ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆင်ဘိုမြို့တွင် နောက်ဆုံးကျန်ရှိနေသည့် စစ်ကောင်စီတပ်စခန်းကို ဧပြီ ၂၈ ရက်၊ ညနေ ၆ နာရီတွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း KIA သတင်းရင်းမြစ်များထံမှ သိရသည်။
အဆိုပါတပ်စခန်းမှာ စစ်ကောင်စီ၏ ခလရ ၁၄၁ တပ်စခန်းဖြစ်ပြီး KIA၊ KPDF ပူးပေါင်းတပ်ဖွဲ့များက ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၀ ရက်မှ စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“ ဖေဖော်ဝါရီ ၁၀ရက်နေ့က စတိုက်တာဟုတ်တယ်။စစ်ရေးအရ ခဏနားပြီးမှ ပြန်တိုက်တာပေါ့။ကာကင်းတွေကို အရင်ဖြိုပြီးမှ သိမ်းတာပါ” KIA နှင့် နီးစပ်သူတစ်ဦးက MPA ကိုပြောသည်။
ပြီးခဲ့သည့် ဧပြီ ၂၆ ရက်တွင် ခလရ ၁၄၁ ၏ ကာကင်းတစ်ခုကို သိမ်းပိုက်ထားနိုင်ခဲ့ပြီး ဧပြီ ၂၇ ရက်တွင် နောက်ထပ်ကာကင်းတစ်ခုကို ထပ်မံသိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။
“ ကာကင်းတွေကို သိမ်းနိုင်ခဲ့ပြီး အခုမှ စခန်းကို ဝင်သိမ်းလိုက်နိုင်တာ” ဟု KIA သတင်းရင်းမြစ်က အတည်ပြုသည်။
စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က Y-12၊ ဂျက်ဖိုက်တာများအသုံးပြုကာ အဆက်မပြတ် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။
“ လေကြောင်းအရမ်းသုံးတယ် သူတို့။ အဆက်မပြတ်ကို ဗုံးလာကြဲတာ။ နောက်ဆုံး ကျန်နေတဲ့စခန်းဆိုတော့ အပြင်းအထန် ခုခံနေကြတာ” ဟု ဆင်ဘိုမြို့တွင်နေထိုင်သည့် ဒေသခံအမျိုးသားတစ်ဦးက ရှင်းပြသည်။
လက်ရှိ ဆင်ဘိုမြို့တွင် ဖုန်းလိုင်းများပြတ်တောက်လျက်ရှိပြီး စစ်ကောင်စီဘက်က လေယာဥ်ဖြင့် ထပ်မံ ဗုံးကြဲတိုက်ခိုက်မည်ကို ဒေသခံများက စိုးရိမ်လျက်ရှိသည်။
ပြီးခဲ့သည့် ဧပြီ ၂၅ ရက်၊ညနေ ၄ နာရီအချိန်တွင် စစ်ကောင်စီက ဆင်ဘိုမြို့၊ မြင်သာကျေးရွာနှင့်ဆင်ဘိုမြို့အတွင်းသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တိုက်လေယာဥ်ဖြင့် ဆက်တိုက်ဗုံးကြဲခဲ့ခြင်းကြောင့် အရပ်သားပြည်သူတစ်ဦးသေဆုံးပြီး ဒဏ်ရာရရှိသူများလည်းရှိကြောင်း ဒေသခံများက ဆိုသည်။
ဆင်ဘိုမြို့သည် ယခင်က မြစ်ကြီးနားမြို့နယ်အတွင်းက ကျေးရွာတစ်ရွာဖြစ်ပြီး ၂၀၀၂ ခုနှစ်တွင် မြို့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။