စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ပေါ်ရှိ စီးပွားရေးဘဏ်တွင် လုံခြုံရေးယူထားသော စစ်ကောင်စီတပ်သားများကို PDF များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီ ၂၇ ရက် ညနေ ၆ နာရီဝန်းကျင်က စီးပွားရေးဘဏ်တွင် လုံခြုံရေးယူနေသော အင်အား ၁၀ ဦးခန့်ရှိ စစ်သားများကို PDF များက လက်နက်ငယ်များဖြင့် အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း People’s Army To Fight Dictatorship(PAFD)က ထုတ်ပြန်သည်။
“ဘဏ်ရုံးထဲမှာ ၁၀ ယောက်လောက်ရှိတယ်။ ဘဏ်ရုံးက ၂ထပ် အပေါ် ဝရန်တာမှာ ဘန်ကာတွေရှိတယ်။ အပေါ်မှာ သူတို့က လမ်းလျှောက်နေတာ ကျနော်တို့က ဘဏ်အနီး ပစ်ကွင်းကောင်းတဲ့နေရာထိ ယူပြီးပစ်တာ။ ဘဏ်ရုံးနဲ့ ဓားလွယ်ခုတ်မှာရှိတဲ့ အထက(၁)ထဲက စစ်သားတွေကိုလည်း လက်ပစ်ဗုံးနဲ့ ပစ်လိုက်သေးတယ်။ စစ်သားတွေ သေတဲ့သတင်းကို အနီးအနားကနေ ပြန်ကြားရတာ။ သေတဲ့စစ်သားတွေကို ဘယ်ကိုပို့လိုက်တယ်ဆိုတာတော့ ကျနော်တို့မသိရသေးဘူး။ ကျနော်တို့ တိုက်ခိုက်ပြီး ပြန်ဆုတ်ခွာချိန်ထိ သူတို့တွေ ရမ်းပစ်နေကြတယ်လို့လည်း သိရတယ်” ဟု PADF တာဝန်ခံ ကိုတေဇ ကပြောသည်။
စီးပွားရေးဘဏ်နှင့် ဓားလွယ်ခုတ်ရှိ အထက(၁)ကျောင်းတွင်း စစ်သား ၂၀ခန့်တပ်စွဲထားပြီး ယင်းစာသင်ကျောင်းကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခြင်းကြောင့် သေဆုံးမှု ရှိ၊မရှိ မသိရှိသေးကြောင်း PADF ကထုတ်ပြန်ထားသည်။စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုအပေါ် MPA အနေဖြင့် သီးခြားအတည်မပြုနိုင်ပေ။
အဆိုပါတိုက်ခိုက်မှုကို People’s Army To Fight Dictatorship(PAFD)တပ်ခွဲ-၁ DK-PDF(MMU)နှင့်မြင်းမူမြို့တိုက်နယ်အနောက်ခြမ်း ပကဖ၊Taungtha PDF(TPDF)၊DBBF-MMUတို့ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်သည်။