ပြည်တွင်းရွှေဈေးနှုန်းများသည် ၂၀၂၄ ခုနှစ်၊ လေးလအနက် ဧပြီလမှာ ဈေးအတက်အကျ အများဆုံးဖြစ်ခဲ့သည့်လဖြစ်ကြောင်း ရွှေလုပ်ငန်းရှင်များ၏ ပြောပြချက်အရ သိရသည်။
ပြီးခဲ့သည် မတ်လမှစတင်ကာ စံချိန်တင်ဈေးနှုန်းအဖြစ် အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၄၁ သိန်းကျော်လာခဲ့ပြီး ဧပြီလအတွင်း ဈေးများဆက်တိုက်မြင့်တက်လာခဲ့ရာ ဧပြီ ၃၀ ရက်၊ ဈေးကွက်ပိတ်ချိန်တွင် ကျပ် ၄၈ သိန်း ဝန်းကျင်ဖြစ်ခဲ့သည်။
ကမ္ဘာ့ရွှေဈေးနှင့် အမေရိကန်ဒေါ်လာငွေလဲနှုန်း အပြောင်းအလဲများ၊ ဈေးကွက်အတွင်း ရောင်းလိုအား၊ ဝယ်လိုအားများကြောင့် ပြည်တွင်းရွှေဈေးနှုန်းမှာ ဧပြီတစ်လလုံး အတက်အကျများခဲ့ခြင်းဖြစ်ကြောင်း ရွှေလုပ်ငန်းကို နှစ် ၅၀ ကျော်လုပ်ကိုင်လာသည့် လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။
“သင်္ကြန်ပိတ်ရက်တွေကလည်းခံနေတယ်၊ သင်္ကြန်မတိုင်မီနဲ့ သင်္ကြန်အပြီးမှာတော့ ရွှေဈေးတွေက အတက်အကျတွေ အများဆုံးဖြစ်သွားတဲ့လလို့ ပြောရမှာပေါ့၊ ဒီတစ်လအတွင်းမှာတင် ရှစ်သိန်းလောက်တက်တယ်လို့ ပြောလို့ရတယ်၊ ဧပြီလထဲမှာ ကမ္ဘာ့ရွှေဈေးရော၊ ဒေါ်လာဈေးရော မငြိမ်ဘူး။ နှစ်ခုလုံးက တော်တော်လေး ဈေးကစားတယ်၊ ကမ္ဘာ့ဈေးဆို ဒေါ်လာ ၄ ၊ ၅ ၊ ၆ ဆယ်လောက်ကစားတယ်။ ဒေါ်လာဈေးကလည်း ၃,၈၀၀ ကနေ ၄,၀၀၀ ကြားထဲ ကစားတယ်” ဟု ၎င်းက MPA ကိုပြောသည်။
ပြီးခဲ့သည့် ဧပြီ ၁ ရက် ဈေးကွက်ပိတ်ချိန်တွင် ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၂,၂၅၉ ဖြစ်ပြီး ဧပြီ ၃၀ ရက် ဈေးကွက်ပိတ်ချိန်တွင် အမေရိကန်ဒေါ်လာ ၂,၃၁၇ ဖြစ်ခဲ့ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။
ထို့သို့ ကမ္ဘာ့ရွှေဈေးနှင့်အမေရိကန်ဒေါ်လာငွေလဲနှုန်းများ မြင့်တက်နေခြင်းမှာ နိုင်ငံတကာ၏ စီးပွားရေးပိတ်ဆို့ အရေးယူမှုများနှင့် သက်ဆိုင်ကြောင်း လုပ်ငန်းရှင်တချို့ကလည်း မှတ်ချက်ပြုကြသည်။
ထို့ကြောင့် ပြည်တွင်းအခေါက်ရွှေဈေးမှာ ကမ္ဘာ့ဈေးနှင့် ဒေါ်လာငွေလဲနှုန်းထပ်မံမြင့်တက်လာပါက ကျပ်သိန်း ၅၀ ထိမြင့်တက်သွားနိုင်ဖွယ်ရှိကြောင်း ရွှေလုပ်ငန်းရှင်တစ်ဦးက သုံးသပ်သည်။
“ကမ္ဘာ့ရွှေဈေးပေါ်မူတည်တာပေါ့၊ ကမ္ဘာ့ဈေးရော၊ ဒေါ်လာဈေးပါ မကျဘူးဆိုရင် ရွှေဈေးက သိန်းငါးဆယ်အထိ ဖြစ်သွားနိုင်တယ်၊ ကမ္ဘာ့ဈေးက အခုလောလောဆယ် ၂,၃၀၀ ကျော်နေတာပေါ့ ဧပြီလထဲမှာ ၂,၃၀၀ အောက်လည်းရောက်ဖူးတယ်၊ ၂,၄၀၀ လည်း ဖြစ်ဖူးတယ်၊ တစ်ရာလောက်ကို ကစားတယ်” ဟု ၎င်းက ရှင်းပြသည်။
ရွှေဈေးနှုန်းများ အတက်အကျမငြိမ်ခြင်းကြောင်း ဧပြီတစ်လလုံး ဈေးကွက်အတွင်း အရောင်း၊ အဝယ်အေးနေခဲ့ကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။