မန္တလေးတိုင်း၊နွားထိုးကြီးမြို့နယ်အတွင်း ကင်းလှည့်နေသောစစ်သားများ တိုက်ခိုက်ခံရပြီးနောက် နောက်ထပ်၂ကြိမ် မိုင်းဆွဲခဲ့ရာ ၁ဦးသေပြီးသေနတ်၁လက်သိမ်းဆည်းမိခဲ့ကြောင်းသိရသည်။
ဇန်နဝါရီ ၂၀ ရက် နံနက် ၁၁ နာရီခွဲအချိန့်ခန့်က နွားထိုးကြီးမြို့နယ်၊ဝက်လူးရဲစခန်းမှ စစ်သား၁၅ဦးခန့် ကင်းလှည့်ထွက်လာစဥ် ဗဟက်တောရွာအနီး၌ နွားထိုးကြီးPDFက သတင်းအရ အလစ် အငိုက်စောင့်ဆိုင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး MA3 သေနတ် ၁လက်နှင့်ကျည်ဆန် ၁၉ တောင့် သိမ်းဆည်းရမိခဲ့ ကြောင်း Natogyi People Defense Force(NPDF) မြင်းခြံခရိုင်၊အမှတ် ၄ ၂တပ်ရင်းထံက သိရသည်။
သေဆုံးသွားသူမှာ မိတ္ထီလာလေတပ်က တပ်ကြပ်ကြီးဖြစ်ပြီး ကား၄စီးဖြင့် အလောင်းလာကောက်သွားကြောင်း NPDF ကဆိုသော်လည်း တပ်ကြပ်ကြီးသေဆုံးမှုကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်သေးပေ။
“သေသွားတဲ့ တပ်ကြပ်ကြီး အလောင်းလာကောက်တယ်။ကား ၄ စီးနဲ့။ အလောင်းကို ဘယ်ကိုပို့လည်းတော့မသိဘူး။မိထ္ထီလာလေတပ်ကိုပို့တယ်လို့လည်း ကြားတယ်။နောက်ထပ် စစ်ကူရောက်လာတာ အဲ့ကောင်တွေက ကျနော်တို့ မိုင်းကွင်း ကိုရောက်နေတာမို့ မိုင်းဆွဲခံလိုက်ရတယ်။ဒီကောင်တွေပြန်ပြေးတယ်၊ ညနေပိုင်း ထပ်လာတယ်။ကျနော်တို့က ဒီကောင်တွေလာနိုင်ခြေရှိတဲ့ လမ်းတွေကို ကြိုတင်မိုင်းထောင်ထားတော့ ထပ်မိုင်းဆွဲခံရတယ်။ဒေသခံတွေပြောတာကတော့ ဒီကောင်တွေ အတော်များများသေတယ်လို့တော့ကြားတယ် ။ဒါပေမဲ့ ကျွန်တော် အတိအကျပြောနိုင်တာကတော့ ၁ ယောက်ပါပဲ”ဟု NPDF ခေါင်းဆောင်တစ်ဦးက ဆိုသည်။
ဇန်နဝါရီ၂၀ရက်နေ့၊မွန်းလွဲ ၁ နာရီတွင် စစ်ကူလာသော စစ်သားများသည် NPDF၏ မိုင်းကွင်းအတွင်းရောက်ရှိနေခြင်းကြောင့် မိုင်းဆွဲတိုက်ခိုက်ခဲ့သလို ညနေ ၄ နာရီအချိန်တွင်လည်း စစ်ကူ ထပ်မံ ရောက်ရှိလာခြင်းကြောင့် ထပ်မံ၍ မိုင်းဆွဲတိုက်ခိုက်ခဲ့သေးသည်။
ဇန်နဝါရီ ၁၈ ရက်နေ့ ကလည်း နွားထိုးကြီးမြို့နယ် ထန်းခွရွာ လမ်းခွဲ စစ်ဆေးရေးဂိတ်ကို NPDF က ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့သေးသည်။