အနောက်ဘက်မှ ရွေ့လျားလာသည့် လေပွလှိုင်းနှင့် အရှေ့ဘက်မှ ရွေ့လျားလာသည့် လေပွေလှိုင်းများကြောင့် မိုးရွာသွန်းမည်ဖြစ်ကာ မြန်မာတစ်နိုင်ငံလုံး အပူချိန်လျော့ကျလာနိုင်ကြောင်း ဦးဝေဖြိုးဟန် လေကြောင်းမိုးလေဝသက ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။
“ မေ ၂ရက်၊ မွန်းလွဲ ၂နာရီ မိနစ် ၃၀ ကနေ မေ ၅ရက်၊ ည ၇နာရီအတွင်း လေပွေလှိုင်းများ နှစ်ခုစုဆုံရာမှ နေရာဒေသအချို့မှာ အချိန်အခါမဟုတ် မိုးလေးများ ရွာသွန်းနိုင်ပြီး အချို့နေရာတွေမှာ မိုးမရွာသော်လည်း တိမ်ထူလေတိုက် ဖြစ်လာမှုတို့ကြောင့် လာမဲ့ မေ ၅ ရက်ကစပြီး မြန်မာတစ်ပြည်လုံးမှာ အပူသက်သာလာကာ နေသာထိုင်သာရှိလာနိုင်မယ်လို့ ခန့်မှန်းတွက်ချက် ရရှိထားပါတယ်” ဟု ဦးဝေဖြိုးဟန်က ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထား သည်။
ထိုကဲ့သို့ လေပွေလှိုင်းများနှင့် မိုးတိမ်တောင်များကြောင့် ၂၀၂၄ခုနှစ် ဧပြီ ၃ရက်မှ ၅ရက်နေ့အတွင်း စစ်ကိုင်းတိုင်း နှင့် ကချင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်း ၊ မန္တလေးတိုင်း ၊ မကွေးတိုင်း ၊ ပဲခူးတိုင်း ၊ ရန်ကုန်တိုင်း ၊ ဧရာဝတီတိုင်း ၊ တနင်္သာရီတိုင်း ၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင် ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။
ထို့ပြင် မိုးရွာသွန်းမှု မရှိသည့် ပြည်နယ်နှင့်တိုင်းများတွင်လည်း မိုးတိမ်တိုက်များကြောင့် ဖြစ်ပေါ်လာမည့် လေပြင်းတိုက်ခိုက်မှုကြောင့် အပူသက်သာနိုင်သည်ဟု ဦးဝေဖြိုးဟန်က ဆိုထားသည်။
“ အပူချိန်သက်သာတော့မယ်ဆိုတော့ တော်သေးတာပေါ့၊ မဟုတ်ရင် ဘယ်နေလို့ နေရမှန်းတောင် မသိတော့ဘူး။ နေအရမ်းပူတော့ အိမ်မှာက သက်ကြီးရွယ်အိုတွေရှိတော့ သူတို့ရဲ့ ကျန်းမာရေးအတွက် စိုးရိမ်နေရတယ်” ဟု မန္တလေးမြို့ခံပြည်သူတစ်ဦးက ပြောသည်။
“ ကျတော်တို့ ဟိုနေ့ကဆို အပူချိန်က ၄၄ဒီဂရီစင်တီဂရိတ်အထိကို ရှိတယ်၊ အဲဒီတော့ လူသေဆုံးမှုတွေလည်း ရှိတယ်၊ ပြီးခဲ့တဲ့လ(ဧပြီလ)အတွင်း Heat Strokeကြောင့် သေတဲ့သူဆို ကျတော်တို့ရုံးရဲ့ စာရင်းအရဆို ၂ဝကျော်လောက်အထိ ရှိပါတယ်။ များသောအားဖြင့် သက်ကြီးပိုင်းတွေ သေဆုံးနေကြတာပါ” ဟု မဏီစလ လူမှု/နာမှု ကူညီရေးအသင်း – မန္တလေးမြို့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
၂၀၂၄ခုနှစ်၊ ဧပြီ ၂၄ ရက်က မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၃၃ လမ်းနှင့် ၈၅ လမ်းထောင့်တွင် စားသုံးဆီ ဝယ်ယူရန် တန်းစီနေစဉ် ရာသီဥတု အပူချိန်ကြောင့် ကိုယ်အပူချိန် မြင့်တက်ကာ အမျိုးသားတစ်ဦးလဲကျ သေဆုံးခဲ့ရသေး သည်။
ထို့ပြင် ဧပြီ ၂၉ရက်ကလည်း ကမ္ဘာ့အပူဆုံးမြို့အဖြစ် အပူချိန် ၄၇.၅ဒီဂရီစင်တီဂရိတ်အထိ ရှိခဲ့သည့် မကွေးတိုင်း၊ ချောက်မြို့နယ်၌ ၁၅မိနစ်ခန့် မိုးရွာသွန်းခဲ့ကြောင်း သိရသည်။