အိန္ဒိယ-မြန်မာနယ်စပ်ရှိ ချင်းအမျိုးသားတပ်ဦးCNF/CNAဌာနချုပ်သို့ နှစ်ရက်ဆက်တိုက် ဗုံးကြဲခဲ့သည့် စစ်ကောင်စီတပ် တိုက်လေယာဉ်များထပ်မံလာရောက်နေကြောင်း CNFတပ်အသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးကပြောသည်။
“ တိုက်လေယဉ်တွေက မနေ့က ၁၂ ရက်မှာလည်း လာသွားပေမယ့် ပစ်ခတ်တာမရှိခဲ့ဘူး။နောက်နေ့တွေလည်းလာဖို့ရှိတယ်လို့ သတင်းရထားပါတယ်” ဟု CNFတပ်အသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၁၀ရက်နေ့နှင့် ၁၁ရက်နေ့ ညနေပိုင်းတို့တွင် စစ်ကောင်စီတပ်က တိုက်လေယာဉ်များဖြင့် ချင်းအမျိုးသားတပ်ဦးCNF/CNAဌာနချုပ်သို့ နှစ်ရက်ဆက်တိုက် ဗုံးကြဲခဲ့သည်။
“ နိုဝင်ဘာလက ၆ ရက်နေ့ကပစ်မယ်လို့ကြားခဲ့တယ်။ မဖြစ်ခဲ့ဘူး။ဌာနချုပ်ကိုပစ်တာ ဒါပထမဆုံးအကြိမ်ပါ” ဟု၎င်းကပြောသည်။
ဇန်နဝါရီ၁၀ရက်နေ့၊ညနေ၄နာရီခွဲခန့်က ချင်းအမျိုးသားတပ်ဦးCNF/CNAဌာနချုပ်သို့ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်သဖြင့် ချင်းအမျိုးသားတပ်ဖွဲ့ဝင် တော်လှန်ရေးရဲမေ ၂ဦးနှင့် ရဲဘော် ၃ဦးကျဆုံးကာ ဒဏ်ရာရရှိသူများရှိခဲ့ပြီး ထပ်မံကျဆုံးမှုမရှိခဲ့ကြောင်း MPAက စုံစမ်းသိရသည်။
စစ်ကောင်စီတပ်၏လေကြောင်းတိုက်ခိုက်ခြင်းခံရမှုသည် စစ်ကောင်စီကို အမြစ်ပြတ်ချေမှုန်းလိုသည့် ချင်းလူမျိုးတို့၏နာကြည်းမှုနှင့် သံန္နိဌာန်ကို ပိုမိုအားသစ်လောင်းပေးရာရောက်ကြောင်း ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံ ကောင်စီက ထုတ်ပြန်ခဲ့သည်။
ထို့ပြင် ချင်းပြည်သူနှင့် ချင်းတော်လှန်ရေးအင်အားစုအသီးသီးအနေနှင့် ဘုံပန်းတိုင်ရောက်သည်အထိ စည်းလုံးညီညွတ်စွာ အချင်းချင်းလက် တွဲ မဖြုတ်စတမ်း ရရာနည်းလမ်းမျိုးစုံဖြင့် အစွမ်းကုန်ကြိုးစားသွားကြရန်လည်း ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံ ကောင်စီက တိုက်တွန်းထားသည်။