စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မြောက်ခြမ်းတွင် ဆီထွက်သီးနှံများ ထွက်နှုန်းတိုးသော်လည်း ဈေးကွက်သို့ တင်သွင်းရာတွင် ဝယ်လက်မရှိခြင်း၊ ဈေးကောင်းမရခြင်း ပြဿများနှင့် ရင်ဆိုင်နေရကြောင်း ဆီထွက်သီးနှံစိုက်တောင်သူများထံမှ သိရသည်။
“ဒီနှစ်က မနှစ်ကထက် ပိုရတယ်၊ ဒါပေမဲ့ ဆီရောင်းရတာ၊ ပဲရောင်းရတာက မဖြိုင်တဲ့အပြင် ဈေးကောင်းလည်းမရဘူး။ အခြားကုန်ဈေးနှုန်းတွေကျတော့ တအားတက်ပြီး တောင်သူထွက်သီးနှံကကျတော့ ဈေးမရဘူး။ ပဲမျိုးဖိုး၊ ပိုးသတ်ဆေးဖိုး၊ စိုက်ပျိုးစရိတ်နှုတ်လိုက်ရင် အမြတ်တောင်မရဘူး” ဟု ယောကုန်းကျေးရွာရှိ မြေပဲစိုက်တောင်သူတစ်ဦးက MPA ကိုပြောသည်။
ယခင်နှစ်က မြေပဲဆီ ၁၀ ပိဿာဝင်ပုံးတစ်ပုံးလျှင် ဒေသပေါက်ဈေး ၁၃၅,၀၀၀ ကျပ်ရှိခဲ့ပြီး ယခုနှစ်တွင်ကျပ် ၁၅,၀၀၀၀ ဖြင့် ရောင်းရသော်လည်း စိုက်ပျိုးစရိတ်ကုန်ကျငွေဖြင့်နှိုင်းယှဉ်ပါက တွက်ချေမကိုက်သလို ဝယ်လက်မှာလည်း ရှားပါးနေကြောင်း ၎င်းကဆက်လက်ရှင်းပြသည်။
“အရင်နှစ်ကတော့ နေကြာတစ်တင်းကို ၅၀,၀၀၀ အထိဈေးပေါက်ပြီး ဒီနှစ်ကျတော့ ပွဲရုံဈေးကို တစ်တင်း ၄၀,၀၀၀ လောက်ပဲပေါက်နေတယ်၊ ဆီတင်ပို့ဖို့ကျတော့လည်း လက္ကားရောင်းရတာ အဆင်မပြေလို့ ပွဲရုံကလက်မခံဘူးလို့ပြောတယ်” ဟု နေကြာတင်း ၂၀၀ ခန့်ရသော အလယ်ခုံကျေးရွာကတောင်သူတစ်ဦးကပြောသည်။
ကန့်ဘလူမြို့နယ်မြောက်ဘက်ရှိ ဒေသများဖြစ်သော အလယ်ခုံ၊ လွင်ကြီး၊ ယောကုန်း၊ မိဿလင်ကုန်း၊ သင်တော စသည့်ကျေးရွာများတွင် စပါးအပြင် မြေပဲ၊ နေကြာ စသည့် ဆီထွက်သီးနှံများကို အဓိက စိုက်ပျိုးကြသည်။
“တောင်သူတွေကတော့ မြေပဲတို့၊ နေကြာတို့လာကြိတ်ရင် ထွက်တဲ့ဆီကိုပေါက်ဈေးအတိုင်း သိမ်းပေးဖို့ လာပြောကြတာတွေရှိတယ်၊ ဆီသန့်ဝယ်စားတဲ့သူတွေကနည်းတော့ လက်လီရော၊ လက်ကားရော ရောင်းမထွက်ဘူး။ ဒီခေတ်အနေအထားနဲ့ ဆီတွေအများကြီးလည်း မလှောင်ထားရဲဘူး” ဟု ဆီစက်လုပ်ငန်းရှင်တစ်ဦးကပြောသည်။
ကန့်ဘလူမြောက်ခြမ်းဒေသများတွင် ကိုးတောင်ဘို့၊ ချပ်သင်းဘက်မှ စစ်ကြောင်းများ မကြာခဏထိုးလေ့ရှိသဖြင့် ဒေသခံများမှာ တောင်ယာလုပ်ငန်းခွင်ချိန်တွင် စိတ်ချလက်ခလုပ်ကိုင်နိုင်ခြင်းမရှိသလို သီးနှံထွက်ရှိပြီးချိန်တွင်လည်း ယာထွက် သီးနှံများ၊ ဆီများကို သိမ်းဆည်းမထားရဲကြကြောင်း သိရသည်။
“အစ်မတို့ဆီက စစ်တပ်အထိုင်ချတဲ့နေရာနဲ့နီးတော့ ပွဲစားတိုင်းလည်းမလာရဲဘူး၊ လာတဲ့ပွဲစားတွေကျတော့လည်း စပါးဖြစ်ဖြစ်၊ ပဲဖြစ်ဖြစ် အကုန်ဈေးနှိမ်ဝယ်ကြတာ၊ လမ်းမကောင်းလို့ သယ်ယူပို့ဆောင်ခဆိုပြီး ဈေးနှိမ်ဝယ်ကြတာပဲ၊ တခြားဆီမှာ ပေါက်တဲ့ဈေးအတိုင်းမရပေမဲ့ လက်ထဲမထားရဲတော့ ကိုယ်ရောင်းပြီးတာ ကိုယ်ပိုင်တယ်လို့မှတ်ပြီး ရောင်းကြရတာ” ဟု ယောကုန်းကျေးရွာတွင်နေထိုင်သည့် တောင်သူတစ်ဦးကဆိုသည်။
ကိုးတောင်ဘို့ကျေးရွာတွင် အထိုင်ချထားသော စစ်တပ်သည် ရိက္ခာနည်းချိန်တွင် စစ်ကြောင်းထိုးကာ အနီးရှိကျေးရွာများ၊ တဲများမှ ဆန်၊ ဆီ၊ မွေးမြူရေးတိရစ္ဆာန်၊ စားသောက်ကုန်များကို ယူဆောင်သွားလေ့ရှိကြောင်းသိရသည်။