ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်အတွင်း နယ်မြေကျူးကျော်လာသည့် စစ်တပ်ကို Northern Thandaung Defence Force(Special Region)(NTDF)က တိုက်ခိုက်ခဲ့ရာ စစ်သား ၇ဦး သေကာ ၈ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။
ဇန်နဝါရီလ ၂၁ ရက်နေ့၊ မွန်းလွဲ ၁နာရီခန့်က ရေနီလေ့ကျင့်ရေး(၅) တပ်နှင့် နေပြည်တော်တပ်ပေါင်းစုတို့မှ စစ်ကောင်စီတပ်သားများသည် ရေတာရှည်မြို့နယ်၊ ကံလှကျေးရွာ နှင့် ဗောဒိကုန်း ကျေးရွာကြားရှိ အရေပြားကုန်း သို့ စစ်ကြောင်းထိုးလာခဲ့သဖြင့် NTDF တပ်ဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း NTDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်သည် တိုက်ခိုက်ခံရပြီးနောက် ၎င်းတို့ ယာယီတပ်စွဲထားသည့် အရေပြားကုန်းမှ ပြန်လည်ဆုတ်ခွာသွားကြောင်းနှင့် NTDFတပ်ဖွဲ့က ထိခိုက်ဒဏ်ရာရရှိသူ မရှိခဲ့ကြောင်း သိရသည်။
အရေပြားကုန်းတွင် စစ်ကောင်စီတပ်သားများ ယနေ့တပ်စွဲထားခြင်း ရှိ/မရှိ၊ အရေပြားကုန်းတိုက်ပွဲအတွင်း စစ်ကောင်စီ တပ်သားအင်အားနှင့် လက်နက်သိမ်းဆည်းရရှိမှု ရှိ/မရှိ NTDF တပ်ဖွဲ့အား မေးမြန်းရာ ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပေ။
“ ဟုတ်ကဲ့ အဲ့ကိစ္စတွေနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ တာဝန်ခံကပဲ ဖြေကြားပေးပါလိမ့်မယ်” ဟု ၎င်းက ပြောသည်။
အရေပြားကုန်းတိုက်ပွဲတွင် စစ်သားများ သေဆုံးဒဏ်ရာရခြင်းနှင့် ပတ်သက်ပြီး MPA က သီးခြားအတည်မပြုနိုင်သေးပေ။
NTDF ၏ ထိန်းချုပ်နယ်မြေဖြစ်သည့် စစ်တောင်းမြစ် အရှေ့ဘက်ခြမ်းတွင် စစ်ကောင်စီတပ်များနှင့် အချိန်မရွေး ထိတွေ့တိုက်ပွဲများဖြစ်နိုင်သောကြောင့် ဒေသခံများအနေဖြင့် စစ်သားများနှင့် နီးကပ်စွာမနေရန် ပူးပေါင်းခြင်းမပြုရန် မေတ္တာရပ်ခံထားသည်။