOM ၏ တာဝန်ရှိသူတစ်ဦးကပြောသည်။
တပ်ရင်း ၂ ရင်းစာ အင်အားဖြင့် စစ်ကြောင်းထိုး တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စခန်းနှစ်ခု မီးရှို့ခံရကာ ပြောက်ကျားဂျာကင် အထည်၁၀၀၊ပြောက်ကျားဦးထုပ် ၁၅၀၊နွေဦးရောင်နီ တံဆိပ်ပါ (တီရှပ်) ၆၀၊မိုင်း(Receiver) ၄၀၀၊လက်လုပ်စိန်ပြောင်း ၂လက်၊လက်လုပ်လက်ပစ်ဗုံး ၃လုံး၊လက်လုပ်(၁၂ဗို့သေနတ်)၁လက်၊ကျည်၄တောင့်၊ ယူနီဖောင်း(အနက်)၆စုံ၊လယ်တိုဖိနပ်(အနက်)၆စုံ၊ပုခက် ၅ခုဦ အီကွေမန့် ၁ခု ၊Espon ပရင်တာ၂လုံး၊2900ကတ်ထရစ် ၄လုံး၊ဓာတ်ခဲအစုံ၁၃၄လုံး၊ကီးဘုတ်နှင့်မောက် ၃စုံနှင့် ခေါက်ဆိုလာပြား ၃ခု ဆုံးရှုံးခဲ့သည်။
“စစ်တပ်ဘက်က အင်အားအလုံးအရင်းနဲ့ အသည်းအသန်တိုက်ခိုက်ခဲ့တာပေါ့” ဟု CDSOMအဖွဲ့၏ တာဝန်ရှိသူကပြောသည်။
မတ်လ ၆ရက်နေ့ကလည်း စစ်ကောင်စီတပ်က ဒရုန်းဖြင့် CDSOM အဖွဲ့အား ထပ်မံတိုက်ခိုက်ခဲ့ရာ CDSOMတိုက်ခိုက်ရေး ခေါင်းဆောင်နှင့် ရဲဘော်တစ်ဦး ခေါင်းထိကာ စိုးရိမ်ရဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
“ ၆ရက်နေ့က နေရာသုံးနေရာမီးရှို့ခံရတယ်။ရသစ်ရွာကနေအိမ် ၁၇အိမ်၊ချောင်းဆင်းရွာက နေအိမ် ၇၄အိမ် နဲ့ cdsom စခန်း၊ CRF စခန်း တဲ၃လုံးမီးရှို့ခံရတယ်။ပြီးတော့ သူတို့သိမ်းဆည်းရမိတဲ့ ယူနီဖောင်း၊ စာရေးကရိယာ၊ ပရင်တာ၊ စသည့် ပစ္စည်းတွေလည်း မီးရှို့ဖျက်ဆီးခံရတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
တန်ဖိုးရှိ ပစ္စည်းများ၊လက်နက် ခဲယမ်းများနှင့် အရေးကြီးစာရွက်စာတမ်းများမှာမူ ဖျက်ဆီး၊သိမ်းဆည်းခံရခြင်းမရှိဟုဆိုသည်။