ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့အခြေစိုက် ခလရ ၃၆ ခြေလျင်တပ်ရင်းက နောက်တန်းမှူး ဗိုလ်မှူးစိုးထက်အောင်သည် ဧပြီ ၂၅ ရက်၊ ည ၇ နာရီတွင်တပ်မှ ထွက်ပြေးသွားသဖြင့် စစ်တပ်က လိုက်လံရှာဖွေလျက်ရှိကြောင်း တပ်တွင်းသတင်းအရင်းအမြစ်ထံမှ သိရသည်။
“အထက်ကတော့လိုက်ရှာပြီးဖမ်းဖို့ ပြောလို့လိုက်ရှာနေတယ်၊ အခုထိတော့ ပြန်မမိသေးဘူး” ဟု ၎င်းက MPA ကိုပြောသည်။
အဆိုပါ ခလရ ၃၆ ခြေလျင်တပ်ရင်းမှ စစ်သားများကို ရခိုင်ရှေ့တန်းစစ်မျက်နှာသို့ စစ်ကူစေလွှတ်မှုများရှိနေပြီး အကျအဆုံးများနေသဖြင့် စစ်ကူထပ်မံစေလွှတ်ရန် ညွှန်ကြားချိန်တွင် နောက်တန်းမှူး ဗိုလ်မှူးစိုးထက်အောင်မှာ ထွက်ပြေးသွားခြင်းဖြစ်ကြောင်း ယင်းတပ်ရင်းအနီးနေထိုင်သည့် ဒေသခံတစ်ဦးက ဆိုသည်။
“ကျုံပျော်နောက်တန်းမှူးထွက်ပြေးသွားတာကြားရတယ်၊ သူတို့တပ်က ရခိုင်ကို စစ်ကူပေးတော့ အကျအဆုံးအရမ်းများနေတာကိုလဲသိတယ်၊ အခုလဲထပ်တောင်းတော့ သူလဲထွက်ပြေးသွားတာထင်တယ်၊ သူလဲသေမှာကြောက်လို့နေမှပေါ့၊ အခု သူ့တပ်က သူ့ကိုလည်းလိုက်ရှာနေကြတယ်” ဟု ၎င်းကရှင်းပြသည်။
ရခိုင်ပြည်နယ်အတွင်း စစ်တပ်နှင့် အာရက္ခတပ်တော်(AA)တို့ဖြစ်ပွားနေသည့် တိုက်ပွဲများသို့ ဧရာဝတီတိုင်းအတွင်းရှိ စစ်တပ်များမှ စစ်ကူများပေးပို့နေရပြီး တိုက်ပွဲအတွင်း အကျအဆုံးများနေသဖြင့် စစ်ကူထပ်မံစေလွှတ်နိုင်ရန် ကျေးရွာများသို့ဆင်းရာ အင်အားစုဆောင်းမှုများရှိနေကြောင်း ဒေသခံများက ပြောသည်။