စစ်ကိုင်းတိုင်း၊ ယင်းမာပင်နှင့် ဆားလင်းကြီးနယ်စပ်ရှိ စစ်ကောင်စီ ယာယီစခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်စီးနင်းခဲ့ရာ စစ်သား ၁၀ ဦးထက်မနည်းသေဆုံးကာ မိုင်းနှင့်ဗုံး အလုံး ၁၂၀ လည်း သိမ်းဆည်းရမိခဲ့ကြောင်း KLG-PDFတပ်ဖွဲ့ထံက သိရသည်။
ဖေဖော်ဝါရှိ ၁၉ ရက် ညနေ ၅ နာရီခွဲခန့်တွင် ကျောက်မျက်တောင်ပေါ်ရှိ စစ်ကောင်စီစခန်းကိုစီးနင်းခဲ့ရာ ၁ နာရီခွဲခန့်ကြာအပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီးနောက် သိမ်းပိုက်နိုင်ခဲ့ကာ M-14နင်းမိုင်း အလုံး၄၀၊ MG-1 ပလက်စတစ် လက်ပစ်ဗုံးအလုံး ၃၀ ၊MM-5 ရှေ့ထွက်မိုင်း အလုံး၅၀ နှင့် Anti Drone Gun တစ်လက်တို့သိမ်းဆည်းရမိခဲ့ကြောင်း KLG-PDFတပ်ဖွဲ့ထံက သိရသည်။
“အင်အား ၂၀ ရှိတဲ့ ယာယီစခန်းကို တိုက်တာ။ ၁၀ယောက်ထက်မနည်းသေတယ်။ ကျန်တဲ့စစ်သားတွေက ကျောက်မျက်တောင်အောက် ဆင်းထွက်ပြေးပြီး ဆားလင်းကြီးမြို့နယ်ထဲ ပြေးတာ။ စခန်းကို ခဏပဲ ထိန်းနိုင်လိုက်တယ်။ မီးမရှို့ခဲ့ရဘူး။ ၇ နာရီလောက်မှာ စစ်ကား ၂ စီးနဲ့ စစ်ကြောင်းထိုးလာလို့ ပြန်ဆုတ်လာရတယ်။ ကျနော်တို့ မိုင်းတွေနဲ့ Drone Gun တစ်လက် သိမ်းဆည်းနိုင်ခဲ့တယ်။ ကျနော်တို့ဘက်က တပ်ဖွဲ့ဝင်တစ်ဦး ကျသွားတယ်။ ဘယ်တပ်ဖွဲ့က ရဲဘော်လည်းဆိုတာ မသိရသေးပါဘူး”ဟု ကျောက်လုံးကြီး KLG တပ်မဟာ မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
တိုက်ခိုက်မှုအပြီးတွင် စစ်ကား ၂ စီးဖြင့် ဆားလင်းကြီးဘက်မှ တပ်ကူများရောက်ရှိလာပြီး ကျောက်မျက်ကြီးတောင်ပေါ်ရှိ ယာယီစစ်စခန်းကို စစ်ကောင်စီတပ်က ပြန်လည်တပ်စွဲထားကြောင်းသိရသည်။
အဆိုပါတိုက်ခိုက်မှုကို KLG-PDF နှင့်နဂါးညီနောင်အထူးတပ်ဖွဲ့(DBTF)၊ Alpha Special Force၊Triple Two Force၊ချင်းတွင်းဂဠုန်ရာဇာ၊ Yimarbin Local PDF၊B 21 PDF၊Double Kတပ်ခွဲ၊ ဗျတ္တညီနောင်၊ ရတနာပုံတပ်ဖွဲ့၊ ချင်းတွင်းတိုက်ဂါး(Force)၊ ချင်းတွင်းတိုက်ဂါး(LPDF)၊ ထန်းတပ်(LPDF)၊ ချိုမိုင်မိုင်၊ ဗိုလ်နှုတ်ခမ်းမွှေးနှင့် သူ၏ရဲဘော်များ၊ ဗိုလ်မုတ်ဆိတ်တပ်ခွဲ၊ Yinmarbin PDA၊Next Generation Hope၊ မြောက်ယမားတပ်ဖွဲ့နှင့် ယင်းမာပင်-ဆားလင်းကြီး-ကနီ မဟာမိတ်တပ်ပေါင်းစု တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
စစ်သားများသေဆုံးခြင်းနှင့်ပတ်သက်၍ MPA အနေနှင့် သီးခြားအတည်မပြုနိုင်သေးပေ။