ချင်းပြည်နယ်၊မင်းတပ်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ပြီးနောက် အင်တာနက်နှင့် ဖုန်းလိုင်းဖြတ်တောက်ကာ သတင်းအမှောင်ချထားကြောင်းသိရသည်။
“ ဖုန်းလိုင်းတွေလုံးဝမမိဘူး။ အင်တာနက်လိုင်းရောပဲ။ စစ်ကောင်စီဘက်က ဖြတ်ထားတာ။ အဲ့ဒါ၂၀ရက်နေ့ညကတည်းက အခုထိပဲ။သူတို့ဗုံးကြဲပြီးကတည်းက ဖြတ်ထားတာ” ဟု မင်းတပ်မြို့နယ်၊ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရ ဆလိုင်းယောမာန် ကပြောသည်။
စစ်ကောင်စီတပ်က မင်းတပ်မြို့နယ်၊စွန်တောင်ကျေးရွာအနီးရှိ လူနေအိမ် များကို ဇန်နဝါရီ ၂၁ရက်နေ့ည ၁၁နာရီမိနစ် ၅၀ခန့်က တိုက်ပွဲဖြစ်ပွားခြင်းအလျဉ်းမရှိဘဲ တိုက်လေယာဉ်ဖြင့် ဗုံး၂လုံးကြဲခဲ့ရာ ကျား၁ဦး၊မ ၁ဦး ဗုံးဆန်ထိမှန်ဒဏ်ရာရ(မစိုးရိမ်)ရခဲ့ပြီး နေအိမ်၆လုံးခန့်ပျက်စီးခဲ့ကြောင်း ၎င်းကပြောသည်။
“ ကံကောင်းတယ်ပဲပြောရမယ်သေဆုံးသူမရှိဘူး။ ဗုံးစထိသူနည်းနည်းပဲရှိတယ်။ သူတို့ထင်သလိုမဖြစ်ဘူးပေါ့။တိုက်လေယာဉ်နဲ့ဗုံးကြဲပြီးတော့ လိုင်းဖြတ်ထားတာအခုထိပဲ” ဟု ဆလိုင်းယောမာန်က ဆိုသည်။
ဇန်နဝါရီလ ၂၂ရက်၊မနက် ၁၁ နာရီ ဝန်းကျင်တွင် မင်းတပ်မြို့ပေါ်ရှိ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် တိုက်နယ်ဆေးရုံတည်ရှိရာ ဝမ္မသူးကျေးရွာအတွင်းသို့ ၅ချက် ပစ်ခတ်ခဲ့သေးသည်။
“ သူတို့က ၁၅မိနစ်ခြား ထုလိုက် ၁၀မိနစ်ခြားတစ်ခါထုလိုက်နဲ့ပစ်တာပေါ့။ရမ်းသန်းပစ်တာတော့မဟုတ်ဘူး။သူတို့လေယာဉ်နဲ့ဗုံးကြဲလို့ ထိခိုက်တဲ့သူများတယ်ထင်ပြီး ဆေးရုံရှိတဲ့ ဝမ္မသူးရွာကိုပစ်တာ။ဒေသခံတွေရော ကျွန်တော်တို့ရောပြေးနေရပြီ။အိမ်အလုံးလိုက်ပျက်စီးသွားတာမရှိပေမယ့် အမိုးလန်တာတို့ မှန်တွေကွဲတာတို့ရှိတယ်။
လိုင်းမရအောင် ဖုန်းဆက်မရအောင်လည်း လုပ်ထားသေးတယ်။အခုတောင်ကျွန်တော်တို့ မင်းတပ်မြို့တစ်နေရာက နေရာတစ်ခုကို ရအောင်သွားပြီး ပြည်သူတွေသိအောင် လှမ်းပြောပြတာပါ။အဲ့နေရာတစ်ခုကတော့ လိုင်းနည်းနည်းမိတယ်” ဟု ဆလိုင်းယောမာန် ကဆက်လက်သည်။
စစ်ကောင်စီတပ်ကို ချင်းပြည်နယ်အခြေစိုက် CDFတပ်ဖွဲ့များက အလျဉ်းသင့်သလို လက်တုံ့ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။