ရန်ကုန်တိုင်း၊ စစ်ကြောရေးတာဝန်ခံ ဗိုလ်မှူးသန်းထွဋ်နှင့်အတူ အမြန်လမ်းမပေါ် PDF ကျည်ထိမှန် သေဆုံးခဲ့သူ၂ဦးမှာ ယူဂျီအယောင်ဆောင်ကာ စစ်တပ်ထံ သတင်းပို့နေသူများဖြစ်ကြောင်း သိရသည်။
ဇန်နဝါရီ ၂၂ ရက်၊ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်အချိန်ခန့်က ရန်ကုန်-မန္တလေး အမြန်လမ်းမ မိုင်တိုင်(၁၆၁)အနီးတွင် ရန်ကုန်တိုင်း စစ်ကြောရေးတာဝန်ခံ ဗိုလ်မှုးသန်းထွဋ် ၊ တပ်ကြပ်ကြီးမြင့်အောင်တို့နှင့်အတူ စစ်ကောင်စီသတင်းပေး အယောင်ဆောင် ၂ ဦး လိုက်ပါလာကြောင်း သတင်းရရှိ၍ PDF ထံ သတင်းပေးပို့ပြီး PDF များက ဖမ်းဆီးစဥ် ပြန်လည်ခုခံပစ်ခတ်သဖြင့် ဝိုင်းဝန်းပစ်ခတ်ဖမ်းဆီးခဲ့ ရာ ၄ ဦး စလုံး သေဆုံးကြောင်း Bago Region PDF ကယနေ့ထုတ်ပြန်ထားသည်။
ဗိုလ်မှူးသန်းထွဋ် နှင့်အတူ လိုက်ပါလာသော ၂ ဦး သည် ယခင်က မြို့ပြပြောက်ကျား UG အဖွဲ့တစ်ခုက ဖြစ်ပြီး စစ်တပ်၏ ဖမ်းဆီးခြင်းကို ခံရပြီးနောက် စစ်ကောင်စီ လက်အောက်တွင် ပြန်လည်အလုပ်လုပ်၍ တော်လှန်ရေးအဖွဲ့အစည်းများ သတင်းကို ထောက်လှမ်းရယူနေသူများ ဖြစ်ကြောင်းသိရသည်။
“၂၀၂၂၊ ၅ လ ပိုင်း ကတည်းက ကျနော်တို့ UG အင်အားစုတွေထဲကို ရန်သူစိမ့်ဝင်တာတွေရှိတယ်။ ကျနော်တို့လည်း သိတယ်။ ဒီလိုစိမ့်ဝင်လာနေတာကိုသိပေမဲ့ သူတို့ဆီက လိုချင်တဲ့ အချက်အလက်တွေကို ကျနော်တို့ကလည်း တဖန်ပြန်ရယူချင်လို့ပါ။ ခုချိန်မှာဆိုရင် ဒီနေ့လိုမျိုး လိုချင်တဲ့သတင်းအချက်အလက်ကို ရရယူပြီးပြီး ဖြစ်တဲ့အတွက် တိတိကျကျပဲ လုပ်ဆောင်လိုက်ခြင်းဖြစ်ပါတယ်” ဟု Yangon UG Association (YUA)မှ တာဝန်ခံ ဆရာကျောင်း ကပြောသည်။
ဗိုလ်မှူးသန်းထွဋ်၊ တပ်ကြပ်ကြီးမြင့်အောင်တို့နှင့်အတူ လိုက်ပါလာသူ သတင်းပေး ၂ ဦး မှာ အမျိုးသားတစ်ဦးနှင့်အမျိုးသမီးတစ်ဦးတို့ဖြစ်ပြီး ၎င်းတို့ ယခင်က တော်လှန်ရေးလုပ်ဆောင်ခဲ့သည်များအား ငဲ့ညှာသည့်အနေနှင့် အမည်ကို ထုတ်ဖော်မပြောခြင်းဖြစ်ကြောင်း ဆရာကျောင်းကဆိုသည်။
“သူတို့ ၂ယောက်ဟာ စစ်ကောင်စီ ရဲ့ ဖမ်းဆီးခြင်းကိုခံရပြီး Under Control လုပ်ခံရပြီး ကျနော်တို့အပေါ်ပြန်ပြီးထောက်လှမ်းတယ်။ ဒီအတွက်ကြောင့်လည်း ကျနော်တို့ ပစ်ခတ်ရှင်းလင်းခြင်းမလုပ်ပါဘူး။ သူတို့ကြောင့် ဆုံးရှုံးနစ်နာမှုတွေရှိတယ်။ သူတို့ဘာတွေလုပ်ထားတယ်ဆိုတာသိဖို့ စခန်းကိုခေါ်ဆောင်ပေမဲ့လည်း သူတို့က ပြန်လည်ရန်မူပြီး ထွက်ပြေးဖို့ကြိုးစားခဲ့တာကြောင့် ပစ်ခတ်ရှင်းလင်းလိုက်ရပါတယ်”ဟု ၎င်းကဆက်လက်ပြောသည်။
YUA အဖွဲ့အတွင်း စစ်ကောင်စီ သတင်းပေးများ စိမ့်ဝင်မှုရှိနေသည်ကို သိရှိသော်လည်း ၎င်းတို့ထံမှ စစ်တပ်၏ သတင်းအချက်အလက်များကို သိရှိစေရန် အဖွဲ့အတွင်း ဆက်လက်ထားရှိပြီး ခိုင်လုံသော သတင်းအချက်အလက်ရသည်နှင့် တစ်ပြိုင်နက်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဆရာကျောင်းကပြောသည်။
YUAအဖွဲ့အတွင်း စစ်ကောင်စီသတင်းပေးများကို စိစစ်ပြီးစီးခဲ့ပြီး ၉၉ ရာခိုင်နှုန်း ကင်းရှင်းသွားပြီဖြစ်ကြောင်း သိရသည်။