မကွေးတိုင်း၊ သရက်ခရိုင်၌ ဖေဖော်ဝါရီလအတွင်း PDF တို့၏ တိုက်ခိုက်မှုကြောင့် စခန်းမှူး အပါအဝင် ရဲ ၃ ဦး နှင့် စစ်သား ၇ ဦးခန့် သေဆုံးခဲ့ကြောင်း သရက်ခရိုင် PDF တပ်ရင်း-၄ (Eagle Force) ထံမှ သိရသည်။
ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် သရက်မြို့နယ် ဆင်ကော်ရဲစခန်းကို မိုးကြိုးပြောက်ကျားတပ်ဖွဲ့ နှင့်ပူးပေါင်းကာ ၄၀ မမ ဖြင့်ပစ်တိုက်ခိုက်ခဲ့ကာ စစ်ကူလာသော ကပစ(၁၂)က Light Track ကားကို လည်းမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စခန်းမှူးအပါအဝင် ရဲ ၃ ဦး နှင့် စစ်သား ၅ ဦး သေဆုံးခဲ့သည်။
အလားတူ မင်းတုန်းမြို့စစ်ဆေးရေးဂိတ် ကို ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့သေးသည်။
“ကျနော်တို့ တပ်ရင်းက ဖေဖော်ဝါရီလအတွင်းမှာ စစ်ဆင်ရေးပေါင်း ၇ ကြိမ်ပြုလုပ်ခဲ့ပါတယ်။ တစ်ကြိမ်ကတော့ Error ဖြစ်သွားတယ်။ ကျနော်တို့က စစ်ရေးထုတ်ပြန်ချက်တွေကို ပေါင်းပြီးထုတ်ပြန်တာ။ ရဲစခန်းတိုက်ခိုက်မှု ၂ကြိမ်၊ စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်တာ ၁ ကြိမ်၊ ကပစ (၁၂) ကို တိုက်ခိုက်တာ ၂ ကြိမ်၊ ကပစ ကိုတိုက်ခိုက်တာမှာ ၁ ကြိမ်က error ဖြစ်သွားတာ”ဟု Eagle Force မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုမြတ်ကပြောသည်။
ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် သရက်မြို့ ကပစ(၁၂)ကို ရှော့တိုက်ဒုံး ၂ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ရာ ရှော့တိုက်ဒုံး ၁ လုံးသည် လူပျိုဆောင် ၂ ခုကြား ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်သေဆုံးမှုကို မသိရှိရသေးပေ။
“ကျနော်တို့ ဆက်လုပ်မဲ့အရာတွေက ရှေ့မှာလုပ်ခဲ့သလိုပါပဲ။ ကပစ(၁၂)ကို ရှော့တိုက်ဒုံးနဲ့ ပစ်တာဆိုရင် ကာကွယ်ရေး ဝန်ကြီးဌာနရဲ ကွပ်ကဲမှုနဲ့ ဗျူဟာမြောက်လုပ်ဆောင်ခဲ့တာပါ။ ကျနော်တို့ လုပ်နိုင်တာတွေကိုတော့ ကျနော်တို့ သရက်ခရိုင်အတွင်းထဲမှာ လုပ်ဆောင်သွားမှာပါ”ဟု ၎င်းကဆိုသည်။
ဖေဖော်ဝါရီ ၉ ရက်နေ့ တွင် မင်းတုန်းမြို့နယ်ရှိ အလယ်ချောင်းတိုက်နယ်ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးခဲ့သည်။
အလားတူ သရက်မြို့ ရေမျက်ကျေးရွာရဲစခန်းကို ဗုံးသီး ၁ လုံးချတိုက်ခိုက်ခဲ့သေးသည်။
စစ်သားနှင့်ရဲ သေဆုံးမှုများနှင့်ပတ်သက်ပြီး MPAအနေနှင့် သီးခြားအတည်မပြုနိုင်ပေ။