မကွေးတိုင်း၊ ပေါက်မြို့နယ်၊ တပ်ကုန်းပျူစောထီးရွာကို ဒေသခံတော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်စီးနင်းစဉ် PDF ရဲဘော်လေးဦး လက်နက်ကြီးစ ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဧပြီ ၂၉ရက်၊ နံနက် နှစ်နာရီခန့်မှ ခြောက်နာရီခန့်အထိ တပ်ကုန်းပျူစောထီးရွာကို ဒေသခံ PDF တပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ဘန်ကာ လေးခုအနက် သုံးခုအား သိမ်းပိုက်နိုင်ခဲ့ပြီး ပျူစောထီးခေါင်းဆောင်တစ်ဦး ဝမ်းဗိုက်ကျည်ထိမှန်ကာ အများအပြားလည်း ဒဏ်ရာရရှိခဲ့ကြောင်း မြိုင်ပကဖက ထုတ်ပြန်သည်။
“ အနားဝန်းကျင်မှာ ရဲစခန်းရောရှိတော့ အင်အားက တော်တော်များတယ်ဗျ။ ပတ်ပတ်လည် လုပ်ထားတဲ့ ဘန်ကာရော ရဲတွေ အထိုင်ချထားတဲ့နေရာရော တစ်ပြိုင်နက် တိုက်တာပေါ့” ဟု မြိုင်ပကဖမှ ရဲဘော်ခရောစ့်က MPAသို့ ပြောသည်။
ယင်းတိုက်ခိုက်မှုတွင် အကြီးဆုံးဘန်ကာတစ်ခုကိုသာ သိမ်းပိုက်ရန် ကျန်တော့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းသို့တိုက်ခိုက်နေစဉ်အတွင်း စစ်ကောင်စီတပ်၏ ကပစ ၂၄ မှ လက်နက်ကြီး ပစ်ကူခဲ့ရာ PDF ရဲဘော် လေးဦး လက်နက်ကြီးစထိမှန်ခဲ့သော်လည်း မစိုးရိမ်ရကြောင်း ၎င်းကပြောသည်။
“ အဲ့နေ့က ထုံးစံအတိုင်း ရွာတွေဘက်ကိုပဲ ပစ်တယ်ထင်တာ။ မနက်ကျမှ တိုက်ပွဲရှိလို့ ပစ်တယ်ဆိုတာ သိရတာ” ဟု ပေါက် ဒေသခံတစ်ဦးကပြောသည်။
ယင်းတိုက်ခိုက်မှုတွင် ကျည်ဘောက်နှင့် လက်ပစ်ဗုံးတချို့ သိမ်းဆည်းရရှိခဲ့ကြောင်း ရဲဘော်ခရောစ့်ကပြောသည်။
တပ်ကုန်းကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်၊ လက်နက်ကိုင်ပျူစောထီးနှင့်၎င်းတို့၏ အပေါင်းအပါများသာ ကျန်တော့ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုကို မြိုင်မြို့နယ်အခြေစိုက်စုဖွဲ့မှုတပ်ရင်းတပ်ဖွဲ့၊ ပခုက္ကူမြို့နယ်အခြေစိုက်စုဖွဲ့မှုတပ်ရင်းတပ်ဖွဲ့၊ မြိုင်ပကဖတပ်ရင်း တစ် ၊ မြိုင်ပကဖတပ်ရင်း နှစ်၊ ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နှစ် (Young Force UG)၊ Pakokku People’s Defence Force၊ Earthquake People’s Defence Force၊ ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နှစ် (Thu Rain TR)၊ ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နှစ် (Pakokku Ranger) ၊ Pakokku Hunter၊ ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နှစ်(Shwe Nyar Myae)၊ ချောက်ပကဖ၊ ပခုက္ကူခရိုင် တပ်ရင်း ၁၁၊ ပခုက္ကူခရိုင် တပ်ရင်း ၁၉၊ ပခုက္ကူခရိုင် တပ်ရင်း လေး၊ ပခုက္ကူခရိုင် တပ်ရင်း ငါး၊ကိုဥသြ၊ ကိုကောင်းကောင်းအဖွဲ့၊ YRF နားပေါက်နှင့် ပေါက်ကျေးရွာပကဖအဖွဲ့တို့မှ ပူးပေါင်းဆင်နွှခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဒဏ်ရာရမှုအပေါ် MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။