လှိုင်သာယာမြို့နယ်ရှိ နေရာနှစ်ခုတွင် လှိုင်သာယာမြို့နယ် ပြည်သူကာကွယ်ရေး နှင့် လုံခြုံရေးအဖွဲ့( H.T.Y Region Defense Force_ HRDF)က အကြမ်းဖက်စစ်တပ်အဖွဲ့ဝင်များကို ခြောက်လှန့်သည့်အနေဖြင့် နေရာနှစ်ခုတွင် ဖောက်ခွဲမှုများ ပြုလုပ်ခဲ့သည်။
စက်တင်ဘာလ၁၃ရက်နေ့ ညနေပိုင်းတွင် လှိုင်သာယာမြို့နယ် ညောင်တုန်းလမ်းမပေါ်ရှိ ရဲစခန်းအနီးတဝိုက်အပါအဝင် နေရာနှစ်ခုတွင် ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။
“ ခြောက်လှန့်ရုံပဲလုပ်ခဲ့တာပါ။ ထိခိုက်အောင်မလုပ်ခဲ့ပါဘူး။ သူတို့ဘက်ကကျတာမျိုးတော့မရှိပါဘူး” ဟု ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ ( H.T.Y Region Defense Force_ HRDF) က MPAသို့ပြောသည်။
စက်တင်ဘာလ၁၀ရက်နေ့သည် လှိုင်သာယာမြို့နယ်ကို အကြမ်းဖက်စစ်တပ်က ဖက်ဆစ်ဆန်ဆန်ဖြိုခွင်းခဲ့ပြီး လူနှစ်ရာကျော်သေဆုံးသည်အထိ ဖြစ်ပွားခဲ့ရသော ၆လပြည့်သည့်နေ့ဖြစ်သဖြင့် တနည်းနည်းဖြင့် လက်တုံ့ပြန်သွားမည်ဖြစ်ကြောင်း သတိပေးသည့်အနေဖြင့်ခြောက်လှန့်ခဲ့ကြခြင်းဖြစ်သည်ဟု သိရသည်။
ပြီးခဲ့သည့် မတ်လ၁၀ရက်နေ့က အကြမ်းဖက်စစ်တပ်သည် လှိုင်သာယာမြို့နယ်ရှိ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြသော ပြည်သူများကို ပစ်ခတ်ခဲ့သည့်အတွက် လူပေါင်း၂၀၀ကျော် သေဆုံးခဲ့ရကာ လူအများအပြား လှိုင်သာယာမြ်ို့နယ်မှ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။
အကြမ်းဖက်စစ်တပ်သည်ဖေဖော်ဝါရီလ၁ရက်နေ့ အာဏာသိမ်းမှု ကျူးလွန်ပြီးချိန်မှစ၍ ယနေ့အချိန်အထိ လူပေါင်း၁၀၈၀ကျော်ကို သတ်ဖြတ်ထားပြီး အပြစ်မဲ့ပြည်သူ ၈၀၀၀ကျော်ကို အကျဉ်းထောင်အသီးသီးတွင် ဖမ်းဆီးထားကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ထုတ်ပြန်ထားသည်။
Photo – MPA ( လှိုင်သာယာတွင် အကြမ်းဖက်စစ်တပ် စတင်ဖြိုခွင်းသည့်နေ့တွင်ရိုက်ကူးထားသည့်သတင်းပုံဖြစ်သည်)