မန္တလေးမြို့၊မဟာအောင်မြေမြို့နယ်သိပ္ပံလမ်းပေါ်ရှိကုန်းလမ်းပို့ဆောင်ရေးဦးစီးဌာနတွင် စက်တင်ဘာ၂၇ ရက်နေ့ နံနက်၁၀နာရီကျော်တွင်ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး က.ည.နရုံးသို့လာရောက်သည့် လူ( ၈ )ဦးဒဏ်ရာရှိသွားကြောင်းမန္တလေးမြို့ခံများထံမှသိရသည်။
ပေါက်ကွဲမှုဖြစ်သည့်အချိန်တွင် လိုင်စင်သက်တမ်းတိုးမည့်သူများနှင့် ပွဲစားများအပြားရှိနေသည့်အချိန်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီးဒဏ်ရာရရှိသူ(၈) ဦး ကိုမန္တလေးဆေးရုံကြီးသို့ ပို့ဆောင်ပေးလိုက်ကြောင်းမြို့ခံလူမှုကယ်ဆယ်ရေးအသင်းကဆိုသည်။
“ထိတာကခြေထောက်နဲ့အောက်ပိုင်းတွေပဲထိကြတယ်။ စိုးရိမ်စရာတော့မရှိဘူး။ အကုန်လုံးကိုတော့မန္တလေးဆေးရုံကြီးကိုပို့လိုက်ရပါတယ်” ဟု လူမှုကယ်ဆယ်ရေးအသင်းကဆိုပါသည်။
လက်ရှိအချိန်တွင် က.ည.နရုံးရှေ့တွင် လာရောက်တန်းစီသူများမရှိတော့ဘဲရှင်းလင်းလျက်ရှိနေသည်။မန္တလေးက.ည.နရုံးတွင်ယခုတစ်ကြိမ်ဖြစ်ပွားခဲ့သောပေါက်ကွဲမှုအပါအဝင်အနည်းဆုံး၅ကြိမ်ဖြစ်ပွားခဲ့ကြောင်းဒေသခံအချို့ထံမှသိရသည်။