စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ နယ်မြေရဲစခန်းကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်သားနှင့်ရဲ ၄ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း Salingyi Special Task Force-SSTF ကထုတ်ပြန်သည်။
မတ်လ ၁ ရက် မွန်းလွဲ ၂ နာရီခန့်တွင် စစ်သားနှင့်ရဲအင်အား ၅၀ ဝန်းကျင်ရှိသော ကျားတက်ရွာရဲစခန်းကို ဒရုန်းဖြင့် ဗုံးသီး ၆ လုံးချတိုက်ခဲ့ခြင်းဖြစ်သည်။
“ကျားတက်ရဲစခန်းက အခိုင်အမာဆောက်ထားတာ၊ ဘန်ကာတွေ ကတုတ်ကျင်းတွေနဲ့ Jumper တတ်ထားတော့ ကျနော်တို့ ဗုံးသီးချတဲ့နေရာမှာ အခက်အခဲရှိတယ်။ ရဲစခန်း ပင်မဆောင်ရှေ့မှာ စစ်သားနဲ့ရဲတွေ ရပ်နေချိန် ကျနော်တို့ ဗုံးသီး ၆ လုံးချလိုက်တာ။ အဲ့ဒီစခန်းမှာက စစ်သားပိုများတယ်။ တစ်ယောက်ကတော့ အတော်လေး ထိသွားတယ်လို့ ကျနော်တို့သတင်းရတယ်။ သေပြီဆိုတာကိုတော့ အတိအကျ ပြောလို့မရသေးဘူး။ တတိယ အလုံးက စစ်သားနဲ့ရဲတွေ ရပ်နေတဲ့ရှေ့ ကျသွားတာ။ ၄ ယောက် လဲကျသွားတယ်။ စစ်သား ၃ ဦး၊ ရဲ ၁ ဦး ။သူတို့က Drone Gun နဲ့ပြန်ပစ်တော့ ကျနော်တို့ ဒရုန်းတွေ ဆုံးရုံးမှာစိုးလို့ မနည်းပြန် မောင်းပြီး ပြန်ဆုတ်လာတာ။ ရဲစခန်းဘေးက စာသင်ကျောင်းမှာက စစ်သားတွေလည်းရှိတယ်။ သူတို့ ပြန်တော့ မပစ်ကြဘူး။ ညနေ ၆ နာရီလောက်မှ လှန့်တဲ့သဘောနဲ့ သေနတ်တွေဖောက်တာပဲရှိတယ်။ သူတို့က အပြင်လည်း ခပ်ဝေးဝေးမသွားရဲကြဘူးလေ”ဟု SSTF မှရဲဘော်တစ်ဦးကပြောသည်။
ကျားတက်ရဲစခန်းကို တိုက်ခိုက်ခဲ့သည်မှာ ယခုအကြိမ်အပါအဝင် ၃ကြိမ်ရှိပြီဖြစ်ပြီး ၂၀၂၂ ခုနှစ် ဧပြီတွင် ပထမအကြိမ် နှင့် အောက်တိုဘာတွင် ဒုတိယအကြိမ် တိုက်ခိုက်ခဲ့ခြင်း ဖြစ် သည်။
“ပထမ တစ် ကြိမ်တုန်းက စခန်းမှူးအိမ်ကို မီးပုလင်းတွေနဲ့ပစ်ပြီး မီးရှို့နိုင်ခဲ့တယ်။ စစ်သားတွေ အတော်များများသေကြတယ်။ ဒုတိယအကြိမ်ကျ သူတို့က ဘန်ကာတွေ ကတုတ်ကျင်းတွေက အရင်ထက်ပိုခိုင်မာနေတော့ ကျနော်တို့စခန်းထဲထိ မဝင်နိုင်ခဲ့ဘူး။ ကျွံထွက်လာတဲ့ စစ်သားတစ်ယောက်ဆီက သေနတ် ၁ လက်တော့ သိမ်းဆည်နိုင်ခဲ့တယ်။ အဲ့ဒီ တိုက်ပွဲမှာတော့ စစ်သား ၅ ယောက်သေတယ်။ အနီးကပ်တိုက်တာဆိုတော့ မြင်နေရတာပေါ့”ဟု၎င်းကဆိုသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ထိခိုက်မှုကို MPA အနေဖြင့် သီးခြားအတည်မပြုနိုင်ပေ။